Thursday, July 18, 2013

SEA Games လှုံ့ဆော်ရေး တစ်ကိုယ်တော် လမ်းလျှောက်သူ မော်လမြိုင်ရောက်



မော်လမြိုင်၊ ဇူလိုင် ၁၇

ဒီဇင်ဘာလအတွင်း ပြုလုပ်မည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ လှုံ့ဆော်ရေး အတွက် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှ နေပြည်တော်သို့ တစ်ကိုယ်တော် ခြေလျင် လမ်းလျှောက်သူ ဦးအောင်သူ ၄၅ နှစ်သည် ဇူလိုင်လ ၁၇ ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ရောက်ရှိလာကြောင်း မြို့ခံများ ၏ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါ SEA Games လှုံ့ဆော်သူ ဦးအောင်သူသည် မြိတ်မြို့ မှ နေပြည်တော်အထိ ၇၁၇ မိုင်ကို ရက် ၄၀ ကြာ လမ်းလျှောက် မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အိမ်ရှင် မြန်မာနိုင်ငံက ရွှေတံဆိပ် အများဆုံး ရရှိစေရန် ရည်ရွယ်၍ လှုံ့ဆော် ရခြင်းဖြစ်ကြောင်း ဦးအောင်သူက ၎င်း၏ ရည်ရွယ်ချက်ကို ရှင်းပြသည်။

“ကျွန်တော် ပြန်လှည်ဖို့ အစီအစဉ် မရှိဘူး။ မိန်းမကလည်း အားပေး တယ်။ ပြန်လှည့်ပြန်ရင် ရိုက်မယ်တဲ့” ဟု ၎င်းက ဆိုသည်။

ယင်း SEA Games လှုံ့ဆော်ရေး တစ်ကိုယ်တော် လမ်းလျှောက်သူသည် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ မြိတ်မြို့မှ စတင် ထွက်ခွာ လာခြင်းဖြစ်ပြီး မော်လမြိုင်မြို့သို့ ရောက်ရှိရန် ၁၇ ရက်ကြာ အချိန်ယူ ခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ SEA Games လှုံ့ဆော်ရေး ခရီးစဉ် စတင် ထွက်ခွာလာသည့် အချိန် တွင် မြိတ်မြို့မှ အဖော်တစ်ဦး လိုက်ပါလာသော်လည်း မွန်ပြည်နယ် ရေးမြို့ တွင်ကျန်းမာရေး အခြေအနေကြောင့် ကျန်ရစ်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ယခု SEA Games လှုံ့ဆော်ရေး ခရီးစဉ် အောင်မြင်ပါက စက်တင်ဘာလ အတွင်း၌ ခြေလျင် ခရီးစဉ် တစ်ခု ထပ်မံ စီစဉ်မည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

No comments: