Monday, January 13, 2014

တနင်္သာရီရှိ ကျွန်းလေးခုတွင် နိုင်ငံတကာ အဆင့်မီ အပန်းဖြေ စခန်းများ တည်ဆောက်မည်


--------------------------------------------------
မြိတ်ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံသည့် ရေလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊ စီးပွား ရေး လုပ်ငန်းများ၊ တည်ဆောက်ရေး လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ အဆင့်မြင့် အိမ်ယာ ဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးတက် လာပြီး မောတောင်နယ်စပ် ကုန်သွယ်ရေး စခန်း ဖွင့်လှစ်ခြင်း နှင့်အတူ ကုန်သွယ်မှုလုပ်ငန်းများ၊ ကုန်စည် စီးဆင်းမှုများ လျင်မြန် မြန်ဆန် လာ၍ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ ရောက်ရှိ လာ တော့မည် ဖြစ်သည်။

မြိတ်ဒေသသို့ ကုန်သွယ်မှု လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများဖြင့် အလည်အပတ် ရောက်ရှိလာတော့ မည့် ဧည့်သည် များအား အပန်းပြေစေရန်၊ ရေမြေ တောတောင် ကျွန်းများနှင့် ဂေဟစနစ် မပျက်စီးသေးသည့် သန္တာ ကျောက်တန်း များ၏ သဘာဝအလှများကို ကြည့်ရှု ခံစားနိုင်စေရန် အတွက် ကျွန်းအပန်းဖြေစခန်းများကို မြိတ်အများပိုင် ကော်ပိုရေးရှင်း လီမိတက်မှ တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကျွန်းအပန်းဖြေ စခန်းများ တည်ဆောက်မည့် ကျွန်းများမှာ ကွမ်းသီးကျွန်း (ကဘူဇာကျွန်း)။ အရှ့စူဠာကျွန်း၊ လငန်းကျွန်းစုနှင့် တနင်္သာရီကျွန်းတို့ ဖြစ်ကြသည်။ ၄င်းကျွန်းများအား ကျွန်းအပန်းဖြေစခန်းများ တည်ဆောက်ရန် အတွက် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းနှင့် မြိတ်အများပိုင် ကော်ပိုရေးရှင်း လီမိတက်မှ တာဝန်ရှိ သူများမှ ဇန်န၀ါရီလ(၈) ရက်နေ့မှ (၁၀)ရက်နေ့အထိ ကျွန်းပတ်ဝန်းကျင်နှင့် ကျွန်းပေါ်သို့ ကွင်းဆင်း လေ့လာ ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ကျွန်းအပန်းဖြေ စခန်း တည်ဆောက်ရာတွင် နိုင်ငံတကာ အဆင့်မီ ဟိုတယ်အဆောက်အဦ၊ ဘန်ဂလို များ၊ တည်းခိုဆောင်များ၊ အဆင့်မြှင့် အရောင်းဆိုင်များ၊ ကစားကွင်း၊ ပန်းခြံ၊ ဂေါက်ကွင်း၊ ရေကူးကန်နှင့် အပျော်စီး ရေယာဉ် များ စသော တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ပြီး တည်ဆောက်ရေး စီမံကိန်း ကာလ(၄)နှစ် ၂၀၁၄-၂၀၁၅မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ကျွန်းအပန်းဖြေ စခန်း တည်ဆောက်ရေး လုပ်ငန်းများ အကောင်အထည် ဆောင်ရွက် လာပါက ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာခြင်း၊ မြို့ရွာ ကျေးလက် ကျွန်းပေါ် မခွဲခြားဘဲ လမ်းပန်း ဆက်သွယ်ရေးများ အဆင်ပြေ ချောမွေ့လာခြင်း စသော အကျိုးကျေးဇူးများရရှိလာကာ လူနေမှုဘ၀မြှင့်မား လာပြီး အလုပ်အကိုင်သစ်များ ရရှိလာ၍ တစ်ဦးချင်း ၀င်ငွေများ တိုးပွားလာ မည်ဖြစ် သဖြင့် ဆင်းရဲမှု လျော့ချရေး တွင် အထောက် အကူဖြစ်လာမှာ ဖြစ်ကြောင်း သတင်းရရှိသည်။

မြိတ်/ပြန်ဆက်

No comments: