Friday, January 10, 2014

NLD ပါတီအကြောင်း ဦးအောင်သောင်းအပြော ဟံသာဝတီဦးဝင်းတင်သုံးသပ်

 – အံ့ခေါင်မင်း

“ဦးအောင်သောင်း အခုပြောတာဟာ နိုင်ငံရေးကျင့်ဝတ်မရှိတဲ့၊ နိုင်ငံရေး ယဉ်ကျေးမှု မရှိတဲ့သဘော”

ခင်ဗျားတို့ကော ဘယ်လိုလုပ်ခဲ့လဲ။ တိုင်းပြည်က ပိုက်ဆံတွေကို ကိုယ်ကျိုးအတွက် ခိုးဖို့ဝှက်ဖို့လုပ်၊ သိုလှောင်ထားပြီး ချမ်းသာနေတာ မဟုတ် လား။  ခင်ဗျားတို့ ပိုင်ဆိုင်မှုတွေ ထုတ်ပြနိုင်သလား။ အဲသလို ယှဉ်ပြီးမေးရင် သူတို့ဘယ်လိုဖြေမလဲ . . .
မြန်မာသံတော်ဆင့် အပတ်စဉ်သတင်း အတွဲ-၂၊ အမှတ်(၄၃)တွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းနှင့် နိုင်ငံရေးဆွေးနွေခြင်း”” ခေါင်းစဉ်ဖြင့် နိုင်ငံရေး တွေ့ဆုံမေးမြန်းခန်း တစ်ရပ် ကို ဖော်ပြခဲ့သည်။ ထိုတွေ့ဆုံ မေးမြန်းခန်းတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက ““တကယ်တော့ လက်ရှိ အနေအထားအရ ကြည့်မယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီက အင်အား နည်းနည်း တောင့်တင်းတဲ့ သဘောရှိတာပေါ့။ NLD ဆို ဒေါ်စုကြည်ပဲ ရှိတယ်။ နောက်လိုက် သိပ်မရှိဘူး။ အာဃာတတွေနဲ့ လက်စားချေလိုတဲ့ နိုင်ငံရေးသမား၊ အာဃာတကို ဖော်ဆောင်နေ တဲ့ နိုင်ငံရေးသမား၊ မကျေနပ်ချက်ကို အခြေခံပြီး ဖြစ်လာတဲ့ နိုင်ငံရေးသမား၊ အခွင့်အရေးများ ရမလား ဆိုပြီးတော့ ၀င်လာတဲ့ နိုင်ငံရေးသမား ဖြစ်နေတယ်။။ တကယ့်နိုင်ငံရေးကို နားလည် ယုံကြည်ပြီးတော့ NLD  ရဲ့ လမ်းစဉ် မူဝါဒတွေ ကောင်းတယ်၊ အဲဒါတွေသာ တိုင်းပြည်ကြီး တည်ဆောက်လို့ ရတယ်၊ အလွန်ကောင်းမှာပဲ၊ ချမ်းသာသွားမှာပဲ၊ အောင်မြင် သွားမှာပဲ၊ ကမ္ဘာကလည်း လက်ခံမှာပဲဆိုတဲ့ ဒီလိုအမြင် နဲ့က နည်းတယ်”” …ဟု ပြည်ခိုင်ဖြိုးပါတီနှင့် အဓိက ပြိုင်ဘက်ပါတီအဖြစ် တည်ရှိနေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်( NLD )ကို ဝေဖန် ပြောကြားခဲ့သည်။ ထိုပြောကြားချက် နှင့်အတူ ပါတီနှစ်ရပ်ကြား ခေါင်းဆောင်များ၏ လက်ရှိ ဆက်ဆံမှု အနေအထား၊ နှစ်ဖက် အင်အားစုများ၏ ယခင် ရပ်တည်မှု အနေအထားများအရ စဉ်းစားဝေဖန် သုံးသပ်စရာကိစ္စရပ်များစွာ ထွက်ပေါ် လာခဲ့သည်။ ထိုကြောင့် ဦးအောင်သောင်း၏ ယင်းပြောကြားချက် အပါအ၀င် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်းသည့် ပြောကြားချက်များအပေါ် သုံးသပ်ချက် တစ်ရပ်ကို မြန်မာသံတော်ဆင့်မှ ထပ်မံ တင်ပြ လိုက်ရပါသည်။ ဦးအောင်သောင်း ဝေဖန် ပြောကြားခဲ့သည့်  NLD ပါတီ၏ စတင် ထူထောင်စဉ်ကပင် ခေါင်းဆောင် တစ်ဦးအနေဖြင့် အခရာကျကျ ပါဝင်ခဲ့သူ၊ ယနေ့အချိန်အထိ၏ ဖြစ်စဉ်များတွင် ဦးဆောင် လမ်းညွှန်သူ တစ်ဦးဖြစ်သူ၊ NLD ပါတီတွင်း၌ပင် မူဝါဒပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများ ဖြစ်ပေါ်လာလျှင် မထောက် မညှာ ဝေဖန်သုံးသပ်မှု ပြုတတ်သူ၊ NLD ပါတီ သဘာပတိ အဖွဲ့ဝင် ဟံသာဝတီဦးဝင်းတင်၏ သုံးသပ်မှုများမှာ -
မူအကြောင်း၊ လူအကြောင်း
ဦးအောင်သောင်း ပြောတာဟာ  ပါတီတစ်ခုနဲ့ ပါတီတစ်ခု မူဝါဒတွေအရ ပုတ်ခတ်တယ်၊ ဆန့်ကျင်ပြောတယ်။ အတင်းချ ပြောတယ် ဆိုတာမျိုး ဆိုရင်တော့ ဒါကပြောလို့ရတယ်။ မူဝါဒတွေ မတူဘူးလေ။ သူ့ ပါတီက လုပ်တဲ့ ဟာကတော့ ကောင်းကျိုး မပေးဘူး။ တို့ပါတီက လုပ်တာမှ ကောင်းတယ် ဆိုတာမျိုးလေ။ ဒီလို လူပုဂ္ဂိုလ်တွေ တိုက်တဲ့ ဟာကတော့ နိုင်ငံရေးအရ ဆိုရင်တော့ မကောင်းဘူးဗျ။
 ကျွန်တော်လည်း ကြံ့ဖွံ့ကို ဆန့်ကျင်တာတွေ ရှိတယ်။ ပေါ်လစီအရ ဆန့်ကျင်တဲ့ အရာတွေ ကျွန်တော် ပြောတယ်။ ဘယ်သူက ဘယ်လိုဆိုတဲ့ ဟာတွေတော့ ကျွန်တော်လည်း ဘယ်တုန်းကမှ မပြောခဲ့ဘူး။
 အခု သူပြောတာဟာ NLD ထဲက လူတွေ အကုန်လုံးဟာ နိုင်ငံရေးကို ကြုံရာကျပန်း ၀င်လုပ်တဲ့ လူတွေ၊ နိုင်ငံရေးကို အာဃာတနဲ့ လုပ်တဲ့လူတွေ၊ နိုင်ငံရေး လုပ်စားတဲ့လူတွေ ဆိုတဲ့သဘောမျိုးနဲ့ ပြောတယ်။
ပါတီတစ်ခုနဲ့တစ်ခု ဒီိလိုသာ ပြောတမ်းဆိုရင် သူတို့တွေကိုရော ဘယ်လိုပြောရမလဲ။ ပြန်ပြောစရာတွေ အများကြီး ရှိတာပေါ့ဗျာ။
အခုသူပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ပဲ ရှိတယ်။ ကျန်တဲ့လူ တစ်ယောက်မှ အသုံးမကျဘူး။ မကောင်းတဲ့ လူတွေလည်း ဖြစ်တယ်။ အာဃာတတွေ ရှိတဲ့လူတွေလည်း ဖြစ်တယ်ဆိုတာမျိုး ပြောတာကတော့ တော်တော်ကို မကောင်းတဲ့ ကိစ္စပေါ့။
နိုင်ငံရေးသမား တစ်ယောက် နိုင်ငံရေးကို လုပ်တဲ့နေရာမှာ ဘယ်လို အချိန်မှာ ဒီလူဟာ နိုင်ငံရေးသမား ဖြစ်တယ်လို့ ဘယ်လို သတ်မှတ်တာလဲ။
ကျွန်တော့် ပါတီထဲမှာလည်း ပြောတယ်။ မီဒီယာပေါ်မှာလည်း ကျွန်တော် ပြောတယ်။ အသံလွှင့်တဲ့ နေရာမှာလည်း ပြောတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်ဆို နိုင်ငံရေးသမား ဖြစ်တယ်လို့ မယူဆဘူး။
ကျွန်တော်က နိုင်ငံရေး မိသားစုထဲက မွေးတာ။ မိသားစုထဲမှာ နိုင်ငံရေး ခေါင်းဆောင်တွေ အများကြီးရှိတယ်။ နိုင်ငံ့ဂုဏ်ရည်ရတဲ့ လူတွေ အများကြီးရှိတယ်။ နိုင်ငံရေးသမားကြီးတွေ ရှိတယ်။ ဆွေမျိုးထဲမှာလည်း ရဲဘော် သုံးကျိပ်ရဲ့ ဆွေမျိုးသားချင်းတွေ ရှိတယ်။ ဒါပေမဲ့ ကျွန်တော် နိုင်ငံရေး မလုပ်ချင်ဘူး။ ကျွန်တော် စာပဲရေးချင် တယ်။ သတင်းစာဆရာ လုပ်ချင်တယ်။
လောဘဇောတိုက်နိုင်ငံရေး
ဒီတော့ ဘယ်လိုလူမျိုးကို နိုင်ငံရေးသမား ခေါ်တာလဲ။
ဦးအောင်သောင်းဆိုရင်ပဲ အရင်တုန်းက သူဘာလုပ်လဲ။ ကျောင်းဆရာလုပ်တယ်။ နောက် စစ်တပ်ထဲဝင်တယ်။ အာဏာသိမ်းတယ်။ ဒါကို အမျိုးသား နိုင်ငံရေးလို့ ခေါ်သလား။ သူ့ကိုယ်သူ အမျိုးသား နိုင်ငံရေးလုပ်တယ်၊ နိုင်ငံရေးသမားလို့ ပြောလို့ရလား။ နိုင်ငံရေးသမားဆိုလည်း  သူတို့ဟာ ကိုယ်ကျိုးရှာဖို့အတွက် လောဘ ဇောတိုက်ပြီးတော့ နိုင်ငံရေး လုပ်ကြတာဆိုရင် ဘယ်လိုဖြေမလဲ။
ကျွန်တော့်ကိုယ်ပဲ ကျွန်တော်ပြောမယ်။ ကျွန်တော့်မိတ်ဆွေ ဦးမြတ်ဆွေတောင် ဆောင်းပါး ရေးဖူးတာရှိတယ်။ ဦးမြတ်ဆွေ ရေးတဲ့အထဲမှာ ဦးဝင်းတင် ဖောင်ဒေးရှင်း ဆိုပြီး လုပ်နေတာ အခုမှလုပ်တာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကတည်းက လုပ်လာတာလို့။ ဘာလို့လဲဆို ကျွန်တော့်ဆီမှာရှိတဲ့ ပိုက်ဆံတစ်ဝက် လောက်က အမြဲတမ်း သူများကို ပေးတယ်။ အသက် ၂၀ ကျော်တည်းက အယ်ဒီတာ လုပ်တယ်။ နိုင်ငံခြား သတင်းဌာနမှာ လုပ်တယ်။ လခကောင်းကောင်းနဲ့ နေရာ ကောင်းကောင်းတွေမှာ လုပ်ခဲ့တာ။ သတင်းစာ သမားတွေ လစာနည်းကြတယ်ဆိုတာ မှန်ပေမယ့် အဲဒီထဲကမှ လစာကောင်းကောင်းရတဲ့ နေရာတွေမှာပဲ ကျွန်တော်လုပ်ခဲ့တာ။
အဲဒီအချိန်တုန်းက ရတဲ့ပိုက်ဆံလေးတွေ စုပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး အပြီးမှာ အဖမ်းခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အပါအ၀င် ၁၉၅၈/၅၉ လောက်တည်းက အဖမ်းခံရတဲ့ လူတွေ ရှိတယ်။ ဒါတွေအတွက် ကျွန်တော် ပိုက်ဆံပေးနေတာပဲ။
ကျွန်တော် သတင်းစာဆရာ လုပ်တဲ့ အချိန်မှာလည်း ဒီလိုပဲ လုပ်တယ်။ နိုင်ငံရေး လုပ်တဲ့အခါမှာလည်း ဒီအတိုင်းပဲ။ ထောင်ကျစဉ်တုန်းကလည်း ဒီအတိုင်းပဲ။ ကျွန်တော့်ဆီ ထောင်ဝင်စာ လာတဲ့အခါမှာ ငါးပိကြော် ပါတယ်။ ငါးခြောက်ကျော်ပါတယ်။ ငှက်ပျောသီးပါတယ်။ အကုန်လုံး သူများကို ပေးလိုက်တာ။ တစ်ရက်တည်းပဲ အကုန်လုံး ပေးလိုက်တယ်။ကျွန်တော် နေ့စာ၊ ညစာချန်ပြီးတော့ စားခဲ့တာ မဟုတ်ဘူး။
ဒီတော့ ခင်ဗျားတို့ကော ဘယ်လို လုပ်ခဲ့လဲ။ တိုင်းပြည်က ပိုက်ဆံတွေကို ကိုယ်ကျိုးအတွက် ခိုးဖို့ဝှက်ဖို့လုပ်၊ သိုလှောင်ထားပြီး ချမ်းသာနေတာ မဟုတ်လား။ ခင်ဗျားတို့ ပိုင်ဆိုင်မှုတွေ ထုတ်ပြနိုင်သလား။ အဲသလို ယှဉ်ပြီး မေးရင် သူတို့ ဘယ်လိုဖြေမလဲ။
ကျွန်တော်တော့ ချက်ချင်းဖြေနိုင်တယ်။ ကျွန်တော်မှာ ပိုက်ဆံတစ်ပြားမှ မရှိဘူး။ ကလေး မုန့်ဖိုးပေးဖို့တောင် မရှိဘူး။ သူများအိမ်မှာ နေနေတာ။ သူများကျွေးတဲ့ ထမင်းစားနေတာ။ သူများခေါ်တဲ့ကားနဲ့ လိုက်နေတာ။
ကျွန်တော်အကုန်လုံး လှူလိုက်ပြီ။ စာမူပိုင်ခွင့်၊ စာရေးခ၊ သူများလာပြီး ကန်တော့တာတွေ လှူလိုက်ပြီ။ ဘာမှမရှိဘူး။ အားလုံးအသိပဲ။
ဦးအောင်သောင်းဆိုတဲ့သူ ကျွန်တော့်ထက် အသက်ကြီးကောင်း ကြီးလိမ့်မယ်။ ဒီတော့ ခင်ဗျားလည်း သေခါနီးနေပြီ။ ကျွန်တော်လည်း သေခါနီးနေပြီ။ လိပ်ပြာသန့်အောင် ခင်ဗျားဘာတွေ လုပ်နိုင်သလဲပြော။ ကျွန်တော့်မှာ လိပ်ပြာသန့်အောင် ပြောနိုင်တဲ့ဟာတွေ ရှိတယ်။ အဲဒီလိုတွေ ပြောမယ်။ အဲဒီလိုတွေ တိုင်းတာ ပြောကြမယ် ဆိုရင် ဘယ်ကောင်းမလဲ။ ဟုတ်လား။ ကျွန်တော့် မူဝါဒက ပုဂ္ဂိုလ်ရေး ထိုးနှက်တာတွေ မလုပ် ချင်ဘူး။
 ကျင့်ဝတ်၊ ယဉ်ကျေးမှု
ဦးအောင်သောင်း အခုပြောတာဟာ နိုင်ငံရေး ကျင့်ဝတ်မရှိတဲ့၊ နိုင်ငံရေး ယဉ်ကျေးမှု မရှိတဲ့သဘော ဖြစ်နေတယ်။ ဒါလည်း ပြောဖို့ မကောင်းဘူး။ ပြောလည်း မပြောချင်ဘူး။
မူဝါဒါနဲ့ ပတ်သက်ရင်တော့ တိုက်သင့်ရင် တိုက်ရမှာပဲ။ သတင်းစာ တွေမှာလည်း ကျွန်တော်တိုက်တဲ့၊ ခိုက်တဲ့ ဟာတွေ ပြောနေ၊ ရေးနေတာပဲ။ ဒါပေမဲ့ မူဝါဒနဲ့ ပတ်သက်ပြီးလုပ်တာ။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ မလုပ်ဘူး။
ဆက်လက်ဖော်ပြပါမည်။

No comments: