Wednesday, July 10, 2013

မီဒီယာလောကသားအားလုံးက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်


မီဒီယာလောကသားအားလုံးက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်နေတဲ့ကြားထဲက ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်က ကန့်ကွက်သူမရှိ(ကန့်ကွက်သူမရှိ)
လက်ခံလိုက်တယ်။ ဒီတစ်ကြိမ်နဲ့ဆို ပြည်သူ့လွှတ်တော်က ကန့်ကွက်သူမရှိ လက်ခံတာ ရက်ပိုင်းအတွင်း နှစ်ကြိမ်ရှိပြီ။ ပထမတစ်ကြိမ်က တယ်လီကွန်ဝန်ဆောင်မှု တင်ဒါအောင်စာရင်းကို သူတို့လွှတ်တော်ထဲမှာပဲ ရှိနေသေးတဲ့ ဆက်သွယ်ရေးဥပဒေ အတည်ပြုမပြဋ္ဌာန်းခင်အချိန်အထိ(အချိန်ကာလ အတိအကျမပြောထားတဲ့အတွက် ဘယ်အချိန် ဘယ်ကာလမှ ပြီးမယ်မသိ) ဆိုင်းငံ့ထားဖို့ နာရီပိုင်းအလိုမှာမှ တေ့ဖြုတ်သလို ပြောတုန်းကတစ်ကြိမ်။ နှစ်ကြိမ်စလုံးက တိုင်းပြည်အတွက် အင်မတန် အရေးကြီးတဲ့ကိစ္စတွေချည်း။ နောက်တစ်ခုက ပြည်သူလူထုရဲ့ မရှိမဖြစ် ဆက်သွယ်ရေးကိစ္စနဲ့ ကမ္ဘာ့လူသားအားလုံး ခံစားထိုက်ပြီး အခြေခံ လူ့အခွင့်အရေးထဲမှာလည်းပါတဲ့ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စာ သတင်းရယူပိုင်ခွင့်နဲ့ သတင်းသိပိုင်ခွင့်ကို ကန့်သပ်ပိတ်ပင်ဖို့ ကြိုးစားထားတဲ့ ဥပဒေ။

ဘယ်သူတွေက နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် အလုပ်လုပ်နေပြီး ဘယ်သူတွေက ကိုယ်ကျိုးအတ္တအတွက် အလုပ်လုပ်နေတယ်ဆိုတာ ပြောစရာလိုမယ်မထင်ဘူး။ ဒါပေမယ့် အရေးကြီးတဲ့အချက်ကို အားလုံး သတိမပြုဘဲဖြစ်နေမှာစိုးလို့ သတိပေးလိုက်ချင်တယ်။

ရှင်းရှင်းပြောရရင် မီဒီယာလွတ်လပ်ခွင့်ကို ဘယ်သူတွေက လိုလားပြီး ဘယ်သူတွေက မလိုလားဘူးလဲဆိုတာ သိပ်သိသာတယ်။ အာဏာကို ဆုပ်ကိုင်လိုသူတွေ၊ အာဏာကို တစ်ချိန်လုံး ကိုင်ပြီး ဖိနှိပ်လာတဲ့အတွက် ဘယ်အချိန်ကိုယ့်ကိုပြန်ပက်မလဲ စိုးရိမ်သောကနဲ့ ပြည်သူလူထုကို မယုံသင်္ကာ အမြဲ ကြည့်နေသူတွေ၊ မီဒီယာတွေက လွတ်လပ်ခွင့်နဲ့ မထိုက်တန်သေးဘူးဆိုတဲ့ အသွင်မျိုးဖြစ်အောင် ပုံဖော်နေသူတွေ၊ မီဒီယာကြောင့် မဟုတ်မဟပ်လုပ်ထားသမျှ၊ စားထား၊ ဝါးထားသမျှ၊ ခိုးထား၊ ကဲ့ထားသမျှ၊ မတရားပြုမူထားသမျှ၊ ကမ်းကုန်အောင် ရက်စက်ထားသမျှ အတိတ်ဆိုးတွေ ပေါ်ကုန်မှာစိုးနေသူတွေ၊ ပုံမှန် ဒလဟော ဝင်နေတဲ့ ဋ္ဌာနန္တရ လာဘ်လာဘ မရတော့မှာ စိုးရိမ်နေသူတွေ၊ အာဏာကို မတတ်သာလို့ လက်လွှတ်လိုက်ရပေမယ့် တစ်ချိန်မဟုတ် တစ်ချိန် အာဏာပြန်ရဖို့ ကျားချောင်းသလိုချောင်း၊ ပြဿနာမီးစတွေဖန်တီး၊ ပဋိပက္ခ၊ အထိကရုဏ်းတွေဖြစ်အောင် လမ်းစဖော်၊ သွေးချောင်းစီး၊ မီးလောင်တိုက်သွင်းပြီး တိုင်းပြည် ဗရုတ်ဗရက်ဖြစ်အောင် အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေနဲ့ ရက်ရက်စက်စက် စတေးနေသူတွေ၊ ပြည်သူလူထုက ကြည်ညိုလေးစား အားကိုးယုံကြည်နေသူကို ဘာသာရေးဗန်းပြ၊ ကုလားနဲ့ ဇွတ်ပေးစားပြီး နိုင်ငံ့ဦးသျှောင်မဖြစ်ရေးပြဇာတ်ကဖို့ ဘာသာရေးခေါင်းစဉ်တပ်ပြီး ဇာတ်ပဏ္ဍက်ရိုက်နေသူတွေ၊ လူတစ်ဦးချင်းရဲ့လွတ်လပ်ခွင့်အရ အကြောင်းအရာတစ်ခု၊ သဘောတရားတစ်ခုအပေါ် သဘောမတူ ဆန့်ကျင်သူကိုတောင် အောက်တန်းကျကျ ဆဲရေးတိုင်းထွာ၊ ဘာသာခြားနဲ့ ပေးစားပြီး သြဇာကြီး၊ ဝါကြီး၊ သိက္ခာကြီး ပုဂ္ဂိုလ်ကြီးတွေက သဘောတူထားသယောင်ယောင် ဆိုက်ဝါးနည်းတွေနဲ့ ဘေးကျပ်နံကျပ်ဖြစ်အောင် ဇွတ်အတင်း ကျုံးသွင်းနေသူတွေ၊ ဗုဒ္ဓရဲ့အစစ်အမှန် ဓမ္မ၊ ကျင့်စဉ်တွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသူတွေ၊ တစ်နည်းအားဖြင့် နောက်ကြောင်းပြန်မှ အာဏာပြန်ရဖို့ မျှော်လင့်ချက်တစ်ခုထဲနဲ့ အသက်ရှင်နေသူတွေလို့ပြောရင် လွန်မလားမသိဘူး။ အဲလိုလူတွေရဲ့ လုပ်ရပ်ကို တစ်တိုင်းတစ်ပြည်လုံး လက်ပိုက် ကြည့်သလို ကြည့်နေရတာ သိပ်ဝမ်းနည်းစရာကောင်းတယ်။

