Tuesday, July 23, 2013

ကမ္ဘာ့ အကြီးဆုံး ခေါင်းလောင်း မြန်မာ သွန်းမည်



ရန်ကုန်၊ဇူလိုင် ၂၂

ကြေးပိဿာချိန် နှစ်သိန်းကျော်ခန့် အလေးချိန်ရှိသော ကမ္ဘာ့ အကြီးဆုံး ကြေးသွန်း ခေါင်းလောင်းကြီးကို ဧရာဝတီတိုင်းဒေသ ကြီး မြောင်းမြမြို့တွင် သွန်းလုပ်သွားမည်ဖြစ်ကြောင်း ခေါင်းလောင်းတော် ကြီး ဖြစ်မြောက်ရေး အဖွဲ့ဝင် ဦးမြင့်အောင်က ပြောကြားသည်။

မြောင်းမြမြို့ မြစိမ်းရောင်တောင် သာသနာ့ နယ်မြေရှိ မြတိဂုံတောင် စေတီ ကြီး ရင်ပြင်တော်တွင် ထားရှိမည်ဖြစ်ပြီး မြစိမ်းရောင်တောင် ဆရာတော်ကြီး အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဣဿရိယ ၏ လမ်းညွှန်မှုဖြင့် သွန်းလောင်းသွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။

ကြေးသွန်း ခေါင်းလောင်းကြီးကို မြစိမ်းရောင်တောင် ဆရာတော်ကြီး၏ တပည့် သာဝကများသာ ဦးစီး ဆောင်ရွက် မည်ဖြစ်ကြောင်း ခေါင်းလောင်းတော်ကြီး ဖြစ်မြောက်ရေး အဖွဲ့တွင် ပါဝင်သူ ဦးသောင်းမြင့် က ပြောကြားသည်။

“မြန်မာနိုင်ငံသားတွေ ကမ္ဘာ့ အကြီးဆုံး ခေါင်းလောင်းကြီး လုပ်နိုင်တယ် ဆိုတာ သိစေချင်တယ်” ဟု ၎င်းက ဆိုသည်။

ခေါင်းလောင်းကြီး သွန်းလောင်းခွင့်ရရန် သာသနာရေး ဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာနများထံ အကြောင်းကြား တင်ပြထားကြောင်း၊ အသေးစိတ်ကိုမှု မကြာမီ ကျင်းပမည့် သတင်းစာ ရှင်းလင်းပွဲ တွင်သာ ပြောနိုင်မည်ဖြစ်ကြောင်း ခေါင်းလောင်းတော်ကြီး ဖြစ်မြောက်ရေး အဖွဲ့ဝင် ဦးမြင့်အောင်က ဆိုသည်။

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီးကို တည်ဆောက်ရန်အတွက် ခန့်မှန်းခြေ ကျပ်သိန်းပေါင်း ခုနစ်သောင်းခန့်အထိ ကုန်ကျမည်ဖြစ်ကြောင်း ခေါင်းလောင်းတော်ကြီး ဖြစ်မြောက်ရေး အဖွဲ့ထံမှ သိရသည်။

လက်ရှိ ကမ္ဘာပေါ်တွင် အကြီးဆုံး ခေါင်းလောင်းကြီးမှာ အလေးချိန် တန် ၂၀၀ ကျော်ရှိသည့် Tsar Bell ဖြစ်ကာ ရုရှားနိုင်ငံ မော်စကိုမြို့တွင် တည်ရှိ သည်။ ဒုတိယ အကြီးဆုံး ခေါင်းလောင်းကြီးမှာ တရုတ်နိုင်ငံ Henen ပြည်နယ်တွင် ရှိသည့် Bell of Good Luck ခေါင်းလောင်းကြီးဖြစ်ပြီး အလေးချိန် ၁၁၆ တန် ရှိသည်။ မြန်မာနိုင်ငံတွင် အကြီးဆုံး ခေါင်းလောင်း ကြီးမှာ မန္တလေးတိုင်းဒေသကြီး မင်းကွန်း ပုထိုးတော်ကြီး အနီးတွင် တည်ရှိ သည့် မင်းကွန်း ခေါင်းလောင်းကြီးဖြစ်ပြီး အလေးချိန် တန် ၉၀ ရှိကာ ကမ္ဘာ့ တတိယ အကြီးဆုံး ခေါင်းလောင်းကြီးလည်း ဖြစ်သည်။

ကောင်းဆက်နိုင်

No comments: