Friday, July 19, 2013

ဗိုလ်ချုပ်ကို လုပ်ကြံတာ ဘယ်သူလဲ

မနေ့က ကျွန်တော်တင်တဲ့ ပို့စ်မှာ ....

ဗိုလ်ချုပ်ကို လုပ်ကြံတာ ဘယ်သူလဲ လို့ ကျွန်တော် တင်ထားပါတယ်...။

အင်္ဂလိပ်လား.......

အင်္ဂလိပ် အလိုတော်ရိလား .......

ခံယူချက် ပြင်းသူလား........။

အာဏာရူးလား .........

ဆိုပြီးတော့ပါ...။

အဲဒီအောက်မှာ ...... ရေးတဲ့ကွန်မင့်တွေထဲမှာ အင်္ဂလိပ်ကြောင့်လို့ဝေဖန်တာတွေကိုလည်း တွေ့နေရသလို

အခုခေတ် နိုင်ငံရေးအခင်းအကျင်းမှာ မျိုးချစ်အမည်ခံ နိုင်ငံရေးအရ တိုက်ခိုက်နေသူတွေကို ခေတ်သစ် ဂဠုန်ဦးစော လို့ တချို့က ခိုင်းနှိုင်းနေတာကို လည်း သတိထားမိလို့ပါ...။

အဲဒိတော့ နိုင်ငံရေးအရ ထူးခြားတဲ့အချက်တွေကိုပဲ ထုတ်ပြပါ့မယ်..။

(၁) သာယာဝတီမြို့မ ဝံသာနုကောင်စီတွင် အတွင်းရေးမှူး

(၂) ၁၉၂၉ ခုနှစ် သယာဝတီတောင်ပိုင်း မဲဆန္ဒနယ်၊ ၁၉၃၆ ခုနှစ်တွင် ဟင်္သာတမြောက်ပိုင်း မဲဆန္ဒနယ်အမတ်

(၃) တောင်သူလယ်သမားအရေးတော်ပုံတွင် ဂဠုန်ဆရာစံ အရေးနိမ့်ပြီးနောက် ဆရာစံ၏ ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့။ ၁၉၃၆ ခုနှစ်တွင် ဝါးရင်းဒုတ်ကိုင် ဂဠုန်တပ်ကို ဖွဲ့စည်းပြီး၊ ဂဠုန် စစ်သူကြီးဘွဲ့ခံ၍ ဂဠုန်တပ် ဗိုလ်ချုပ်အဖြစ်။

(၄) ၁၉၃၈ ခုနှစ်၊ မတ်လတွင် မျိုးချစ်ပါတီကို ဖွဲ့စည်းခဲ့သည်။

(၅) ၁၉၃၉ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော ရွှေကျင် ဦးပု ခေါင်းဆောင်သည့် ညွန့်ပေါင်း အစိုးရ အဖွဲ့တွင် လယ်ယာနှင့် သစ်တောရေး ဝန်ကြီး အဖြစ်

(၆) ၁၉၄၀ ပြည့်နှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် နန်းရင်းဝန် ဦးပု အစိုးရမှ နှုတ်ထွက်ပြီး၊ ဦးပု အစိုးရကို အယုံအကြည် မရှိ အဆို တင်သွင်းဖြုတ်ချပြီး၊ ဂဠုန်ဦးစော ကိုယ်တိုင် နန်းရင်းဝန် အဖြစ် ဦးဆောင်ပြီး အစိုးရ အဖွဲ့ကို ဖွဲ့စည်း။

(၇) ဂဠုတပ်ကို ဒို့ဗမာ အစည်းအရုံးဝင် သခင်များအား ဝါးရင်းဒုတ်များဖြင့် ရိုက်ရန် စေခိုင်းခဲ့သလို၊ လုပ်ဖော်ကိုင်ဖက် ဒေါက်တာဘမော်၊ ဦးဘဦး၊ ဦးဘဝင်းနှင့် ဦးဘဘေ တို့ကို ဖမ်းဆီး ထောင်ချစေခဲ့။

(၈) ၁၉၄၁ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင် ဗြိတိန် ဝန်ကြီးချုပ် ချာချီနှင့် တွေ့ပြီး ဒိုမီနီယံကိစ္စ အောင်မြင်မှု မရခဲ့ဘဲ၊ အပြန်တွင် ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့၌ ဂျပန် ကောင်စစ်ဝန်နှင့် ဝင်ရောက် တွေ့ဆုံသည့်အတွက် အင်္ဂလိပ်တို့ သိသွားပြီး၊ ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နန်းရင်းဝန် ဦးစောအား မြန်မာပြည် ပြန်ခွင့်မပြုဘဲ ဆက်လက် ထိန်းသိမ်းကြောင်း အင်္ဂလိပ် အစိုးရက ကြေညာခဲ့ပြီး၊ ဒုတိယကမ္ဘာစစ် အတွင်းတွင် အာဖရိကတိုက်ရှိ ယူဂန္ဓာနိုင်ငံသို့ ပို့ဆောင် အကျဉ်းချထားခြင်း ခံခဲ့ရ။

(၉) ဒုတိယကမ္ဘာစစ် အပြီးတွင် အင်္ဂလိပ်တို့က ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလကို ရင်ဆိုင်ရန် ယူဂန္ဓာမှ ဂဠုန်ဦးစောကို ပြန်လည် ခေါ်ယူခဲ့သဖြင့်၊ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်လာခဲ့။

(၁၀) ဂဠုန်ဦးစောသည် ထိုနှစ် မေလတွင် မျိုးချစ်ပါတီကို ပြန်လည် ဖွဲ့စည်း။

(၁၁) ၁၉၄၆ ခု၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ မြေနီကုန်း စိန့်ဗင်းဆင့် ဘုရားကျောင်းရှေ့၌ သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံရပြီး၊ မျက်စိ ဒဏ်ရာ ရခဲ့။

(၁၂) စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ပညာရေး ဝန်ကြီး အဖြစ် ခန့်အပ်ခံရ။

(၁၃) ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် ဆွေးနွေးရန် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ အင်္ဂလန်သို့ သွားရောက်ရာတွင် လိုက်ပါသွားသော်လည်း ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ချုပ်ဆိုသော အောင်ဆန်း-အက်တလီ စာချုပ်ကို အသိအမှတ်ပြုရန် သခင်ဗစိန် နှင့်အတူ ငြင်းဆန်ခဲ့သူ။

(၁၄) ၁၉၄၇ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် အစိုးရအဖွဲ့မှ နုတ်ထွက်ခဲ့ပြီး
သခင်ဗစိန်၊ ဒေါက်တာဗမော်တို့နှင့် မဟာမိတ်ပြုပြီး 'မဟာဗမာ' အဖွဲ့ကို ဖွဲ့စည်း။

(၁၅) ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်က ဖြစ်ပွားခဲ့သော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ့ အမှုဆောင် ကောင်စီ လုပ်ဖော်ကိုင်ဖက်များအား သတ်ဖြတ်မှုဖြင့် ထိုနေ့တွင်ပင် အဖမ်းခံရလျက်၊ စွဲဆိုထားသည့် အတိုင်း ပြစ်မှု ထင်ရှားသဖြင့် အပြစ်ပေးခံရပြီး၊ ၁၉၄၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် အင်းစိန်ထောင်၌ အပေါင်းအပါ အချို့နှင့် အတူ ကြိုးပေးခံခဲ့ရ။

=======================================================

အဲဒီတော့က

ပြည်ထောင်စိုကု ကိုယ်စားပြုသူ၊ သာတူညီမျှ စိတ်ထားရှိသူကို အာဏာလိုချင်သူ .. ခံယူချက်ပြင်းသူ (တနည်းအားဖြင့် အစွန်းရောက်သူ) က မလိုမုန်းထား အငြိုးနဲ့ လုပ်ကြံခဲ့တာကို တွေ့ရသလို..

အင်္ဂလိပ်ရဲ့ Divide and Rule သိသိချည်းနဲ့ လွတ်လပ်ရေးရရင် ဖဆပလ ပြိုကွဲပြီး မိမိမျိုးချစ်ပါတီ အာဏာရရေးအတွက် မြန်မာအချင်းချင်း ယနေ့ခေတ် စွမ်းအားရှင်တွေဆန်ဆန် သခင်တွေကို ၀ါးရင်းတုတ်နဲ့ ရမ်းခဲ့တဲ့ဖြစ်ရပ်ကြီးကလည်း ... သင်ခန်းစာယူစရာပါပဲ ..။

နိုင်ငံကိုတော့ ချစ်ကြတာချည်းပါပဲ ...။ ဒါပေမယ့် ဖြန့်ကျက်တွေးနိုင်စွမ်းရှိသူနဲ့ မိမိအကျိုးအတွက် အာဏာလိုချင်သူ၊ + နိုင်ငံရေးအတွက် လူမျိုးရေးခေါင်းစဉ်တပ် အသုံးချသူအဖြစ် သမိုင်းတွင်ခဲ့တာပါပဲ..။ လူမျိုးဘာသာရေးကို အသုံးချခဲ့တယ်ဆိုတာကိုလည်း သူမသေမီဝန်ခံသွားခဲ့ပါတယ်..။

အဲဒီတော့က......။
===================================================

ကိုးကား
သန်းဝင်းလှိုင်၏ ဂဠုန်ဦးစော၏ နောက်ဆုံးနေ့များ စာအုပ်(၂၀၀၉-ခုနှစ်)

မြန်မာလူကျော် ၁၀၀ (ပထမအုပ်)၊ မောင်ဇေယျာ၊ UNITY စာပေ၊ ပထမအကြိမ်၊ ၂၀၁၀၊ မတ်လ။
ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ၊ အောင်ခင်၊
https://sites.google.com/site/myanmarsite1/home/khangai/u-saw

No comments: