Friday, July 19, 2013

(၆၆)နှစ်မြောက် အာဇာနည်နေ့ နှင့် ကျွန်တော်


July 19, 2013 at 8:22am
ကျွန်တော်ဒီနေ့ အာဇာနည်ကုန်းကိုမသွားနိုင်လို့ တ.က.သ က ဦးဆောင်ဥသြဆွဲမယ်ဆိုတဲ့ နေရာတွေထဲက                လှည်းတန်းလမ်းဆုံ ကိုသွားခဲ့တယ်... ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအတွက် (၆၆)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့ ဆောင်းပါးတွေကိုဖတ်ချင်တာနဲ့ လမ်းဘေး ဂျာနယ်ဆိုင်က သံတော်ဆင့် အပတ်စဉ်ဂျာနယ်နဲ့ ၊ Daily Eleven နေ့စဉ်သတင်းစာကို ၀ယ်ပြီးအထွက် ခေါင်းကြီးသတင်းတွေကို လမ်းသွားရင်း ဖတ်နေတုန်း ကြားရတဲ့ အသံတစ်ခုကြောင့် တော်တော်စိတ်မကောင်းဖြစ်သွားတယ်.. ကျွန်တော်နဲ့ မျက်နှာချင်ဆိုင်က လာနေတဲ့ ဆယ်ကျော်သက် အတွဲမှ ကောင်လေးဆီက ထွက်လာတဲ့အသံ.... သူ့ကောင်မလေးကို မေးလိုက်တာက  " အာဇာနည်နေ့ ဘယ်နေ့လဲ" တဲ့ ခေါင်းထောင်ကြည့်လိုက်တော့ ကျွန်တော့်ကို ကျော်သွားပါပြီ ကိုယ်များ နားကြားလွဲတာလားပေါ့ ရပ်ပြီးတွေဝေနေတုန်း နောက်ထပ် ဘေးနားမှာ ရပ်နေတဲ့ အခြား လူငယ်အတွဲဆီက ပြစ်တင်ပြောလိုက်ပုံက  " ဒီနေ့ အာဇာနည်နေ့မှန်းတောင်မသိတာ ဘယ်လိုကောင်လဲ" ဆိုပြီး သူတို့ချင်းပြောနေတာကြားမိတယ် အဲဒီအချိန်ဝင်လာတဲ့ အတွေးတစ်ခုက ၁၈ နှစ်ကျော် နှစ် ၂၀ နီးပါးလောက် မသာမာတဲ့လူတစ်စုရဲ့ သမိုင်းအမှန်ကို ဖုံးကွယ်ထားတဲ့ ရလဒ်က ဒီနေ့ခေတ်လူငယ်တွေ အတွင်းမှာ တကယ်ပဲထိရောက်နေပြီလားပေါ့...... အခုနက ကောင်းလေး တကယ်ပဲ အာဇာနည်နေ့ ကိုမသိတာလား ၊ အခြား ကိစ္စတွေကြောင့် သတိမထားမိတာလားဆိုတာကိုတော့ အပြစ်မတင်ချင်ပေမယ့် ကျရှုံးသွားခဲ့တဲ့ တိုင်းပြည်အတွက် အသက်ပေးခဲ့တဲ့ အာဇာနည် (၉)ဦးရဲ့ အမည်တွေကို မမှတ်မိရင်ထားအုံး အနည်းဆုံးတော့ မေလှမြိုင်သီချင်းထဲက"အာဇာနည်နေ့ ကိုတော့ မမေ့အပ်ပါပေ"ဆိုတဲ့ စာသားအတိုင်း ဇူလိုင်(၁၉)ရောက်ရင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းပြည်အတွက် အသက်ကိုစတေးသွားတဲ့ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုတဲ့ နေ့တစ်နေ့ဆိုတာကိုတော့ လေ့လာထားသင့်တယ်လို့မြင်မိပါတယ်။ ရှေ့ဆက်သွားလိုက်တော့ အသက် (၂၀)ပတ်ဝန်းကျင်သာရှိကြသေးတဲ့ တ.က.သ က လူငယ်လေးတွေက  ပျောက်ကွယ်နေသော အစဉ်အလာ ကောင်းတစ်ရပ်ကို ပြန်လည်ဖော်ထုတ်လိုခြင်း၊ မမေ့သင့်သော အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ကျေးဇူးကို အောက်မေ့သတိရ ဂုဏ်ပြုလိုခြင်း၊ ဥသြဆွဲ ဂုဏ်ပြုတဲ့ အစဉ်အလာ ပြန်လည်ဖြစ်ပေါ်လာစေခြင်း တို့အတွက် အစိုးရက ဦဆောင်မှု မပေးတာကို အသာထားလို့ ကိုယ်ထူကိုယ်ထ အစီစဉ်နဲ့ ပြည်သူနဲ့ ပူပေါင်းပြီး ဥသြဆွဲ ဂုဏ်ပြုနိုင်ရန် လက်ကမ်းစာဆောင်တွေ အားတက်သရော ပေးဝေနေတာတွေ့တော့လဲ... လူငယ်ချင်းတူပေမယ့် တန်ဖိုးထားမှု ကွာခြားပုံ မြင်ရတော့ ခံစားတတ်လွယ်တဲ့ ကျွန်တော့်မှာ ၀မ်းနည်းဝမ်းသာ ဖြစ်မိသွားပြန်ရော ။ နာရီကြည့်လိုက်တော့ လိုသေးတာနဲ့ ဘေးနားက အုတ်ခုံလေးပေါ်ထိုင်ပြီး ဂျာနယ်ဖတ်နေတုန်း သတင်းထောက်တွေလား ၊ စရဖ က လူတွေလားတော့ မသိဘူး ဟိုဘက်ဒီဘက် သတင်းပေးပို့နေကြတာ ပွက်လောကို ရိုက်သွားတာပဲ။ မျက်စိထဲမှာ တစ်ခုခု ထူးခြားနေပါတယ်လို့ သတိထားမိကာမှ အလာ..လာ.. လမ်းလယ်ကောင်မှာ ယဉ်ထိန်းရဲမဟုတ်ဘဲ အင်္ကျီအဖြူ ၊ ဘောင်းဘီအပြာဝတ်ထားပြီး လမ်ပတ်အနီကြီးတွေနဲ့ ခရာတတွတ်တွတ် မှုတ်နေတဲ့ လူ ၄ ၊ ၅ ယောက် အော် အော်... လည်းတန်းလမ်းစုံကြီး ကားရှင်းနေတာ သူတို့ကြောင့်ကို.... စည်းကမ်းရှိနေလိုက်ကြတာ တစ်ခါတစ်ခါ မျဉ်းကြားက မကူးဘဲ အခါတိုင်းလို လမ်းဖြတ်ကူးတဲ့ သူတွေ တွေ့ရင် ဟေ့.. ဘာလုပ်တာလဲ စည်းကမ်းကို မရှိဘူး မျဉ်းကြားကူးလေ ဘာညာနဲ့  လှမ်းဟောက်လိုက်သေး... အခါတိုင်းတော့မတွေ့ပါ ဒီနေ့ကြမှ ထူးခြားတဲ့စီမံချက်  လူစုစု နဲ့ ဆိုတော့ လမ်းရှုပ်သွားမှာစိုးလို့ပဲလား  သို့မဟုတ် အခြား အထက်... အထက် တွေရဲ့ညွှန်ကြားချက်ကြောင့်လားတော့မသိဘူး တာဝန်တွေကျေပွန်နေလိုက်ကြတာ ကားကိုအရှုပ်မခံဘူး( ကားဟွန်းတီး ဥသြဆွဲမယ်ဆိုတာကို ကြားထားလို့ ထင်ပါရဲ့) ၁၀ နာရီ ၃၇ မီးနစ်ကိုရောက်တော့ တကယ်ပါပဲ  တ.က.သ တွေက ပါလာတဲ့ အသံချဲ့စက်ကလေးနဲ့ ဥသြဆွဲပြီး  ပြည်သူတွေ နှင့်အတူ (၁)မီးနစ်ခန့်အလေးပြုကြသလို ဖြတ်သွားတဲ့ ၄၈ အထူး၊ ၁၇၄ တို့ ၄၅ အစရှိသဖြင့် လိုင်းကားတွေနဲ့ Taxi ၊ ကိုယ်ပိုင်ကားလေးတွေ ပါမကျန် တာဝန်ကျေပွန်စွာ ဟွန်းတီးဂုဏ်ပြုကြတာကို မြင်တော့ ၀မ်းသာပီတိ ဖြစ်လိုက်ခြင်း၊ ကိုယ့်လိုပဲ သတင်းကြားလို့ လာစောင့်ပြီး ဂုဏ်ပြုတဲ့ သူတွေကလဲ အများသားဆိုတော့ စဉ်းစားမိလိုက်တယ်  အော်.... လူတစ်ဦး တစ်ယောက်ကို တိုက်ခိုက်ချင်တာနဲ့ သူရဲ့ဖခင်အမျိုးသားခေါင်းးဆောင်ကြီးနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ဂုဏ်သိက္ခာမှေးမှိန်အောင် မသမာတဲ့ လူတစ်စု က သမိုင်းကို ဘယ်လိုပဲ အိုးမဲသုတ်နေပါစေ ဖုံးကွယ်လို့ မရတဲ့ သမိုင်းအမှန်ကတော့ ဆရာကြီး ဟံသာဝတီ ဦးဝင်တင်ရဲ့ စကားလို မြန်မာတည်သ၍ ကမ္ဘာတည်သ၍ ပြည်သူတွေရဲ့ ရင်ထဲမှာ ရှိနေအုံးမှာပါ။ ဥသြဆွဲ အလေးပြုပြီးလို့ လူခွဲကြတော့ ဇေယျာသီရိ လမ်းထဲက ထမင်းဆိုင်တစ်ဆိုင်မှာ ထမင်းမှာစားရင်း MRTV 4 မှ လွင့်တဲ့ (၆၆)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်ရဲ့မိန့်ခွန်းကိုနောက်ခံထားပြီး ကျွန်တော် မမြင်ဘူးသော ဓာတ်ပုံပေါင်းများစွာပါတဲ့ ထုတ်လွင့်မှုကို ငေးမောရင် လွန်ခဲ့သော ၆၆ နှစ်ကျော်ကာလလောက်က  အသက် (၃၀) ၀န်ကျင်သာရှိတဲ့ လူငယ်တစ်ယောက် ၊ ဗမာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့သူတစ်ယောက် ၊ ကိုယ်ရေးကိုယ်တာကိစ္စ မိသားစုအရေးတို့ထက် တိုင်ပြည်လွတ်လပ်ရေးအတွက်သာ အမြဲတွေးတော ကြံဆ နေသူတစ်ယောက် ၊ ပြည်ထောင်စု တစ်ခုလုံး တညီတညွတ် တစ်ချိန်တစ်ခါတည်း လွတ်လပ်ရေးရအောင် တိုင်းရင်းသားတွေကို စည်းရုံးခဲ့ပုံ  အစရှိသဖြင့်…..နောက်ဆုံး တိုင်းပြည်အတွက် အသက်ကိုတောင်စတေးသွားရရှာသော ကျွန်တော်တို့ရဲ့ အမျိုးသားဖခင် ၊ လွတ်လပ်ရေးခေါင်းဆောင်ကြီးနဲ့ သူရဲ့လုပ်ဖော်ကိုင်ဘက်တွေရဲ့ ပုံရိပ်တွေကို အတွေးနယ်ချဲ့ ပုံဖော်နေမိတော့သည်။  ထမင်းဖိုးရှင်းပြီး ဆိုင်ထဲကထွက် ခရီးဆက်ဖို့ကြံတော့ သွားရမယ့် နေရာက ဘတ်(စ်)ကားနဲ့ ဆိုရင် မီးပွိုင့်မိ ၊ ကားကြပ်တာတွေနဲ့ဆိုတော့ မြို့ပါတ်ရထားနဲ့ပဲ သွားမယ်ဆိုပြီးတော့ လှည်းတန်းဘူတာကိုပဲ ထွက်လာခဲ့တယ် ။ ဘူတာကိုရောက်တော့ ရထားမလာသေးတာနဲ့ ဖတ်လက်စ ဂျာနယ်နဲ့ နေစဉ်ထုတ် သတင်းစာကို ဖတ်ရင်း FM radio က အာဇာနည်နေ့ အထူးအစဉ် ဘာများလာမလဲလို့ ဖုန်းလေးနဲ့ ကလိကြည့်လိုက်တော့ (၇)လိုင်းလောက် မိတဲ့ အထဲမှာမှ Shwe FM ကလွဲ လို့ ကျန်တဲ့ အားလုံးက ခေတ်ပေါ်သီချင်းတွေအစီစဉ်တွေပဲ ထုတ်လွင့်နေတာတွေ့ရတယ် နာရီက ၁၁:၀၅  ပဲရှိသေး အာဇာနည်နေ့ အစီအစဉ်တွေ ပြီးသွားတာလား အဲဒီ FM တွေကပဲ မလွင့်ခဲ့တာလားတော့မသိဘူး ဒီလိုနေ့မျိုးမှာ အာဇာနည်နေ့ ဂုဏ်ပြုအစီအစဉ် မလွင့်ရကောင်းလားဆိုပြီး ဘာမဆိုင် ညာမဆိုင် စိတ်ထဲမှာမကျေမနပ်ဖြစ်လိုက်မိသေး ။ အဲဒါနဲ့ Shwe FM ကလွင့်တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရပုံ တွေ့ဆုံမေးမြန်းခန်းမှာ ဆရာချစ်ဦးညိုဖြေကြားတာတွေကိုပဲ နားထောင်နေလိုက်တော့တယ်။ အမှန်တော့ ကိုယ်လဲ စာတို ပေစ လေးတွေ နဲနဲဖတ်တာကြောင့် သိပြီးသားအကြောင်းအရာတွေ ဖြစ်ပေမယ့် ဗိုလ်ချုပ်ကတော့ ဦးခေါင်း၊ ရင်ဘတ် နဲ့ လက်တွေမှာရော စုစုပေါင်း ကျည်(၁၃)ချက်၊ မန်းဘခိုင်က (၁၅)၊ ဦးဘချိုနဲ့ ဦးအုန်းမောင်ကတော့ (၅)ချက်စီ နောက် ဘယ်သူကတော့ နှစ်ချက်ထိတယ် ဘယ်လိုကျခဲ့တယ်၊ ဗိုလ်ချုပ်နဲ့ ဘယ်ဝန်ကြီးတွေကတော့ နေရာမှာတင်ကျဆုံးတယ် ၊ မိုင်းပွန်စော်ဘွားနဲ့ ဒီဒုတ်ဦးဘချိုတို့ကတော့ ဆေရုံရောက်မှ ကျဆုံးတယ် အစရှိသဖြင့် သိကြတဲ့အတိုင်း စကားပြောကောင်းတဲ့ ဆရာချစ်ဦးညိုရဲ့ အဖွဲ့အနွဲတွေက ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နေ့ နံနက်ခင်း ၁၀နာရီ ၃၇ မီးနစ် ၀န်းကျင်အဖြစ်အပျက်တွေက ပိတ်ကားသဖွယ် အစီအရီပေါ်လာသလို နောက် ဇူလိုင် ၂၃ ရက်နေ့ ရောက်တော့ ဗိုလ်ချုပ်ရဲ့ အမေ အဖွားစုက “ ကျုပ်သားဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီလို သတ္တိကြောင်တဲ့အမူမျိုးကို ငယ်ငယ်ရွယ်ရွယ် ကလေးကပင် ရူတ်ချခဲ့တဲ့ လူဖြစ်ပါတယ်။ အောင်ဆန်းက ငယ်ငယ်ကတည်းက မဟုတ်မခံသမား လူမှန် ၊ ဘ၀င်းကတော့ အနေလဲ အေးတယ် စကားလည်းနည်းတယ် ။ လွန်ခဲ့တဲ့နှစ်က မျိုးချစ်ခေါင်းဆောင်ကြီး ဦးစောကို မသမာသူတို့ ချောင်းမြောင်းပြီး သေနတ်နဲ့ပစ်စဉ်က ဗိုလ်ချုပ်ကိုယ်တိုင် အများကြီး ကဲ့ရဲ့ရူတ်ချတဲ့ စကားတွေကို ပြောခဲ့ပါတယ်။ ဟိုတုန်းက ဗိုလ်ချုပ်ဟာနယ်လှည့်ရင်း ကျုပ်ထံဝင်ပြီး ကန်တော့သွားတယ်။ အဲဒီတုန်းက ကျုပ်ကစိုးရိမ်လွန်းလို့ “သားရယ် လူဆိုတာ အထက်ရောက်နေရင် သူတစ်ပါးက မနာလိုလို့ မကောင်းကြံစည်တာမျိုး ခံရတတ်တယ်။ အစစအရာရာ သတိထားပါ သားရယ်”လို့ ပြောမိပါတယ်။ ဒီတော့ ကျုပ်သားက -“ ဒါကတော့ ဘုရားတောင်မှ အတိုက်အခံ ရှိသေးတာပဲ။  ကိုယ်ကသာ လမ်းမှန်က နေပြီး မှန်တဲ့အလုပ်ကို လက်ကိုင်ထားရင် ဘာမှ ကြောက်စရာ မလိုပါဘူးအမေရယ်၊ မစိုးရိမ်ပါနဲ့။ စစ်တိုက်နေတုန်းကတောင် မသေခဲ့သေးတာ။ ယခု တိုင်းပြည်နဲ့လူထုဟာ အရင်လိုမဟုတ်တော့ပါဘူး။ အကောင်းအဆိုး ဝေဖန်တတ်ပါပြီ” လို့ အားရပါးရ ရယ်ရယ်မောမောနဲ့ ပြောသွားခဲ့ပါတယ်။  ယခုတော့ ကျုပ်သား ကိုအောင်ဆန်းဟာ သူအလွန် မုန်းတီးရွံရှာတဲ့ လုပ်ကြံနည်းကြောင့် ကွယ်လွန်သွား ရရှာပြီ။ ကျုပ်မှာချင်တာကတော့ သူ့ကိုလေးစားကြ သလို ခေါင်းဆောင်များရဲ့ ညွှန့်ကြားချက်ကို ပြည်သူ လူထုက  ယုံယုံကြည်ကြည် လေးလေးစားစားနဲ့လိုက်နာပြီး  မိမိတို့လိုလားတဲ့ ခရီးကိုရောက်အောင် ဆောင်ရွက်ကြ ဖို့ပါပဲ။ အဲဒီလို ဆောင်ရွက်လို့ ရည်ရွယ်ချက်ကို ရောက်ကြပြီဆိုရင် အဒေါ့်မှာ ခံစားရတဲ့ သားနှစ်ယောက် ဆုံးရတဲ့ အပူမီးဟာ ငြိမ်းတန်သလောက် ငြိမ်းပါလိမ့်မယ်။ ”   ဆိုပြီး တိုင်းပြည်ကို မိန့်ခွန်းပြောခဲ့တာကိုလဲ ဆရာချစ်ဦးညိုက Shwe FM ကနေ ဖောက်သည်ချပါတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော့် ညီဝမ်းကွဲတစ်ယောက်ဆီက ဖုန်းဝင်လာပြီး သူအာဇာနည်ကုန်းက အခုပဲဆင်းလာတဲ့အကြောင်း ၊ လူတွေများလွန်းလို့ တရွေ့ရွေ့နဲ့တက်ရပုံ ၊ သူ့ဖုန်းနဲ့ ဓာတ်ပုံတွေ အများကြီးရိုက်လာပုံ တို့ကို အားရပါးရပြောပြပါတော့တယ် ။ အဲဒီတော့မှ ကျွန်တော်တစ်ခု အံသြသွား တယ် ဘာလို့လဲ ဆိုတော့ အရင်နေ့ကတည်းက ဖုန်း၊ ကင်မရာ၊ လွယ်အိတ် ဘာမှ မယူရဘူး ဆိုပြီး အသိပေးကြော်ငြာထားတာ ဘယ်က ဘယ်လို ဒီကောင်က ဖုန်းယူသွားလဲပေါ့ မရှင်းလို့ ပြန်မေးကြည့်တော့ အားလုံးကိုစစ်ဆေးတဲ့အကြောင်း ဖုန်းကို စစ်ပေမယ့် ယူခွင့်ပြုတဲ့အကြောင်း ၊ အခု NLD ရုံးရှေ့ကို ရောက်နေပြီး လူတွေအများကြီးပဲ ဘာလုပ်အုံးမှာလဲမသိဘူး စပ်စုလိုက်အုံးမယ် ဆိုပြီးဖုန်းချသွားပါလေရော။ ဒီကောင့်ကြည့်ရတာ ပထမဆုံး အာဇာနည်ကုန်းကိုသွား ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုရတာ တော်တော် ကျေနပ်နေပုံ ၊ နောက်ပြီးတော့ သူ့ပြောတဲ့ပုံဆိုရင် ဒီလောက်များတဲ့ ပြည်သူတွေရဲ့ ရင်ထဲမှာ ဗိုလ်ချုပ်နဲ့ တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေကို မမေ့မလျှော့ပဲ သတိတရ ရှိနေတယ်ဆိုတာ သိရတော့ ၀မ်းသာနေပုံပါပဲ… မကြာပါဘူး နောက်ထပ် ဖုန်းဝင်လာပါတယ် ဒီတစ်ခါတော့ သူငယ်ချင်းဆီက မင်းဘယ်ရောက်နေလဲတဲ့ မလာသေးဘူးလားတဲ့ (အမှန်တော့ သူနဲ့တွေ့ဖို့ချိန်းထားတာ) ရထားစောင့်နေတယ်လို့ ပြောလိုက်တော့ ငါတော့ရွှေတိဂုံဘုရားရောက်ရောက်နေပြီတဲ့ မင်းမလာနိုင်တာနဲ့ သွားတာ ဘာလို့နောက်ကျနေလဲတဲ့ လှည်းတန်းလမ်းဆုံမှာ ဥသြဆွဲတာ ၀င်ပြီး အလေးပြုနေတာလို့ ပြောလိုက်ပြီး သူ့ကို ခနဲ့ချင်တာနဲ့ မင်း ယောင်ပြီး မြောက်ဘက်မုဒ်ကို မဆင်းလိုက်နဲ့ အာဇာနည်ကုန်းကိုရောက်သွားလို့ အလေးပြုနေရအုံးမယ် လို့ပြောလိုက်တယ် (ဘာလို့လဲဆိုတော့ သူ ဒီလိုနေ့တွေကို တန်းဖိုးမထားတာသိနေလို့) ထင်တဲ့အတိုင်းပဲ သူကျွန်တော့ကိုပြန်ပြောတာ.. မျိုးချစ်ပုဂ္ဂိုလ်ကြီး တော်တော်အမျိုးချစ်တဲ့ အကောင်တဲ့ အဲဒီလိုပြောပြီး ဖုန်းချသွားရော။ ကျွန်တော်ပြန်စဉ်းစားကြည့်တယ် သူပြောသလို ကျွန်တော်ကပဲ ပိုကဲနေတာလား ၊ ဒီလိုနေ့မှာ ဒီလိုပုဂ္ဂိုလ်ကြီးတွေ အတွက် ဒီလို ၀မ်းနည်းမှုနဲ့အတူ သူတို့ရဲ့ တိုင်းပြည်အတွက် အနစ်နာခံမှု ၊ တိုင်းပြည်အတွက် အသက်ကိုပါစတေး သွားမှုတွေကို သတိတရနဲ့ ဂုဏ်ပြုခြင်းကပဲ အပိုအလုပ်တွေလား ကျွန်တော်တော့အဲဒီလိုမမြင် သမိုင်းဆိုတာက သိမှ တန်ဖိုးထားတတ်တာ ၊ သိအောင်လဲ လေ့လာလိုက်စားမှုကရှိအုံးမှ  အဲဒီလို သမိုင်းကြောင်းကိုလဲ မသိ  သိအောင်လဲ မလုပ်ဘူးဆိုရင်တော့ ဒေါက်တာသန်းထွန်းရဲ့ စကားဖြစ်တဲ့ “သမိုင်းမသိရင် အ, မယ် ” ဆိုတာထက် သေချာတာကတော့ သမိုင်းမသိရင် ၊ သမိုင်းရဲ့ အမွေအနှစ်ကိုမထိန်းသိမ်းတတ်ရင် ၊ သမိုင်းရဲ့ တန်ဖိုးကို နာမလည်ပဲ  အပိုအလုပ်တွေ လို့ ထင်ကောင်းထင်နိုင်ပါတယ်။ အတွေးဝင်နေတုန်း ရထားဆိုဒ်တာနဲ့ ရထားပေါ်တက်ရင်း အတွေးဆကိုဖြတ်လိုက်တော့တယ်။ ကျွန်တော် သွားရမယ့် နေရာကိုရောက်တော့ Facebook ကို ၀င်လိုက်တယ်ဆိုရင်ပဲ ဒီနေ့( ၆၆ နှစ်မြောက်အာဇာနည်နေ့) မှာ နေရာဒေသအသီးသီးက ဗိုလ်ချုပ် နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို သတိတရနှင့် အမြတ်တနိုးတန်ဖိုးထား အောက်မေ့ဖွယ် အလေ့ပြုပုံတွေ ၊ သတင်းတွေကို တက်လာသမျှ ကြည့်ရင်း စိတ်ကူးပေါ်လာတာနဲ့ ဒီဆောင်းပါလေးကို ကြိုးစားရေးလိုက် ခြင်းဖြစ်ပါတယ်။


                                                                                                                              နိုင်လင်း
                                            
                                                                                                                  July 19, 2013 ( 6:51 PM)

No comments: