နိုင် ငံရေး ကို လုပ် သင့် တဲ့ လူ တွေ ....
နိုင် ငံ ရေး ကို မ လုပ် ရင် ခေါင်း ရှောင် တာ ပဲ ။
တစ်နေ့တော့ ကိုအောင်ဆန်းဟာ ညနေ ၄ နာရီလောက်မှာ
ကိုနု နဲ့ မမြရီတို့ ငှားနေကြတဲ့ စတော့ကိတ်လမ်းက အိမ်ခန်းကလေးကို
ိုဗြုန်းကနဲရောက်လာတယ်။
`` ကိုနု ... ကျွန်တော်တို့ တို့ဗမာအစည်းအရုံးထဲ ဝင်ရအောင် ´´
`` ငါ မဝင်ချင်ဘူး ´´
`` ဘာဖြစ်လို့လဲ ´´
`` ငါ နိုင်ငံရေး မလုပ်ချင်ဘူး ´´
`` ခင်ဗျား ဒီလို ခေါင်းရှောင်တာ မဟုတ်သေးဘူး ´´
`` ဟ .. ဒါခေါင်းရှောင်တာ မဟုတ်ဘူး ´´
`` နိုင်ငံရေးကို လုပ်သင့်တဲ့လူတွေ နိုင်ငံရေးကိုမလုပ်ရင် ခေါင်းရှောင်တာပဲ ´´
`` ငါ့မှာ နိုင်ငံရေးလုပ်ချင်တဲ့ ဝါသနာ မရှိဘူး ´´
`` ဖေဘီယန်အသင်းထဲမှာ ခင်ဗျား ဒုတိယဥက္ကဌတောင် ဝင်လုပ်သေးတာပဲ ၊
နိုင်ငံရေးမှာ ဝါသနာမပါဘူးဆိုတာ ဘယ်ဟုတ်မလဲ ´´
`` ငါ အိမ်ကို ခဏပြန်နေတုန်း ဦးဘချိုက ငါ့နာမည်ကို သတင်းစာထဲမှာ
ကြေညာလိုက်တာ။ ရန်ကုန် ပြန်ရောက်ပြီး ဖေဘီယန်အသင်းထဲမှာ
မပါပါရစေနဲ့လို့ ဦးဘချိုကို ငါပြောသေးတယ်။ ရွေးကောက်ပွဲပြီးတဲ့အထိ
ခဏနေပါဦးလို့ ဆိုတာနဲ့ ငါ ခဏဝင်နေရတာ။ ရွေးကောက်ပွဲပြီးတာနဲ့
ငါ ထွက်လိုက်တာပဲ ´´
`` ဝါသနာဆိုတာ ဒီလိုပဲ၊ နိုင်ငံရေးလုပ်ရင်း သူ့ဟာနဲ့သူ ဖြစ်လာမှာပေါ့ ´´
`` ဖိုးအောင်ဆန်းကို ငါကြည့်နေတယ်။ တခြားလူတွေကိုဆိုရင်
လူကဲခတ် သိပ်ကောင်းတယ်။ ဖိုးအောင်ဆန်း လူကဲခတ်လိုက်ရင်
မှန်နေတာချည်းပဲ။ ဒါပေမဲ့ ငါ့ကိုကျတော့ ဖိုးအောင်ဆန်း လူကဲခတ်လို့
မရဘူး။ ငါ ဘာလဲဆိုတာ အခုထက်ထိ ဖိုးအောင်ဆန်း မသိသေးဘူး ´´
`` ခင်ဗျား ဘာလဲ ´´
`` ငါဟာ နိုင်ငံရေးသမား မဟုတ်ဘူးကွ၊ တစ်ပွဲထိုးသမား ´´
`` ဘာလဲဗျ ... တစ်ပွဲထိုးသမား ဆိုတာ ´´
`` ငါ ပြောပြမယ် ဖိုးအောင်ဆန်း၊ ကောင်းကောင်းမှတ်ထား။ နိုင်ငံရေးသမား
ဆိုတာ ထိုင်ရင်လည်း နိုင်ငံရေးစိတ်နဲ့ ထိုင်တာပဲ။ ထ ရင်လည်း နိုင်ငံရေးစိတ်နဲ့
ထ တာပဲ။ သွား ရင်လည်း နိုင်ငံရေးစိတ်နဲ့ သွားတာပဲ။ လဲလျောင်းရင်လည်း
နိုင်ငံရေးစိတ်နဲ့ လဲလျောင်းနေတာပဲ။ နိုင်ငံရေးသမားတစ်ဦးမှာ
နိုင်ငံရေးစိတ်ဟာ ဘယ်တော့မှ မပျောက်ဘူး။ ငါကတော့ ဒီလို မဟုတ်ဘူး။
စိတ်ထိခိုက်စရာ ကိစ္စတစ်ခုခု ပေါ်လာရင် ထလုပ်လိုက်တာပဲ။
အဲဒီကိစ္စပြီးသွားရင် ငါဟာ ဘယ်သူနဲ့မှ မတွေ့ချင်ဘူး။ ချောင်ကလေး
တစ်ခုခုမှာ ပုန်းပြီး ငေးနေချင်တယ်။ တွေးနေချင်တယ်။ ရေးနေချင်တယ်။
တခြား ဘာကိုမှ မလုပ်ချင်ဘူး ´
`` ခင်ဗျား ဘာတွေလျှောက်ပြောနေတာလဲ၊ အခုအချိန်ဟာ ငေးနေဖို့၊
တွေးနေဖို့၊ ရေးနေဖို့ အချိန်မျိုးလား ´´
( ကိုနုဟာ ဒီမေးခွန်းကို ရုတ်တရက် မဖြေနိုင်ဘူး။ တစ်မိနစ်လောက်
ခေါင်း အောက်စိုက်ပြီး တွေးနေတယ် )
`` ဖိုးအောင်ဆန်းရေ ... ဒီလိုလုပ်ပါကွာ၊ မင်းတို့ နိုင်ငံရေးဝါသနာပါတဲ့
လူတွေက တို့ဗမာအစည်းအရုံးထဲကို ဝင်၊ မင်းတို့မှာ တိုက်ပွဲတစ်ခုခု
ဝင်စရာရှိရင် ငါ့ကို ခေါ်လိုက်။ ငါ ဝင်တိုက်ပေးမယ်။ အဲဒီလို တိုက်တုန်း
သေသွားရင်လည်း ပြီးရော။ တိုက်ပွဲပြီးတဲ့အခါ မသေသေးရင်
ငါ့ ချောင်ကလေးကို ငါ ပြန်ပြီး ငေးနေနိုင်အောင်၊ တွေးနေနိုင်အောင်၊
ရေးနေနိုင်အောင် ငါ့ကို ပြန်လွှတ်ပါ။ ရာသက်ပန် နိုင်ငံရေးသမား
ဆိုတာမျိုးတော့ ငါ မလုပ်ပါရစေနဲ့ကွာ၊ ငါ မလုပ်ချင်ဘူး ´´
`` လွတ်လပ်ရေး ရပြီးရင် ခင်ဗျား လုပ်ချင်တာ လုပ် ၊ မရသေးခင်တော့
နိုင်ငံရေး လုပ်ရမှာပဲ ၊ လာပါဗျာ ... တို့ဗမာအစည်းအရုံးထဲကို အခုပဲ
သွားဝင်ရအောင် ´´
ကိုနု နဲ့ ကိုအောင်ဆန်းတို့ဟာ အခု ဝင်မယ်၊ မဝင်ဘူးဆိုပြီး
တစ်ယောက် နဲ့ တစ်ယောက် အချီအချပြောနေကြတာ နှစ်နာရီလောက်
ရှိသွားတယ်။
`` ကဲ ... ဖိုးအောင်ဆန်းရယ်၊ ငါလည်း ပြောရတာ မောပြီကွာ၊
အဲဒီတော့ ဒီလိုလုပ်ပါ၊ ဒီကိစ္စကို ငါ သေသေချာချာ စဉ်းစားဖို့
တစ်လလောက် အချိန်ပေးပါ ´´
`` လုပ်မနေပါနဲ့ဗျာ၊ အခုပဲ သွားဝင်ရအောင် ´´
ကိုနုလည်း စိတ်ပေါက်ပေါက်နဲ့ ...
`` ကဲ ... ဒီလောက် ဝင်ချင်လှတာ ဝင်ကွာ ´´
ဆိုပြီး ကိုအောင်ဆန်းနောက်ကို ထ လိုက်လာတယ်။ ဘတ်စ်ကားပေါ်
တက်ခါနီးကျတော့ ...
`` ဖိုးအောင်ဆန်းရေ ... ငါ့နာမည်ရှေ့မှာ သခင်လို့ တပ်ရမှာ
` ကြောင် ´ တယ်ကွာ ´´ လို့ ကိုနုက ပြောတယ်။
`` ကျွန် လို့ တပ်ရတာထက် သခင် လို့ တပ်ရတာက ပိုမကောင်းဘူးလား ´´
လို့ ကိုအောင်ဆန်းက ပြန်မေးတယ်။ ကိုနုလည်း ဘာမှ ပြန်မပြောဘူး။
ဘတ်စ်ကားပေါ် တက်သွားတယ်။
အဲဒီအချိန်က တို့ဗမာအစည်းအရုံးကို ပန်းဆိုးတန်းအထက်လမ်းက
တိုက်ခန်းကလေးတစ်ခုမှာ ဖွင့်ထားတယ်။ မီးရထားဘူတာရုံကြီးနဲ့
ကပ်နေတယ်။ ကိုနု နဲ့ ကိုအောင်ဆန်းတို့ဟာ အခန်းကလေးထဲကို
ဝင်သွားတဲ့အခါ ဓာတ်မီးရောင်ကို မတွေ့ရဘူး။ ဓာတ်မီးခ ( မီတာခ )
မပေးနိုင်ရှာလို့ ဓာတ်မီးကြိုးကို ဖြတ်ထားတယ် ထင်တယ်။
ညစောင့်ဒရဝမ်တွေကိုင်တဲ့ လက်ဆွဲမှန်အိမ်ရဲ့ ခပ်မှိန်မှိန် မီးရောင်ထဲမှာ
တို့ဗမာအစည်းအရုံးဥက္ကဌ သခင်ထိပ်တင်ကိုယ်တော်ကြီးနဲ့ သခင်
၃ / ၄ ဦးကို တွေ့ရတယ်။ ကိုအောင်ဆန်းက သူ နဲ့ ကိုနုတို့
တို့ဗမာ အစည်းအရုံးထဲကို ဝင်ချင်တယ်လို့ ပြောတယ်။ ကိုနုက ဘာမှ
မပြောဘူး။ ငုတ်တုတ်ကြီး ထိုင်နေတယ်။ ဥက္ကဌကြီး သခင်ထိပ်တင်
်ကိုယ်တော်ကြီးဟာ ကိုအောင်ဆန်းကို အသင်းသားလက်မှတ်နှစ်စောင်
ထုတ်ပေးလိုက်တယ်။ တစ်ယောက်ကို ဝင်ကြေး တစ်မတ်ကျစီနဲ့
ကိုအောင်ဆန်းက ငါးမူး ပေးလိုက်တယ်။ အဲဒီ အချိန်ကစပြီး
ကိုနု နဲ့ ကိုအောင်ဆန်း တို့ဟာ ငယ်နာမည်တွေ ပျောက်ပြီး
သခင်နု နဲ့ သခင်အောင်ဆန်း ဖြစ်သွားကြတယ်။ ။
{ ဦးနု ကိုယ်တိုင်ရေး `` တာ တေ စ နေ သား ´´ စာအုပ်မှ }
No comments:
Post a Comment