နိုင်ငံတကာအလယ်မှာ ချီးကျူးထောပနာပြုခံထားတဲ့ နိုင်ငံရဲ့ ကောင်းသတင်းတွေကို သိက္ခာချဖို့ အောက်တန်းကျနဲ့ နည်းတွေသုံးနေပြီ။ ဒီလောက် ဗရမ်းပတာနိုင်ပြီး စင်္ကြာဝဋာ အမှန်တရားတွေ၊ လောကနိယာမတွေ၊ လူ့ကျင့်ဝတ်စံနှုန်းတွေနဲ့ လားလားမှ မညီညွတ်တာတွေ တစ်နိုင်ငံလုံးအနှံ့ ဖြစ်အောင် တမင်သက်သက်လုပ်နေတယ်လို့ အားလုံးက ရိပ်မိနေပြီ။ ဘယ်နေရာ၊ ဘယ်အချိန်မှာ ပေါ်လာမလဲ စိုးတစ်ထိတ်ထိတ်နေနေရတဲ့ ပြည်သူတွေမျက်နှာ၊ တိုင်းပြည်မျက်နှာကြည့်ကြအုံး။ ဒီလို ထင်တိုင်းကျဲနေတာတွေကို လက်ပိုက်ကြည့်နေရင် နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ လက်ရှိအပြောင်းအလဲကို မယုံကြည်ဘဲ သွားပုတ်လေလွင့်ပြောနေတဲ့သူတွေ မှန်ကြောင်း သက်သေပြသလိုဖြစ်နေမယ်။ အဲလိုမဖြစ်အောင် ဘယ်သူ့မှာ အဓိက တာဝန်ရှိလဲ။ ဘယ်သူ တတ်နိုင်သလဲ။ ဘာ့ကြောင့် ခွင့်ပြသလိုဖြစ်နေတာလဲ။ သန်းခြောက်ဆယ်မျက်နှာကိုကြည့်ပြီး ဖြေပါ။ ဒါ မြန်မာနိုင်ငံသားတစ်ဦးချင်းစီရဲ့ ကံကြမ္မာ၊ ဂုဏ်သိက္ခာနဲ့ ဆိုင်တယ်။

အဲဒီအတွေးနဲ့ ဆက်စပ်လို့ ဒီနေ့ထုတ်သတင်းစာအတွက် ရေးဖြစ်တဲ့ခေါင်းကြီး မျှဝေပါရစေ။ ဝေဖန်ဖို့နဲ့ ဆင်ခြင်သတိပြုမိဖို့ပါ။

ဥပဒေ တစ်ရပ်၏ ဂုဏ်သိက္ခာ

လူ့အဖွဲ့အစည်း၊ နိုင်ငံတစ်ခုအတွက် ဥပဒေတစ်ရပ် ပြဋ္ဌာန်းရာတွင် မည်သည့်ဘက်ကဖြစ်စေ ၁၀၀ ရာခိုင်နှုန်း အသာရချင်၍ မဖြစ်နိုင်ဟု နိုင်ငံရေးသိပ္ပံ ကျွမ်းကျင်သူ ပညာရှင်များက ဆိုကြသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော်နှင့် နိုင်ငံသား အားလုံး၏ သတင်း လွတ်လပ်ခွင့်၊ သတင်း သိပိုင်ခွင့်၊ လွတ်လပ်စွာ သတင်း ရယူပိုင်ခွင့်တို့ကို အကာအကွယ်ပေးမည့် သတင်းမီဒီယာ ဥပဒေတစ်ရပ် ပြုစု ရာတွင်လည်း မည်သည့်ဘက်မှ ၁၀၀ ရာခိုင်နှုန်း အသာရရန် ရေးဆွဲနေခြင်း မဟုတ်ပေ။

မီဒီယာနှင့် ဆိုင်သော ဥပဒေများ ဆိုသည်မှာ ဥပဒေ ရေးဆွဲသော ဝန်ကြီးဌာန တစ်ခု၊ ကောင်စီ တစ်ရပ်၊ အဖွဲ့အစည်း တစ်ခုအတွက် ဆွဲခြင်း မဟုတ်သလို စာနယ်ဇင်း လောကသားတွေအတွက် သက်သက်လည်း ဆွဲသည်မဟုတ်ပေ။ မည်သို့သော ဥပဒေပဲဖြစ်စေ အဓိက ဦးတည်ချက်မှာ နိုင်ငံတော်နှင့် နိုင်ငံသား အားလုံးအတွက် ဦးတည်ရမည်ဖြစ်သည်။

ဥပဒေ တစ်ရပ်သည် အသွင်ကူးပြောင်းကာလ တစ်ခုတည်းအတွက်လည်း ဦးတည်ပြီး ဆွဲခြင်းမျိုးထက် နှစ်ပေါင်းများစွာတိုင် တည်တံ့ပြီး ဒီမိုကရေစီ လူ့အဖွဲ့အစည်းနှင့် ဆီလျော် အပ်စပ်သည့် ဥပဒေတစ်ခု ဖြစ်စေရန် ကြိုးစား ရေးဆွဲကြရမည်ဖြစ်သည်။ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင် ကူးပြောင်းစ ကာလတွင်မူ အရာရာကို စိုးရိမ်စိတ်နဲ့ ကြည့်တတ်ကြ သည့်အတွက် စိုးရိမ်စိတ် နောက်ကွယ်တွင် ဖြစ်တတ်သည့် သံသယ၊ အထင်မှား၊ အမြင်မှားနှင့် မယုံကြည်မှုများကြောင့် အချို့ ဥပဒေများနှင့် ပတ်သက်ပြီး အငြင်းပွားမှု၊ ကန့်ကွက်မှုများ ကြုံတွေ့နေရခြင်းဖြစ်သည်။

စင်စစ်အားဖြင့် လွှတ်တော် အရပ်ရပ်က အတည်ပြု ပြဋ္ဌာန်းလိုက်သော ဥပဒေ တစ်ရပ်သည် ထိုဥပဒေ ဖြတ်သန်းလာသည့် Process အားလုံးတွင် ပါဝင်နေသူ အားလုံး၏ ဂုဏ်သိက္ခာ၊ ပရော်ဖက်ရှင်နယ် ပီသမှု၊ နိုင်ငံရေး စိတ်စေတနာ၊ ရိုးဖြောင့်မှုများနှင့် တိုက်ရိုက် အချိုးကျသည်။ ပြောရမည်ဆိုလျှင် ဥပဒေတစ်ခု ပေါ်ထွက်လာပါက မည်သည့် ရှုထောင့်က ကြည့်သည်ဖြစ်စေ တရားမျှတမှုရှိရန်၊ နိုင်ငံတကာ ဒီမိုကရေစီ စံနှုန်းများ၊ လူ့အခွင့်အရေး စံနှုန်းများနှင့် ညီညွတ်ရန် လိုအပ်သည်။

မြန်မာ မီဒီယာလောကသည် ၁၉၆၂ ခုနှစ် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း မှတ်ပုံတင် အက်ဥပဒေ ၏ ဒဏ်ကို ကျောကော့အောင် ခံခဲ့ရသည့်အတွက် ယင်းဥပဒေကို တစ်ဖက်လှည့်ဖြင့် ပြန်အသက်သွင်း မည်ကို သေလောက်အောင် ကြောက်ကြသည်။ ထိုသို့ ကြောက်နေခဲ့ကြ သည့်အတွက် လက်ရှိ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းက ယခင် ၆၂ ဥပဒေထက် အများကြီး သက်သာသည်ဆိုသော စကားမှာ ဆီပူအိုးထဲမှ ရေနွေးအိုး ထဲသို့ ပြောင်းသွားသောကြောင့် ပိုအပူ သက်သာသည်ဟု ပြောသကဲ့ သို့ ဖြစ်နေသည်။ တစ်နည်းဆိုရပါက မျက်စိ နှစ်ကွင်း အလင်း မရရာမှ တစ်လုံး လင်းလာသည်ကို ကျေနပ်ရန် ပြောနေသကဲ့သို့ ဖြစ်သည်။ မြန်မာ မီဒီယာ လောကသားအားလုံး အလိုရှိသည်မှာ အေးမြသော ရေကြည်၊ ရေသန့ှ်တွင် ချိုးရန်နှင့် မျက်စိ နှစ်ကွင်းစလုံး အလင်းရရှိရန် ဖြစ်သည်။

ဥပဒေတစ်ခု၏ မှတ်ကျောက်သည် ယင်းဥပဒေအပေါ် သက်ဆိုင်ရာ နယ်ပယ်အတွင်းမှ တုံ့ပြန်မှု၊ ပညာရှင်များ၏ အသိအမှတ်ပြုမှု၊ နိုင်ငံတကာ၏ မှတ်ချက်နှင့် ဥပဒေ လေ့လာ၊ ရေးဆွဲ၊ ထောက်ခံ၊ သုံးသပ်၊ အကြံပြု၊ ပြင်ဆင်၊ အတည်ပြု၊ လက်မှတ်ထိုး၊ ပြဋ္ဌာန်းသည့် လုပ်ငန်းစဉ် အဆင့်ဆင့်အလိုက် ပါဝင်ပတ်သက်သူ ကာယကံရှင်များ၏ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာသန့်မှု အတိုင်းအတာအပေါ် မူတည်သည်။

ဤနေရာတွင် ထပ်လောင်း ဖော်ပြလိုသည်မှာ ဥပဒေ တစ်ခုသည် အသွင် ကူးပြောင်းကာလ တစ်ခု၏ တစ်ဖက်နှင့် တစ်ဖက် သံသယ၊ မယုံသင်္ကာမှု များဖြင့် ကြည့်နေကြသည့် အချိန်မျိုးအတွက် ရည်ရွယ် ပြဋ္ဌာန်းသည်မျိုးထက် အပြန်အလှန် ယုံကြည်မှု အပြည့်အဝပေးပြီး နောင် နှစ် ငါးဆယ်၊ တစ်ရာ တိုင်အောင် ဂုဏ်သိက္ခာ ရှိရှိ တည်တံ့မည့် ဥပဒေ တစ်ခုကို ရည်ရွယ်ပြဋ္ဌာန်းရန် အရေးကြီးကြောင်းပင် ဖြစ်သည်။

စင်စင်အားဖြင့် ယနေ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်း ရေး ဆွဲ ပြဋ္ဌာန်းရန် အထူး ကြိုးကုပ် အားထုတ်နေသော ပြန်ကြားရေးဝန်ကြီးဌာနနှင့် သတင်း မီဒီယာဥပဒေ ရေးဆွဲပြီး လွှတ်တော်သို့ တင်ပြရန် ပြင် ဆင်နေသည့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) တို့သည် ရည်ရွယ်ချက်ပန်းတိုင်ချင်း တူကြသည်။ သို့သော် ဖြတ်သန်းလာသည့် ပတ်ဝန်းကျင်၊ အသက်မွေးဝမ်းကျောင်း (ပရော်ဖက်ရှင်နယ်) ချင်း မတူကြသည့်အတွက် ပြဿနာတစ်ခု၊ ပုစ္ဆာတစ်ပုဒ်အပေါ် မြင်သော၊ ကြည့်သော ရှုထောင့်ချင်း မတူကြဘဲ ဖြေရှင်းပုံ ဖြေရှင်းနည်း ကွဲပြားနေခြင်း ဖြစ်သည်။

များစွာ အရေးကြီးသည်မှာ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အနေနှင့်ရော သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ဥပဒေပြု လွှတ်တော် အရပ်ရပ်နှင့် ဥပဒေကို လက်မှတ်ထိုး အတည်ပြု ထုတ်ပြန်ပေးမည့် သမ္မတ အနေနှင့်ပါ တွေ့ကြုံလာသမျှ ပုစ္ဆာများကို ဒီမိုကရေစီ အခြေခံသော အဖြေထုတ်သည့် နည်းလမ်းကို ရွေးချယ်ကြဖို့ ဖြစ်သည်။

ဥပဒေတစ်ခုသည် ဥပဒေပြု လွှတ်တော်၊ အစိုးရ၊ တရားစီရင်ရေး၊ မီဒီယာ၊ ပြည်သူလူထု အပါအဝင် နိုင်ငံတော်နှင့် နိုင်ငံသား အားလုံး၏ အဆင့်အတန်း၊ ဂုဏ်သိက္ခာကို ကိုယ်စားပြုနေသည်ဆိုခြင်းကို အားလုံး သတိချပ်ကြဖို့ ပြောလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၉-၇-၂၀၁၃)

No comments: