Tuesday, July 23, 2013

မြိတ်မြို့၌ ၀ါဆိုသင်္ကန်းဝယ်ယူရန်အကြောင်းပြု၍ မော်တော်ဆိုင်ကယ် လိမ်လည်မှုဖြစ်ပွား

★ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မြိတ်မြို့၌ ၀ါဆိုသင်္ကန်းဝယ်ယူရန်အကြောင်းပြု
မော်တော်ဆိုင်ကယ် လိမ်လည်မှုဖြစ်ပွား
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ★

မြိတ်မြို့၊ ပါရမီရပ်ကွက်၊ ပါရမီဈေးအနီးနေထိုင်သူ ဦး.......... မောင်းနှင်သော Wave 100 (2006) အပြာရောင်အား ၀ါဆိုသင်္ကန်းဝယ်ယူရန် အကြောင်းပြုပြီး ဆိုင်ကယ်ငှားယူလိမ်လည်မှုတစ်ခုကို ဇူလိုင်လ (၉)ရက်၊ နေ့လည် (၁၀း၃၀)အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မော်တော်ဆိုင်ကယ်ပိုင်ရှင်ဖြစ်သူ ဦး.............. သည် မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ နောက်လယ်ဈေးအနီး၌ မော်တော်ဆိုင်ကယ်မောင်းနှင်လာစဉ် အမည်မသိသူတစ်ဦးမှ ဆိုင်ကယ်တား၍ ၀ါဆိုသင်္ကန်းဝယ်ယူလိုကြောင်းနှင့် ၀ယ်ယူရန်အတွက် သင်္ကန်းအးမျိုးအစားများ နားမလည်သဖြင့် (xxxxx) ဘုန်းကြီးကျောင်း၌ မေးမြန်းအကူအညီသွားရောက်တောင်းယူလိုကြောင်း ပြောကြားပြီး ငှားယူမောင်းပို့ခိုင်းခဲ့သည်။

ဘုန်းကြီးကျောင်းသို့ရောက်သောအခါ ငှားရမ်းသူသည် ကျောင်းပေါ်သို့တက်သွားပြီး ခဏအကြာတွင် ခပ်၀၀ဘုန်းကြီးတစ်ပါးအား ၀ါဆိုသင်္ကန်းဝယ်ယူရန်အတွက် အကူအညီတောင်းပြီး ပင့်ဆောင်လာခဲ့သည်။ မော်တော်ဆိုင်ကယ်တစ်စီးတည်းကို ဘုန်းကြီးတစ်ပါးနှင့် လူ (၂)ဦး မောင်းနှင်ရန်မှာ ခက်ခဲသဖြင့် ပိုင်ရှင်ဖြစ်သူသည် ဘုန်းကြီးကျောင်း၌ ကျန်ရစ်ခဲ့ပြီး ငှားရမ်းသူနှင့် ဘုန်းကြီးသာလျှင် သင်္ကန်းဝယ်ယူရန်အတွက် မော်တော်ဆိုင်ကယ်အား မောင်းယူထွက်သွားခဲ့သည်။
တစ်နာရီကျော်ကျော်ခန့်ကြာမြင့်သောအခါတွင် ဘုန်းကြီးသည် တစ်ခြားသောအငှားဆိုင်ကယ်တစ်စီးဖြင့် ဘုန်းကြီးကျောင်းသို့ ပြန်လည်ရောက်ရှိလာပြီး ငှားရမ်းသူသည် ဘုန်းကြီးအား မြစ်ငယ်ဈေးအနီးရှိ လ္ဘက်ရည်ဆိုင်တွင်ထားခဲ့ပြီး ပိုက်ဆံသွားယူမည်ဟုပြောကြားကာ ထွက်သွားကြောင်းနှင့် အချိန်ကြာသည့်တိုင် ပြန်မရောက်လာသောကြောင့် မစောင့်နိုင်သဖြင့် ကျောင်းသို့ပြန်လာကြောင်း၊ ဘုန်းကြီးအနေဖြင့်လည်း ဒကာနှစ်ဦးစလုံးကို ဘုန်းကြီးကျောင်းသို့ အတူတူရောက်ရှိလာသဖြင့် အသိမိတ်ဆွေများဟု ထင်မှတ်ထားမိကြောင်း၊ ယခုမှပင် ဆိုင်ကယ်ပိုင်ရှင်နှင့် ငှားရမ်းသူများအဖြစ် သိရှိကြောင်းကို ပြောကြားခဲ့သည်။

ထိုကြောင့် ပိုင်ရှင်ဖြစ်သူသည် မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားထားပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ မော်တော်ဆိုင်ကယ် ငှားရမ်းလိမ်ပြေးသူအား စုံစမ်းလျှက်ရှိကြောင်း သိရှိရသည်။

• {ဇူလိုင်လ (၂၂)ရက်နေ့တွင်လည်း အလားသည့်လိမ်လည်မှုမျိုး ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်} (via Tanintharyi Thar)

No comments: