Wednesday, July 3, 2013

ရှစ်လေးလုံး ငွေရတု ကျင်းပရေးအတွက် အကြံပြုရန် လူထုကို ဖိတ်ခေါ်



ရန်ကုန်၊ ဇူလိုင် ၂

နိုင်ငံရေး အနှစ်သာရရှိရှိ ကျင်းပရန် ရည်ရွယ်ထားသည်ဆိုသော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော် ပုံ ငွေရတု အခမ်းအနားတွင် လူထု လူတန်းစား အသီးသီး၊ လူ့အလွှာ အသီးသီး ပူးပေါင်း ပါဝင်နိုင်ရေး အတွက် ပြည်သူ လူထု၏ အကြံဥာဏ်များကို ရယူနိင်ရန် ရည်ရွယ်၍ ဇူလိုင်လ ၃ရက်နေ့ တွင် ရွှေတိဂုံ ဘုရားခြေရင်း အာဇာနည် ဗိမာန်အနီးရှိ M-3 စားသောက်ဆိုင် ...(Diamond Hall) တွင် အကြို ညှိနှိုင်းပွဲ ပြုလုပ်၍ လူထုထံမှ အကြံဥာဏ် များ တောင်းခံသွားမည်ဖြစ်ကြောင်း ယင်းပွဲကျင်းပရေး ကော်မတီဝင် ဦးဥာဏ်လင်းက ပြောကြားသည်။

၂၀၁၃ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ (၂၅) နှစ်မြောက် ငွေရတု အခမ်းအနား အောင်မြင် ရန်အတွက် အကြို ညှိနှိုင်းခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ရှစ်လေးလုံး လူထုလှုပ်ရှားမှု၏ အန္တိမ ဆန္ဒဖြစ်သော အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ လူ့ အခွင့်အရေးနှင့် ငြိမ်းချမ်းရေးတို့ ပြည့်ဝ ပိုင်ဆိုင်ရေးအတွက် နယ်ပယ် အသီးသီး၊ နေရာဒေသ အသီးသီးတွင် ပြန့် ကြဲ ရောက်ရှိနေကြသော ဒီမိုကရေစီ အင်အားစုများ အားလုံးပါဝင် သည့် တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပခြင်းဖြစ်ကြောင်း ရှစ်လေးလုံး ဒီမိုကရေစီငွေရတု ကျင်းပရေး ကော်မတီက ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ သော့ချက် နိုင်ငံရေး ပြဿနာများဖြစ်သည့် အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှု၊ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်း စဉ်၊ နိုင်ငံ ပြန်လည် တည်ဆောက်ရေးနှင့် ရှစ်လေးလုံး အင်အားစုများ၏ အခန်းကဏ္ဍ ၊ တိုင်းပြည် ပြန်လည် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု စသည့် ခေါင်းစဉ်များကို ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖော်ဆောင်ရန်အတွက် ဆွေးနွေးသွားမည် ဖြစ်သည်။

ရှစ်လေးလုံး ငွေရတု အခမ်းအနားကို ပြည်တွင်းရှိ ၈၈မျိုးဆက် ကျောင်းသား များနှင့် တိုင်းရင်းသား ဒေသ အခြေပြု လက်နက်ကိုင် အဖွဲ့အစည်းဖြစ် သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ကျောင်းသားတပ်မတော်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ စသည့် နိုင်ငံတကာရောက် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၈၈ အင်အားစု များနှင့် ပူးပေါင်း ကျင်းပခြင်း ဖြစ်သည်။
 

No comments: