Friday, January 10, 2014

ပြည်သူ လူထု အတွက် စဉ်းစားဖို့ ဆိုတာ မနက်ဖြန်တို့ များစွာ သန့်စင်လတ်ဆတ်စွာ ရှိနေပါသေးတယ်

----------------------------------------------------------------------------------------------
မြန်မာနိုင်ငံရဲ့ အသွင် ကူးပြောင်းရေးကာလမှာ ဖြစ်ပေါ် ပြော...
င်းလဲနေတဲ့ ဖြစ်စဉ်တွေဟာ ရှုပ်ထွေးနက်နဲ သိမ်မွေ့ မြန်ဆန်လွန်ပြီး နိုင်ငံတကာကတောင် မျက်စိလည် ကုန်ကြပါတယ်။ အထူးသဖြင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ လုပ်ငန်းစဉ်တွေဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပန်းတိုင် မရောက်သေးတဲ့ ပဟေဋ္ဌိများစွာ ပေါ်ထွက်နေပါတယ်။

အခြေခံ ဥပဒေကို မပြုပြင်ဘဲ လက်နက်ကိုင် တိုင်းရင်းသားတွေကို ဇွတ်အတင်း ငြိမ်းချမ်းရေးရတယ်ဆိုပြီး လုပ်တယ်ဆိုရင်တော့ ဒီနေ့ ငြိမ်းချမ်းရေး စာချုပ် ချုပ်၊ နောက်နေ့ကျရင် သေနတ်သံတွေ ပြန်ထွက်လာမှာ သေချာပါတယ်။ ယခုတောင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေစဉ်မှတောင် သေနတ်သံတွေက အားပေးနေတုန်းဖြစ်ပါတယ်။ လက်နက်ကိုင် တိုင်းရင်းသား တဖွဲ့ချင်း မလုပ်ဘဲ အဖွဲ့အားလုံးကို တပြိုင်တည်း ငြိမ်းချမ်းရေးရအောင် ဒုတိယ ပင်လုံလို့ ခေါ်တဲ့ လူမျိုး ပေါင်းစုံ အလွှာပေါင်းစုံ ပါဝင်တဲ့ ညီလာခံကြီး တစ်ခုက ငြိမ်းချမ်းရေး ပန်းတိုင် တစ်ခုသာဖြစ်ပါတယ်။

ကြံ့ဖွံ့ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်ကြတဲ့ သူရဦးရွှေမန်း၊ ဦးဌေးဦး၊ ဦးအောင်သောင်း၊ ဦးအောင်သိန်းလင်း၊ ဦးသိန်းဇော်၊ ဦးသောင်း၊ ဦးကျော်ဆန်း၊ ဦးတင်ထွဋ်၊ ဦးမောင်မောင်သိန်း စသည်တို့ ရှိကြတဲ့အနက် တင်းမာသူအချို့က အမြင့်ဆုံး ဒေါ်အောင်ဆန်းစုကြည်အား ဒုသမ္မတအဖြစ်သာ ရှိနေစေချင်ကြပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကိုယ်တိုင် ဥပဒေပြင်ဆင်ရေးအတွက် အဓိက ပုဂ္ဂိုလ်အဖြစ် မူတည်နေသလို နောက်ကွယ်မှာ ရှိနေတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သဘောထား မှတ်ချက်ကလည်း အဓိက အရေးပါဆဲဘဲ ဖြစ်ပါတယ်။

အခြေအနေ ဖန်တီးခွင့် ပေးလျှက်သားနဲ့ အစိုးရက အချိန်ဆွဲနေတယ်လို့ထင်ပါတယ်။အထူးသဖြင့် ဘာသာရေးနှင့် ယှဉ်ပြီး ဖြစ်လာတဲ့ပြဿနာတွေ အမျိုးသားရေး ကိစ္စတွေ အားပြိုင် ပြင်းထန်နေတဲ့ကိစ္စတွေ မှာ မျိုးချစ်စိတ် ဆိုတဲ့ ပေတံနှင့် လူ့အခွင့်အရေးပေတံကို တိုင်းထွာ နှိပ်ကွပ်ခဲ့လို့ ပြင်းထန်တဲ့ တုန့်ပြန်မှုမျိုးတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီ အကြီးအကဲများက ကြိတ်ပြီး ဝမ်းသာနေပုံ ရမယ် ထင်ပါတယ်။ထပ်မံ ထိုးစစ်ဆင်လာမဲ့ ထောက်လှမ်းရေး ဗျူဟာတစ်မျိုး ဖြစ်တဲ့ အမှောင့် နည်းဗျူဟာတွေဟာ ထင်ရှားစွာ မြင်ရမှာ မဟုတ်တဲ့အတွက် မျိုးချစ်စိတ် ပေတံက ခေါင်းမထောင်နိုင်အောင် တိုက်ချလိုက်မှာ သေချာပါတယ်။ ကြံ့ဖွံ့ပါတီအနေနဲ့ လူထုအား စည်းရုံးရာမှာ သမာရိုးကျ နည်းဗျူဟာနှင့် ကျင့်သုံးလို့ မရနိုင်တဲ့အတွက် အမျိုးသားရေးဖြစ်ထွန်းတဲ့ လှုပ်ရှားသူများနဲ့ ပူးပေါင်း၍လည်းကောင်း၊ သံဃာတော်များရဲ့ အရိပ်ကို နောက်မှကပ်ပြီး မသိမသာ လိုက်ပါနိုင်ပြီး လည်းကောင်း နည်းဗျူဟာမျိုးစုံနှင့် အသုံးချနိုင်ပါတယ်။ ဒီဟာတွေကို တစ်ဖွဲ့ဖွဲ့၊ ဒါမှမဟုတ် အစိုးရဖက်ကပါ အမြတ်ထုတ်ချင်နေသူတွေရှိနေတာ သူတို့ ခြေရာလက်ရာတွေကိုမြင်နေရတာ ဘယ်ငြင်းလို့ရမလဲ။

ပြသနာတွေကိုဖြေရှင်းတဲ့နေရာမှာဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာကိုသူတို့အစိုးရအနေနဲ့အံခွနေ အောင်အတွေ့ အကြုံရှိ ခဲ့ပြီးသား ဖြစ်ပါတယ်။ကျနော်တို့လူမျိုးဟာ ပင်ကိုယ်စရိုက်အားဖြင့် အင်မတန် အေးအေး နေတတ်တဲ့သဘာဝ ရှိပါတယ်။ငြိမ်းချမ်းလိုတယ်။ တဆက်တည်းမှာ တိုင်းပြည်ကြီးဆင်းရဲနောက်ကျနေတာကို လွတ်မြောက်ချင်ကြပြီးဒီလူတွေ မတရားအုပ်ချုပ်နေမှန်းသိသိနဲ့ မရိုးသားမှန်းသိသိနဲ့ကျနော်တို့တတွေ ဆက်ဆံနေကြရတယ်။ ဒီ့အတွက် ကျနော်တို့ သိစိတ်၊ မသိစိတ်ကနေသူတို့ပြောင်းပါပြီ ဆိုတာကို ဇွတ်လက်ခံပြီးဇွတ်ပေါင်းသင်း ဆက်ဆံနေကြရတယ်။
တကယ်က သူတို့ဟာ ပြောင်းတာလား၊ကျနော်တို့ကို အသုံးချပြီး သူတို့တည်မြဲရေး အတွက်ဆက်တည်ဆောက် နေတာလား ဆိုတာ ယနေ့ဖြစ်ပျက်နေတဲ့အခြေအနေတွေက သက်သေပြလို့နေပါတယ်။တမျိုးသားလုံး စစ်ကျွန် ဘ၀ မရောက်ဖို့နဲ့ ပြည်တွင်း စစ်မီး မတောက်လောက် စေဖို့အတွက် စစ်အာဏာရှင် စနစ် ဆိုးကြီး မြန်မာ့ မြေပေါ်မှာ အဆုံး သတ်သွားဖို့ လိုအပ် ပါတယ်။ ဒီလို အဆုံး သတ်နိုင်ဖို့အတွက် ပြည်သူ လူထု တရပ်လုံး လက်တွဲပြီး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု လုပ်ငန်းစဉ် တွေကို လုပ်ဆောင် ကြမယ် ဆိုရင် နအဖ စစ်အာဏာရှုး တွေရော၊ စစ်အုပ်ချုပ်ရေး ယန္ဒရားရော၊ စစ်အာဏာရှင် စနစ်ပါ အားလုံး ချုပ်ငြိမ်း သွားမှာ အသေ အခြာဘဲ ဖြစ်ပါတယ်။

စစ်အာဏာရှင် စိုးမိုး စဉ်ကာလ ကနေ လွှတ်တော် ပုံရိပ်ကို ပြောင်းလဲတဲ့ နေရာမှာ ဒီအပြောင်း အလဲတွေကို ပီပြင်စွာ ကြိုးကိုင် နိုင်ရေး အတွက် အချိန်ယူ ရမှာ ဖြစ်ပါတယ်။သို့သော် အစိုးရ မည်သို့မည်ပုံ အချိန် ဆွဲသွားသလဲ ဆိုတဲ့ အချက်ကိုလည်း နိုင်ငံရေး သမားတွေက ဂရုတစိုက် သတိရှိစွာ ထားကြရပါမယ်။စစ်အာဏာရှင်တို့ လုပ်ချင် နေတဲ့ ထာဝရစစ်ကျွန် ပြုရေး ကို အကောင် အထည် မဖေါ် နိုင်ခင်မှာ အဆုံး အဖြတ်ပေးတဲ့ တိုက်ပွဲကို အနိုင် တိုက်နိုင်ရေး ပဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က ဘင်္ဂလီကိစ္စ၊ လက်ပန်တောင်းတောင် ဆန္ဒပြမှု၊ KIA အပါအ၀င်တိုင်းရင်းသား လက်နက်ကိုင် တိုက်ခိုက်မှု၊ ပြည်တော်ပြန်တွေ နေရာချမှု၊ ဘာသာရေး ဆူပူမှု၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆွေးနွေးရေး ပြည်တွင်းစစ် ပြဿနာ ကိုင်တွယ်မှု၊ နိုင်ငံတကာ အခင်းအကျဉ်း၊ အာဆီယံ လှုပ်ရှားမှု၊ လူထု အယုံအကြည်ရှိတဲ့ လွှတ်တော် အရေးပါလာဖို့ လှုပ်ရှားမှုတွေ NGO ကိစ္စ၊ တပ်မတော် အင်အားမြှင့်တင်မှုနဲ့ အမေရိကန် ဆက်ဆံမှု၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဖြိုခွဲရေး ကိစ္စ၊ ပြည်တွင်း ဆန္ဒပြမှုများ၊ သယံဇာတ ရောင်းဝယ်မှု၊ ကိစ္စတွေမှာ ပြည်တွင်း အခြေအနေ ရှုပ်ထွေးနေအောင် ဖန်တီး ထားပုံ ရတယ်လို့ မြင်ရပါတယ်။ အာရုံ လွှဲနည်းက ကျွမ်းကျင် ကြပါတယ်။ အဲဒီလိုဘဲ အာဆီယံ ဥက္ကဌ အတွက် ပြင်ဆင် နေတာကိုလည်း လူထုက သိပ်ပြီး ဂရုမစိုက် နိုင်ခဲ့ဘူး။

ယနေ့ တိုင်းပြည် အကြီးအကဲ အမည်ခံများ လျှောက် လှမ်း နေတဲ့ ခရီးလမ်းက အာဏာတည်မြဲရေး အတွက် ဖြစ်နေလို့ ဥပဒေအမျိုးမျိုးချကာ နှိပ်ကွပ် နေပြီး လူတကာကို လှည့်စားဖို့ သာကြိုးစားပြီး ပြည်သူလူထုရဲ့ မှီခိုအားထားရာ တခါမှ စိတ်ကူးရှိဟန် မတူပါဘူး။ ပြည်သူ လူထု အတွက် စဉ်းစားဖို့ ဆိုတာ အချိန်မရကြတာ အသေအချာပါဘဲ။ စစ်အာဏာရှင်စနစ် လုံးဝပပျောက် သွားရေးကို လုပ်ဆောင်တော့မယ်ဆိုရင်မညီညွတ်မှုတွေနဲ့ အာဏာရှင်တွေကိုရင်ဆိုင် နေမယ်ဆိုရင်တော့ ပန်းတိုင်ဆိုတာ အိမ်မက်တစ်ခုမက်နေသလိုပဲ ဖြစ်နေမှာပါပဲ။တယေက်တပေါက် ဝိုင်းအော်နေ ပြီး မညီညွတ်ကြရင် ကျဆုံးမှာပဲ ။ကျွန်တော်တို့အနေနဲ့ တနိုင်ငံလုံး အတိုင်း အတာ ဆန့်ကျင်ရေး အဖွဲ့ အစည်းတွေ၊ သမဂ္ဂတွေ၊အစည်း အရုံးတွေ အမြန်ဆုံး ပေါ်ထွက် လာရေး ဆောင်ရွက်ရမှာ ဖြစ်သလို တိုင်းရင်းသား ပြည်သူ အားလုံးက စစ်အာဏာရှင် စနစ်ကို မိမိတို့ရဲ့ကိုယ်ပိုင် စွမ်းအားနဲ့ တွန်းလှန် ဖယ်ရှား နိုင်တယ် ဆိုတာကိုလဲ အခိုင် အမာယုံကြည် လာစေရပါမယ်။ တိုင်းရင်းသား ပြည်သူ အားလုံး အတူ တကွ အသွင် ကူးပြောင်း ကာလကိုအောင်မြင်စွာ ကျော်ဖြတ် နိုင်ရေးတို့ ကိုလုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။

အပြောကျယ်ပြန့်လှသော လူသားတို့၏ နေထိုင်မှူ လူနေမှု ဘဝ တို့မှာ အဝေးတွင် ကျန်ရစ်ခဲ့သည့် အတိတ်များအပေါ် လွမ်းနေရုံ၊ အပြစ်ဖို့နေရုံမျှနှင့်တော့လည်း အဖြစ်ရှိလာမည်မဟုတ်ပါ။ ယနေ့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အဆင်မပြေတဲ့ သူတွေ တော်တော်များများရှိနေကြပါတယ်။ မိမိနိုင်ငံရဲ့ လူနေမှုစံနစ်နဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် အဖက်ဖက်က ယိုယွင်းပျက်ဆီးနေတာကို မြင်ရတွေ့ရှိနေရပါတယ်။ ကျနော်တို့ များစွာ နောက်ကျနေခဲ့ပါသလား။ သို့တည်းမဟုတ် ကျနော်တို့ မည်သည့်နေရာကစလို့ ပြင်ကြရပါမည်လဲ။ မနက်ဖြန်တို့ သန့်စင်လတ်ဆတ်စွာ ရှိနေပါသေးသည်။ ခေတ်ကတော့ဖြင့် တရွေ့ရွေ့ဖြင့် ရွေ့နေပါလေပြီ။ ထိုသို့ အရွေ့ တိုင်းတွင် တန်ဖိုးထား၍ ထမ်းပိုး သယ်ယူသွားရမည့် အရာများအပြင် ၀မ်းမြောက်ဝမ်းသာစွာ ချန်ထားပစ်ရမည့် အရာများလည်း ရှိနေသည်ဟု ယုံကြည်နေမိပါတယ်။

 ဇော်ဝမ်းမောင်……..

No comments: