July 10, 2013 at 3:13pm
မိုးဦးကျမှာ သစ်တောသစ်အုပ်တွေ မြလွှာဝတ်ရုံ အသစ်လဲလို့ ဆင်သလိုပဲ
အမ်းဆေးရုံကလေးမှာလည်း ဆရာဝန်သွေးသစ်တွေလောင်းလို့ အားပြည့်အင်ပြည့်
ပြန်စည်လာပြီတဲ့။ တချို့ဆို သွားတောင် မသွားရသေးဘူး။ အမ်းကို ရောက်သတဲ့
လို့ သတင်းကြားတာနဲ့ ရွှေညောင်ပင်ဘိုးဘိုးကြီးဆီ ကားပြသလိုမျိုး ကိုယ့်ဆီ
အပြေးလာပြီး အခြေအနေ အရိပ်အကဲ စနည်းနာကြလေတယ်။ ကိုယ်ကတော့ ဘာပြောရမှာလဲ။
အစကတည်းက ပျော်ပါတယ် လို့ သည်လောက်တောင် ရေးထားမှပဲဟာ “ကျွန်တော်တော့
ပျော်ခဲ့တယ်” လို့ပဲ ပြောတာပေါ့။ မညာပါဘူး။ အဟုတ်ကို ပျော်ခဲ့တယ်။ အခုဆို
လက်ထောက်ဆရာဝန်ကလေးတွေ ပြန်မဖြည့်နိုင်ပေမယ့် အထူးကုဆရာဝန်တွေကို
အားပြည့်အင်ပြည့် ပြန်ဖြည့်ထားတယ် လို့ သိရတော့ “ပျော်စရာကြီးဗျာ။”
လို့တောင် ပြောလိုက်ချင်တာ အလိုက်မသိ အရိပ်အကဲ နားမလည်ရာကျမစိုးလို့ မနည်း
ဘရိတ်အုပ်ထားရတယ်။ အဲဒါ ကိုယ့်တစ်ယောက်တည်းတော့ မဟုတ်ပါဘူးဗျ။
ကိုယ်နဲ့အတူတူ ရောက်ကာစတုန်းက အတူဆုံခဲ့တဲ့ ဆရာဝန်တွေ အားလုံး တညီတညွတ်တည်း
ပြောတာပါ။ မိဝေးဖဝေး တရပ်တကျေးမှာ ခြိုးခြိုးခြံခြံ နေရတာ၊
သွားရေးလာရေးခက်၊ လျှပ်စစ်မီး မရှိတာကလွဲလို့ အမ်းကို မလွမ်းတဲ့သူ ဘယ်သူမှ
မရှိဘူး။ ဖေ့စ်ဘုတ်ပေါ် အမ်းကဓါတ်ပုံဟောင်းကလေးတွေ ပြန်တင်မိရင်တောင်
တတမ်းတတ ကွန်မန့််တွေပေးနေကြတုန်း။ သတင်းထောက်မကလေးတွေ အင်တာဗျူးမှာ
မေးနေကျအတိုင်း “အမ်းကိုရောက်နေတာ ဘယ်လိုခံစားရပါသလဲ။” လို့ မေးရင်
ဘယ်သူ့မေးမေး “သူများသားသမီးကို အခုလို ဘယ်သူမှ မလာချင်တဲ့ နေရာမျိုးမှာ
တမေ့တမော ပစ်ထားတဲ့ ကိုယ့်လူကြီးတွေကို ခြောက်ညင်အကြီးကြီး ကပ်တာကလွဲလို့
ကိုယ်ချင်းကိုယ်ချင်းတော့ အပျော်သားပါလေ။” လို့ ဖြေကြမယ် ထင်တယ်။
မနက်လင်းတာနဲ့ လက်ဘက်ရည်ဆိုင် သွားကြတော့လည်း အတူတူ။ ဆေးရုံပေါ်တက်
ကိုယ့်အဆောင်ကိုယ် ၀င်ကြတော့လည်း အတူတူ၊ မနက်ပြန်ညပြန်
ထမင်းစားထွက်တော့လည်း အတူတူ၊ ဒီကြားထဲ နေ့လည်နေ့ခင်း ကော်ဖီသောက် မုန့်စား
အဆောင်လည်လိုက်ကြသေးတယ်။ ပြန်တာကတော့ ဘယ်သူမဆို အကုန်
ပြန်ချင်ကြတဲ့သူတွေချည့်ပဲ။ ကိုယ့်ကိစ္စနဲ့ကိုယ် သည်လိုပဲ အလှည့်ကျ
ပြန်စရာရှိတဲ့သူကပြန်၊ ကျန်တဲ့သူက ကာဗာလုပ်ပေးထားကြတယ်။ ပြန်လာရင်
မုန့်ဝယ်ခဲ့ရတာပေါ့။
ပိုက်ဆံရသလား လို့ မေးရင်တော့ အမ်းက ပိုက်ဆံမရပါဘူး။ ဒါကြောင့်မို့လို့ ဘယ်ရခိုင်ဆရာဝန်မှ မလာချင်တဲ့မြို့ထဲမှာပါတယ်။ (လာတဲ့သူတွေကို အကြီးကြီး လေးစားပါတယ်။) ရခိုင်တွေက စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲလောက်သာ သွားတာ။ အမ်းကိုဆို ရှိတယ် လို့တောင် မမှတ်ဘူး။ အမ်းမှာ တစ်နှစ်ကုန်ကုန် နှစ်နှစ်ဆန်းဆန်း ဆရာဝန်တွေ လစ်လပ်နေလို့ရတယ်။ ကိစ္စမရှိဘူး။ ခုလိုပဲ။ မရှိ ရှိတဲ့လူက သိမ်းကျုံး လုပ်ပေးကြလိမ့်မယ်။ အမ်းမြို့နယ်ထဲက တပ်တောင်တို့ ကမ်းထောင်းကြီးတို့လို တိုက်နယ်ကလေးတွေကျတော့ တစ်ပတ်ဆယ်ရက်တောင် အလစ်မခံဘူး။ ချက်ချင်း အစားပြန်ဖြည့်တာ။ လူစားလာရရင်တောင် ကပြီးလာကြတဲ့ ရွာကလေးတွေ။ အဲဒီက တိုက်နယ်ဆရာဝန်ကလေးတွေက အမ်းက အထူးကုဆရာဝန်ကြီးတွေထက် ၀င်ငွေကောင်းတယ်။ ဒါကြောင့် အမ်းကသာ အလကားမတ်တင်း FoC နေရာ။ သူတို့နေရာတွေကတော့ လမ်းကြောင်းနဲ့မှ ၀င်လို့ရတာ။ ဒါပေမယ့် အထူးကုဆရာဝန်ဆိုတာ ဆေးခန်းလေးထိုင်စားရင် ၀မ်းဝရုံတော့ ရတာပ။ ရန်ကုန်မှာလို ကုန်စရာလည်း ထူးထူးထွေထွေ မှ မရှိပဲ။
အမ်းကဆရာဝန်တွေ ဖောဖောသီသီ ရတာကတော့ ပုဇွန်ခြောက်နဲ့ ပျားရည်ပါ။ ရန်ကုန်ပြန်တိုင်း အထုပ်ကြီးအထုပ်ငယ်နဲ့ပါတယ်။ အမ်းမှာ ဖောဖောသီသီ စားရတာကတော့ သူတို့က ၀ါးတုတ်လို့ခေါ်တဲ့ မျှစ်စို့ပေါက်ကလေးတွေ။ ရခိုင်ဟင်းကလေးတွေနဲ့ ရင်းနှီးသွားလိမ့်မယ်။ တောဝက်သား၊ ဆတ်သား၊ ဂျီသားစစ်စစ် စားဖူးသွားမယ်။ အခုလို မိုးဦးကျဆို သူများတွေ အင်တာနက်ပေါ်မှာ ဖားခရု ဖားခရု လို့ အော်နေတဲ့ဟာတွေ စားရမယ်။ ဖားပေါင်စင်းကလေးတွေ၊ ခရုလို့ခေါ်တဲ့ မုတ်ကောင်ကြီးတွေ လတ်လတ်ဆတ်ဆတ် ရတာပေါ့။ ပုဇွန်ကျားကလေးတွေကတော့ ရေတက်ပြီး ပြန်ကျသွားတဲ့ရက်တိုင်း ပေါတယ်။ ပင်လယ်စာကို ရခိုင်မှာ စားဖူးမှ ရန်ကုန်မှာစားရတဲ့ အရသာနဲ့ မတူမှန်း သိလိမ့်မယ်။ ငရုတ်ကောင်းစေ့လေး လှော်ထောင်းခပ်လိုက်ရင် ရေလုံပြုတ်ရုံ၊ ဆီပူထိုးရုံလောက်နဲ့ ချိုပြီးမွှေးနေရော။ အမ်းရဲ့ စပယ်ရှယ်မီနူးကတော့ ကြက်သောက်ဆမ်း၊ အာပူချက် နဲ့ ကျည်တောက်ထိုးပါ။ ရန်ကုန်က ရခိုင်ဆိုင်တွေမှာ ၀ယ်စားလို့ရပေမယ့် အရသာချင်း တခြားစီပဲ။ ကျောက်ဖြူကလာတဲ့ ငမုတ်ကြော်ကလေးတွေလည်း ကောင်းတယ်။ အမ်းမှာ ငွေယားကလေးများစုမိရင် အကြောင်းရှာပြီး ဆေးရုံမှာ အဖွဲ့လိုက်ကြီး ချက်ပြုတ်စားသောက်ကြတယ်။ အဲဒါကြောင့် ပျော်စရာကြီး လို့ပြောတာ။
အခုလိုမျိုး မိုးတွင်းဘက်ဆို အလကားနေရင်း ပျော်နေရတဲ့အကြောင်းကတော့ ရေတွေရေတွေဆိုတာ အားကြီးပေါတာပဲ။ တံစက်မြိတ်မှာ ရေတံလျှောက်ကလေးခံပြီး ပိုက်လုံးကလေးနဲ့ တိုင်ကီထဲသွယ်ထားရင် ပြတ်တယ်ကို မရှိဘူး။ လျှံလို့ချည့်နေတယ်။ သူတို့မိုးတွင်းကလည်း တစ်နှစ်မှာ ခြောက်လလောက်နီးနီး ရွာတယ်။ တောက်တဲ့ကြီးတွေ ကင်းလိပ်လျှောတွေတော့ အိမ်ပေါ်အိမ်အောက် အားကြီးမြူးတယ်။ ရန်ကုန်ကို ပြန်ပြောင်းလာတုန်းကတောင် ခရီးဆောင် အိပ်ထဲမှာ ကင်းလိပ်လျှောတစ်ကောင် အိမ်တိုင်ရာရောက် ပါလာသေး။ ညဘက်ဆိုရင် မိုးသံလေသံနဲ့ ဟိန်းနေအောင် တွန်တယ်။ ဖားတွေကလည်း ကြွက်ကြွက်ကို ညံလို့။ သူတို့ကို ဘာလို့ မိုးလေ၀သ ဗေဒင်ဟောတယ်လို့ ပြောမှန်း ခုမှ သိရတာ။ ရောက်ခဲ့ဖူးသမျှအရပ်ထဲမှာ ရခိုင်ဟာ မိုးအများဆုံးပဲ။ မုတ်သုန်က သူ့ကိုကျော်ပြီးမှ ကုန်းတွင်းဝင်ရတာကိုး။ အပြင်ထွက်မယ်ကြံရင် အိမ်ရဲ့ အနောက်တောင်ထောင့်ကိုသာ ကြည့်လိုက်။ မှောင်နေရင် ရွာတော့မှာ ထီးယူသွားတော့။ မိုးသက်လေပြင်းကလေးတွေ ကျတတ်ပေမယ့် မုန်တိုင်းတွေကျရင် သူ့ဆီတိုက်ရိုက်မလာဘူး။ တောင်တွေ ကာထားတာကိုး။ ညတိုင်းလိုလို မိုးရွာပြီး မိုးအေးအေးနဲ့ သိပ်အိပ်လို့ကောင်းတာ။ ပိုက်ဆံမကုန်တဲ့အရသာ။
သွားရေးလာရေးအတွက်ကတော့ တရုတ်ဆိုင်ကယ်လေးတစ်စီးလောက် ၀ယ်ထားလိုက်ရင် ဘာမှမလိုတော့ဘူး။ လေး ငါးသိန်းလောက်ဆို အသစ်ရတယ်။ လိုင်စင်မရှိလည်း ဘာမှမဖြစ်ဘူး။ လုပ်ချင်သပဆို ကညနက လာတဲ့အခါ လုပ်ထားလိုက်။ ရန်ကုန်ပြန်ချင် လေယာဉ်ပျံကြီး ပက်ဆပ်ပေးစီးလိုက်မှာပေါ့။ ဘာလိုသေးလဲ။ ဟိုနားသည်နားသွားတဲ့ ရွာလမ်းကလေးတွေက ဆိုင်ကယ်နဲ့မှ နှံ့နှံ့တက်တာ။ အစည်းအဝေးရှိရင် စစ်တွေကို TMO ကိုယ်စား သွားရင်း လည်လို့ပတ်လို့လည်းရတယ်။ လေယာဉ်ခမှ တစ်သောင်းခွဲပဲ ပေးရတယ်။ ကားနဲ့သွားရင် ပိုတောင် ကုန်သေး။ ခြေထောက်ဗွေပါတဲ့သူဆို မြောက်ဦး၊ ကျောက်တော် သွားမလား၊ ကျောက်ဖြူ ရမ်းဗြဲ သွားမလား၊ တောင်ကုတ် သံတွဲ သွားမလား။ သွားစမ်းပါလေ့။ ငပလီ၊ သံတွဲကလွဲရင် ဟော်တယ်ခတွေ ဈေးမကြီးဘူး။ ရေပူ ရေအေး၊ အဲယားကွန်း နဲ့ နှစ်ယောက်ခန်းကို နှစ်သောင်းခွဲလောက်ဆို အကောင်းစား သားသားနားနား တည်းလို့ရတယ်။ စစ်တွေမှာတော့ ရခိုင်စာတင် မဟုတ်ဘူး။ ခေါက်ဆွဲကဘားတို့ စာနာပရာတို့ပါ စားကောင်းတယ်။ River Valley တော့ ရောက်အောင်သွားသင့်တာပေါ့။ ရခိုင်မုန့်တီကတော့ အမ်းမှာ စားမကောင်းဘူး။ စစ်တွေ၊ ကျောက်ဖြူမှာ တအားကောင်းတယ်။ စနဲသုပ်ဆိုတဲ့ ငပိနဲ့ ငရုတ်သီးမှုန့်နဲ့ ခပ်စပ်စပ်ကလေး သုတ်တာကမှ ပိုစားကောင်းတာ။
ပေါင်းသင်းဆက်ဆံရေးကျတော့ တော်တော်များများ ပြောကြတာက ရခိုင်တွေဟာ အချိုချက်လည်းမရ အချဉ်ချက်လည်းမရ၊ ပေါင်းရသင်းရ အားကြီးခက်တာလို့ ပြောလေ့ရှိကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။ အကြောသိဖို့ပဲ လိုတာ။ သူတို့က အစပ်လေ အစပ်။ စားတတ်ရင်တော့ သူမပါ ခံတွင်းမလိုက်တော့ဘူး။ သဘောကောင်းပါတယ်။ နေရာတကာ ရခိုင်မှ ရခိုင် ဖြစ်နေတတ်ကြလို့ အမြင်ကပ်ခံရတာ နေပါလိမ့်မယ်။ စစ်တွေမှာ အထိုင်ကျနေတဲ့ သူငယ်ချင်းအထူးကုဆရာဝန်တစ်ယောက် ပြောတာ မှတ်ထားဖူးတယ်။ “ရခိုင်တွေနဲ့ပေါင်းရင် မင်းဝင်ဝင်ချင်းတော့ အောက်ကျခံပြီး ၀င်ပါ။ တစ်ခါအောက်ကျခံလိုက်တာ သူတို့ ကျေနပ်သွားရင် နောက်အခေါက်တွေ ခေါင်းပေါ်တက်နင်းလည်း စိတ်မဆိုးတော့ဘူး။” တဲ့။ ဟုတ်သင့်သလောက်တော့ ဟုတ်သား။ သူတို့လည်း လူပဲဟာ။ လူပီသတဲ့စရိုက်ရှိတာပေါ့။ ဒါပေမယ့် လက်တွေ့ကိုယ်တိုင်သိလာတဲ့ သင်ခန်းစာကတော့ စိတ်ထဲမှာ သူတို့နဲ့ကိုယ်နဲ့ ဗမာပဲ ရခိုင်ပဲ အတွေးကိုဖျောက်ထားပြီး ရခိုင်ရောက်တုန်း ရခိုင်လိုနေ၊ ရခိုင်လိုတွေး၊ ရခိုင်ယဉ်ကျေးမှုတွေနဲ့ နီးစပ်အောင် လေ့လာကြည့်ရင် ပိုပြီး ခင်ခင်မင်မင် ရင်းရင်းနှီးနှီးလည်းရှိ၊ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ ကိုယ်လည်း သူတို့နေရာက ၀င်တွေးတတ်သွားတာပေါ့။ အမ်းမရောက်ခင်ကများ ရခိုင်ဆို ငှက်ပျောသီးသေးသေးလေးလောက်ပဲ သိတာ။ အခု ၀န်ကြီးဌာနကြီးကျေးဇူးနဲ့ တော်တော်လေး တီးမိခေါက်မိရှိလာလို့ ကျေးဇူးတောင် တင်မိသေး။
လုပ်ငန်းသဘောသဘာဝအနေနဲ့ပြောရရင် အမ်းမှာနေရတဲ့ အထူးကုဆရာဝန် တစ်ယောက်ရဲ့ဘ၀ဟာ ရန်ကုန်မှာ ရေများရာ မိုးရွာနေတဲ့ ဆရာဝန်ဘ၀ထက် အများကြီး ကျေနပ်စရာကောင်းပါတယ်။ ရန်ကုန်မှာက ယန္တယားကြီးတစ်ခုရဲ့ တစိတ်တပိုင်းအနေနဲ့ လှုပ်ရှားရတယ်။ နေ့တိုင်း လူနာတွေ ကြည့်နေတယ်။ ခွဲနေတယ်။ တက်လာတယ်။ ဆင်းသွားတယ်။ ကောင်းသွားတယ်။ သေသွားတယ်။ ဘယ်ဟာမှ ကိုယ့်လူနာ မဟုတ်ဘူး။ ဘယ်သူကမှလည်း ဘယ်သူ့ဆရာဝန် မဟုတ်ဘူး။ အဖွဲ့အစည်းတစ်ခုလုံး သတ်မှတ်ထားတဲ့ စည်းကမ်း လုပ်ထုံးလုပ်နည်းကို လိုက်နာပြီး ၀တ္တရားမပျက် ကုသနေကြတယ်။ အထည်ချုပ်စက်ရုံမှာ ကော်လာချုပ်တဲ့သူ၊ ဂုတ်ပိုးချုပ်တဲ့သူ၊ ရှေ့ခြမ်းနောက်ခြမ်း ချုပ်တဲ့သူ သူ့တာဝန်နဲ့သူ ခွဲထားသလိုပဲ။ ဘယ်အထည်ကမှ ကိုယ့်လက်ရာ သီးသန့် မဟုတ်ဘူး။ ဘယ်သူဘယ်ဝါ ၀တ်ဖို့မှ ရည်စူးထုတ်လုပ်နေတာ မဟုတ်ဘူး။ ကိုယ့်စက်ပေါ် ရောက်လာတဲ့အထည် အမှားအယွင်းမရှိ၊ အချိန်မီ ပြီးအောင်ချုပ်။ အဲဒီသဘောပဲ။ နယ်မှာကျတော့ အပ်ချုပ်ဆိုင်မှာ သွားအပ်တာနဲ့တူတယ်။ လူနာတစ်ဦးချင်းကိုလိုက်ပြီး လိုအပ်သမျှ အစအဆုံး ကိုယ်ချည့်ပဲ တာဝန်ယူရတယ်။ ကောင်းလည်း ကိုယ့်လက်ရာ၊ ဆိုးလည်း ကိုယ့်လက်ရာ။ မလုပ်တတ်လို့ ငုတ်တုတ်ထိုင်ပြီး သူများဆိုင်လွှတ်နေရင်လည်း ကိုယ်အသုံးမကျတာ။ ချည်မရှိလို့၊ အပ်မရှိလို့ လွှဲချမနေနဲ့။ ကိုယ့်ဟာကိုယ် ရှိအောင်လုပ်၊ မလုပ်နိုင် ငုတ်တုတ်နေ။ ရွှေအကြောင်း ဖယောင်းသက်သေတဲ့။ နယ်မှာရောက်နေတဲ့ ဆရာဝန်တစ်ယောက် ဘယ်နေရာတော်ပြီး ဘယ်နေရာရှော်သလဲဆိုတာ အဲဒီနယ်က လူနာတွေ အသိဆုံးပဲ။ ရောက်တုန်းရောက်ခိုက် ဆေးရုံပေါ်တချက်လောက် ၀င်ပတ်ကြည့်လိုက်ရင် သဘောပေါက်နိုင်လောက်တယ်။ ဒါကြောင့်မို့ လုပ်ငန်းခွင် စိတ်ကျေနပ်မှုဟာ နယ်မှာပိုရနိုင်တယ်။ တစ်ခုတော့ ရှိတာပေါ့။ ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန် ပြန်မဆန်းစစ်နိုင်ရင် လူသရမ်းလက်သရမ်းကြီး ဖြစ်သွားတတ်တယ်။ ကံဆိုတာ အမြဲတစေတော့ ဘယ်ကောင်းနေနိုင်ပါ့မလဲ။ ဆရာတစ်ယောက်ပြောဖူးတာကတော့ နယ်မှာ Confidence တက်လာပေမယ့် Competence ကျသွားတတ်တယ်တဲ့။ ရန်ကုန်မှာ စက်ကိရိယာ ပညာရှင် စုံစုံလင်လင်နဲ့ လုပ်ရတဲ့ မနိုင်ရင်ကာ လူနာတွေကို တောမှာ ဘာမှ မတတ်နိုင်ဘူး။ အတတ်နိုင်ဆုံး ကြိုးစားပေးမယ်ဆိုတဲ့ ကုထုံးဟာ ရသင့်ရထိုက်သော နှုန်းမီစံကိုက် ကုထုံးနဲ့ အများကြီး ကွာတယ်။
ညောင်သီးတွေစားရတဲ့အကြောင်းချည့်ပဲ ပြောနေမိတယ်။ အမ်းမှာနေရင် လေးညှို့သံကလေးလည်း နားထောင်တတ်အောင် သင်ပေးဦးမှပါ။ တော်တော်ကြာ ပြောပြောကမှ မစောပဲ လို့ ရှိနေဦးမယ်။ အမ်းဟာ ပိုက်ဆံသာ ဟုတ်ဟုတ်ငြားငြား မရတာ။ အတိုင်အတောထူတဲ့ မြို့ထဲမှာ သူလည်း ပါတယ် လို့ ပြောရမလိုဖြစ်နေပြီ။ ခေတ်ကာလကြီးက အရင်လို မဟုတ်တော့ပဲ ဘာမဆို ဂျာနယ်စာမျက်နှာပေါ် ရောက်ရောက်သွားတဲ့အချိန်ဆိုတော့ တခါတရံမှာ ကိုယ်ကလည်း မမှားပဲနဲ့ ဂျာနယ်ကျော် မမလေး ကိုကိုလေးတွေ ဖြစ်ကုန်ကြတာလည်း ရှိပါတယ်။ ကိုယ့်ဘ၀အကျိုးပေးကလည်း ဘယ့်နှယ်ကြီးမှန်း မသိပါဘူး။ ရန်ကုန်ကနေထွက်တာ အမ်းရယ်၊ ဘူတန်ရယ်၊ လောက်ကိုင်ရယ်၊ သုံးနေရာပဲ ရောက်ဖူးသေးတယ်။ သုံးနေရာစလုံးမှာ အမှုကိစ္စတွေမှာ သက်သေလိုက် ရှေ့နေလိုက် ၀င်ဝင်ပါခဲ့ရတယ်။ မီးမရှိပဲ မီးခိုးမထွက်ဘူး လို့တော့ မထင်စေချင်ပါဘူး။ အမှုဖြစ်တဲ့သူတွေမှာ ဘယ်သူကမှ ကိုယ်ကျင့်သိက္ခာ ပျက်လှပါချည့် မဟုတ်ဘူး။ အစဆွဲထုတ်စရာ တစုံတရာမှာ အတွင်းလူ တစ်ဦးတစ်ယောက်က ရှဲဒိုးစာရေးဆရာ ပါနေလို့ ဖြစ်ကြရတယ်။ ဆိုလိုတာက “ငါ ဘာမှားလို့လဲ။” ဆိုပြီး ဘာမထီ အာဇာနည် လုပ်နေလို့ကတော့ ဆွမ်းခံရင်း ငှက်သင့်မိရင် အလကားနေရင်း စစ်လားဆေးလားနဲ့ ရှင်းနေရတတ်တယ်။ အဲလိုဖြစ်သွားရင် အနည်းဆုံးတော့ မုဒ်ကအောက်သွားပြီး လုပ်ချင်ကိုင်ချင်စိတ်တွေ ပျောက်သွားရော။ ဘယ်ပျော်တော့မလဲ။ ကိုယ်က ဘာမှမဟုတ်လောက်ဘူးလို့ ထင်နေတဲ့ဟာကလေးတွေက ကိုယ့်ကို အနှောက်အယှက်ပေးတတ်တယ် လို့ သတိပေးချင်တာပါ။ တကယ်တမ်း ကျားစီးဖားစီး သူဌေးဖြစ် ခွေးဖြစ် စားနေတဲ့သူမျိုးတွေဟာ ကိုယ်တွေထက် အများကြီး လည်ပါတယ်။ ပန်ကာဆိုတာ အထက်မှာခိုင်အောင် ဇောက်ထိုးဆွဲထားမှ လည်လို့ရတာခင်ဗျ။ သူတို့လိုလူစားမျိုးကို ဘယ်သောအခါမှ အတိုင်အတောနဲ့ ဒုက္ခရောက်သွားတာ မတွေ့ဖူးပါဘူး။ ဒီလိုပြောလို့ လွတ်တယ်တော့ မထင်ပါနဲ့။ ကိုယ့်အကုသိုလ်နဲ့ကိုယ် ဒုက္ခရောက်သွားတာတော့ စောဖေတို့ နောကျေအောင် မြင်ခဲ့ဖူးပါတယ်။ အဲဒါကြောင့် မတော်တဆ အဲလိုလူမျိုးနဲ့ ကြုံလာရင် ကိုယ့်အထုပ်ကိုယ်ထမ်းနေတာ လို့ပဲ သဘောထားပါတယ်။ ကံ ကံ၏အကျိုးဆိုတာ စေတနာပါသွားရင် အဟောသိကံ ဖြစ်ရိုး မှ မရှိပဲနဲ့။
တကယ်တော့ အမ်းမှာနေကြတဲ့ ဒေသခံတောသူတောင်သားတွေက ရိုးလှပါတယ် မပြောနိုင်တောင် အ တာတော့ အမှန်ပါ။ သူတို့ဆီရောက်လာတဲ့ ဆရာဝန်ဆိုရင် အထူးကုနဲ့မှ ပြချင်တဲ့ စိတ်ကလေးတော့ ရှိတာပေါ့။ ဆေးမပေးရင် စမ်းသပ်ခဆိုတာလည်း နားလည်ကြတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆရာဝန်တွေကို တိုင်လိုက်တောလိုက်မယ် ဆိုတဲ့စိတ်တော့ မရှိကြပါဘူး။ မြန်မာဆရာဝန်တွေနဲ့ မြန်မာစကားပြောနေရတာတောင် သူတို့မှာ ရှက်ကိုးရှက်ကမ်း မရွံ့မရဲနဲ့။ နို့ပေမယ့် မြေကွက်တွေ အလျော်တောင်းတုန်းကလို တစ်ယောက်ယောက်က ဦးဆောင်ပြီး “ရော့ ဒီလိုတိုင်ရတယ်။ ဒီမှာ လက်မှတ်ထိုး။” ဆိုရင် သိပ်မစဉ်းစားဘူး။ နောက်တော့မှ “ငါတို့နေရာ နောက် ဆရာဝန်တွေ မလာချင်ပဲ နေရော့မယ်။” ဆိုပြီး ရင်ဘတ်စည်တီးဖြစ်တယ်။
အမ်းကပြောင်းလာပြီး အမ်းကို တအောင့်မေ့မေ့ ရှိနေဆဲဖြစ်တဲ့ ဆရာဝန်ကြီးကြီးငယ်ငယ်တွေ တော်တော်များများ ရှိပါလိမ့်မယ်။ ကိုယ်တောင် အဲဒီထဲကမှ တစ်ယောက် မဟုတ်လား။ ဒါပေမယ့် အမ်း လို့ ဆိုလိုက်တာနဲ့ မသွားရအောင် လွှမ်းခြုံတဲ့သူတွေ၊ အင်အားနဲ့ တွဲဘက်ပြီး တခြားမှာနေတဲ့သူတွေ၊ ထွက်စာတင်တဲ့သူတွေ၊ သွားပြီးမှ မနေနိုင်ပဲ ပြေးသွားတဲ့သူတွေကတော့ ပိုများနေမလား မသိပါဘူး။ အခုလည်း အသစ်တွေရောက်လာတယ်သာဆိုတယ်။ ဘယ်နှစ်ယောက်ကများ တကယ်နေပြီး ဘယ်နှစ်ယောက်က ကျန်ခဲ့မယ် မပြောတတ်ပါဘူး။ အဆင်မပြေခြင်း စိတ်ညစ်ခြင်းများနဲ့ ကြုံနေမယ်ဆိုရင်တော့ ကိုယ်ရေးတဲ့စာကြောင့် နာစရာလေးတွေ မေ့ပြီး လွမ်းစရာလေးတွေ တွေးမိမယ် ထင်ပါတယ်။ ကိုယ်တိုင်မနေဖူး မသွားဖူးပဲ သူများချောက်ကျအောင် သာခြင်းတထပ် ဖွဲ့နွဲ့ပြီး ဂျင်းထည့်လွှတ်တဲ့စာမျိုး မရေးဖူးတာတော့ အရင်စာတွေ ဖတ်ဖူးသူတိုင်း သိပါလိမ့်မယ်။ စိတ်ရင်းအတိုင်း ဆုတောင်းပေးရရင်တော့ အားလုံး ပျော်နိုင်ကြပါစေဗျာ။

No comments:
Post a Comment