Wednesday, March 26, 2014

ဇနီးဖြစ်သူက ခေါ်တဲ့ " ဟိုဟာကြီး " အကြောင်း......... ကျွန်မ ရဲ့  သူလိုလင် ..........


................................ ကျွန်မ ရဲ့  သူလိုလင် ..........................
ကျမ ကွင်းလျားရွာမှာ ကျောင်းတက်တော့ အသက်က 14 နှစ် 7 တန်းကျောင်းသူဖြစ်ပါတယ် ။ ကွင်းလျားရွာဆိုတာ ငသိုင်းချောင်းနဲ့ 6 မိုင်လောက်ဝေးပါတယ် ။ သူက ငသိုင်းချောင်းရဲ့ တစ်ဖက်ကမ်းက ဒေါင့်ကြိးရွာမှာနေပါတယ် ။ သူနဲ့ ကျမ ကအသက်အားဖြင့် 5 နှစ်ကျော် 6 နှစ်နီးပါး ကွာပါတယ် ။ သူက အဲဒီတုန်းက ဥပစာ ပထမနှစ် တက်နေပါပြီ ။ သူက ကျမဆရာနဲ့ မှ သူငယ်ချင်းတွေ ဖြစ်တော့ ဆရာက မိတ်ဆက်ပေးလို့သာ သိခဲ့ကြပါ ။ နောက်ပိုင်း စစ်တွင်းမှာ ခေတ်ကာလ အခြေနေတွေ ဆိုးလာလို့ ကျမတို့ မိသားစုက ငသိုင်းချောင်းကို ပြောင်းနေရပါတယ် ။ ကျမ ဖခင်ဆုံးပြီးနောက်ပိုင်းမှာ ငသိုင်းချောင်း အမျိုးသားကျောင်းမှာ လက်နိပ်စက်နဲ့ စာရင်းကိုင်သင်တန်းတွေ တက်ပါတယ် ။ အဲဒီသင်တန်းတွေကို သူလည်းလာတက်ပါတယ် ။ သူက လက်ရေးတိုနဲ့ စာရင်းကိုင် ဘာသာတွေ မှာ ပထမ ၊ ကျမက လက်နှိပ်စက်မှာ ပထမ ရကြပါတယ် ။
………………………..သူနဲ့ ကျမ ရဲ့ ရေစက်က အဆန်းပါတယ် ။ ကျမရဲ့ နားကပ်နောက်ပိတ်ရွှေပြားလေး ပျောက်သွားတော့ ဘယ်လို မှ ရှာလို့ မရပဲ လက်လျော့ပြီးနေခဲ့ တာ အတော်ကြာနေခဲ့ ပါပြီ ။ တစ်နေ့ မှာ သူနဲ့ သူ့ သူငယ်ချင်းတစ်စု သူ့သူငယ်ချင်းဖြစ်တဲ့ ကျမတို့ ဆရာဆီ အလည်လာကြတုန်း ဆရာကမုန့်စိမ်းပေါင်းနဲ့ ဧည့်ခံပါတယ် ။ တိုက်တိုက်ဆိုင်ဆိုင် သူစားတဲ့ မုန့် စိမ်းပေါင်းထဲမှာ ကျမရဲ့  နားကပ် ရွှေနောက်ပိတ်လေးကို ၀ါးမိပါတယ်တဲ့ ။ အဲဒီချိန်မှာ ဆရာအပါအ၀င် သူနဲ့အပေါင်းပါတေကွပါ အံ့သြသွားကြပြီး ကျမဆရာ သူ့ သူငယ်ချင်းက “ဒါဖူးစာဖက်ပဲ ၊ မင်းတို့ နှစ်ယောက် မငြင်းနဲ့ နင်တို့ တစ်ကယ် ဖူးစာဆုံရမယ် ငါအတတ်အပ်ဟောတယ်” ဆိုပြီး ပြောပါတယ် ။
……………………….. တကယ်တော့ သူနဲ့ ကျမကို သူ့ မိဘတွေက သဘောတူကြပါတယ် ။ ကျမအမေကတော့ ဘာမှ ထွေထွေထူးထူး မပြောပါဘူး ။ မိန်းကလေးရှင်မို့ လားတော့ မသိဘူး ။ ကျမကတော့ ဖြင့် သူ့ကို မကြိုက်ပါဘူး ။ ပုံစံကလည်း ၀ဖိုင့်ဖိုင့် ၊ စကားပြောပုံကိုလည်း ခွကျကျနဲ့ ။ ကျမက သူ့ ကို ကွယ်ရာမှာတော့ “ဟိုဟာကြီး” လို့ ခေါ်ပါတယ် ။ အင်္ဂလိပ်တွေ နောက်တစ်ကြိမ် ပြန်ဝင်တော့ ရန်ကုန်က အစ်မ လင်မယားနဲ့ အတူ ရန်ကုန်မှာ ကျမ အတူလိုက်နေပါတယ် ။ အဲဒီအချိန်မှာ ကိုယ်တော်ချောက ကျမခဲအိုနဲ့ သူ အမျိုးတော်တာကို အခွင့်ကောင်းယူပြီး ကျမ နေတဲ့ အစ်မတို့ လင်မယားနေအိမ်မှာ စာလာလာ ကျက်ပါတယ် ။ ကျမက သူစာကျက်ဖို့ မီးအိမ်လေး သူ့ အရှေ့ ချပေးတဲ့ အခါတိုင်း သူပြောနေကျ စကားတစ်ခွန်းရှိပါတယ် ။ Thank You တဲ့ ။ ဒီထက် ဘာမှပိုမပြောဘူး ။
………………………….ကျမတို့  ဒီလိုဘဲနေလာခဲ့ ပြီး ကျောင်းပိတ်လို့ ငသိုင်းချောင်းပြန်တော့ ကျမကို ကုန်သည် ပွဲစား သစ်စက် ပိုင်ရှင် ၊ ဆန်စက်ပိုင်ရှင် တို့က တောင်းရမ်းဖို့ ကမ်းလှမ်းလာခဲ့ကြပါတယ် ။ ဒီသတင်းကို သူကြားသလားတော့ မသိဘူး ။ သူ့ သူငယ်ချင်းဆီကနေ တဆင့် ရည်းစားစာ တစ်စောင် ရောက်လာပါတယ် ။ သူ့စာက ….. မိဘချင်း သဘောတူပြီးသားမို့ တစ်နေ့ လက်ထပ်ကြမယ်လို့ စိတ်ကူးထားတာ ..အခုတော့ တခြားတစ်ယောက်နဲ့ လက်ထပ်တော့ မလို့ လား ..ဆိုတဲ့ သဘောသက်ရောက်တဲ့ စာဖြစ်ပါတယ် ။ ပြီးတော့ ကိုယ်တော်ချောက သူအခု ပေးတဲ့ စာကို မကြေနပ်ရင် ကျမ အမေကို ပြနိုင်ပါတယ်တဲ့ ။ တော်တော် ကိုအပိုင်တွက်ထားပုံပဲ ။ အဲဒါ သူ့ ရဲ့ ပထမ ရည်းစာစာပါပဲ ။
………………………………နောက်တစ်ခေါက် ကျမတို့  မိသားစု ရန်ကုန်ကို ပြောင်းလာကြတော့ ကျမက ကြည့်မြင်တိုင် ဦးဘချစ်ဆွေ ရဲ့ စပါယ်ရှယ် ကောလိပ်မှာ ဆယ်တန်းတက်ပါတယ် ။ အဲဒီတုန်းက ကျောင်းကို မြင်းလှည်းနဲ့  အသွားအပြန်စီးပြီး ကျောင်းတက်ရတော့ မြင်းလှည်းနောက်ကနေ စက်ဘီးနဲ့ အဖွဲ လိုက် လုက်လာပြီး ကျမကို ပိုးပန်းသူနဲ့ စာတိုက်ကနေ ဇွဲကောင်းကောင်း သ၀န်လွှာတွေ ပေးပို့ တဲ့ သူတွေ တော်တော် များများရှိခဲ့ ပါတယ် ။ အဲဒီ အချိန်မှာ MA တက်နေတဲ့ သူက ကျမဆီ ချောင်းပေါက်အောင် လာနေတော့ ကျန်တဲ့ သူတွေ အကုန်ရှဲသွားကြပါတယ် ။ နောက် ကျမ မြို့ မကျောင်းမှာ ကျောင်းတက်နေတုန်း ခေတ် အခြေနေဆိုးလာလို့ သူ့ မိဘတွေ နယ် မှာ မနေနိုင်ာကတော့ ပဲ ရန်ကုန်ကို တက်လာကြပါတယ် ။ ဒါကို အခွင့်ကောင်းယူပြီး သူ့မိဘတွေ ကို ဘယ်လိုပူဆာလိုက်သလဲတော့ မသိဘူး ။ 1948 ခုနှစ်မှာ ကျမကို တောင်းရမ်းပြီး လက်ထပ်ယူပါတယ် ။ မင်္ဂလာပွဲ မကျင်းပမှီ ညနေမှာ ကျမခြေတောက် နှစ်ဖက်စလုံး ဆီပူလောင်တော့ သတို့ သားလောင်းခမြာ ကျမကို ပွေ့ ပြီး ဆေးခန်းကို ပြေးရပါတယ် ။ မင်္ဂလာပွဲကျင်းပတော့လည်း ကျမက မြန်မာဆန်ဆန် ဖုံကူရှင်င်နဲ့ မထိုင်နိုင်ဘဲ ဆိုဖာပေါ်မှာ ခြေတွဲလောင်းချပြီး သူနဲ့ ယှည်တွဲပြီး ထိုင်ရပါတယ် ။ မင်္ဂလာပွဲ ပြီးတော့ လည်း ကျမကို ပွေ့ ချီပြီး ဆေးခန်းကို တစ်လလောက် သွားပြနေရတော့ သူလည်း တော်တော် ကိုပင်ပန်းရှာပါတယ် ။
………………………….ကျမ ကံကောင်းပါတယ် ။ သူပြောနေကျ စကားဖြစ်တဲ့ “အတူနေသူကို စိတ်ချမ်းသာအောင်ထားမယ်” ဆိုတဲ့ စကား အတိုင်း ကျမ စိတ်ဆင်းရဲ အောင် သူဘာတစ်ခု မှ မလုပ်ခဲ့ ပါဘူး ။ သားသမိး 5 ယောက် မွေးတဲ့ ကာလတစ်လျှောက်မှာ ချို့ ချို့ တဲ့တဲ့ နေခဲ့ ရပေမယ့် ကျမတို့ တစ်ဦးနဲ့ တစ်ဦး နားလည်မှု ရှိစွာနဲ့ ဘ၀ကိုရင်ဆိုင် ဖြတ်သန်းခဲ့ ကြပါတယ် ။ သားသမီး နီးတဲ့ ကျမမှာ အငယ်ကို နို့ တိုက်ရင် အကြီးကို သူထိန်းပါတယ် ။ ကလေးကို အနှီးနဲ့ ထုတ်ပြီး လက်တစ်ဖက်မှာပွေ့ လို့ ကျန်တဖက်က စာရေးနေတတ်ပါတယ် ။ ညဘက်ဆိုလည်း အိမ်ဖော်နဲ့ စိတ်မချလို့ ဆိုပြီး သူကိုယ်တိုင် ကလေးချီပြီး လမ်းလျှောက်ထိန်းပေးပါတယ် ။ သူက ကျမကို အတော် ဂရုစိုက်ပါတယ် ။ ကျမကလည်း ဇနိးကောင်းတစ်ယောက် အဖြစ် တာဝန်ကျေအောင် သူ့ ကို ပြုစုပါတယ် ။ သူကတော့ သူရောက်နေတဲ့ နေရာမှာ သူ့ အလုပ်ကို မပျက်စေပဲ မဖြစ်ဖြစ်အောင်လုပ်ပါတယ် ။ ကျမကလည်း သူ့ အလုပ်သူလုပ်တာကို ကျေနပ် အားပေးသလို သူကလည်း ကျမကို ဘယ်တော့ မှ မဝေဖန်ပါဘူး ။ ဒါကြောင့် သူနဲ့ ကျမ အကြားမှာ ဘာပြဿနာမှ မရှိပဲ စိတ်ချမ်းသာသာနဲ့ နေခဲ့ ရပါတယ် ။ သူက ကျမတို့ ယူပြီးစ အချိန်မှာ ကိုယ်တို့ တော်သလို ခေါ်ကြမယ် တဲ့ ။ သူ့ကို “လင်”လို့ ခေါ်ခိုင်းသလို ကျမကို လည်း “မယား” လို့ ခေါ်ပါတယ် ။ အခု ကျမပြောနေတဲ့ “သူ” ဆိုတဲ့ လူ ၊ ကျမ အရင်က သူ့ နောက်ကွယ်မှာ “ဟိုဟာကြီး” လို့ ခေါ်တဲ့ သူဟာ သမိုင်းသုတေသန လောကမှာ ဒီနိုင်ငံအတွင်းမှာ သာမက ပြည်ပ တခြားနိုင်ငံ တွေကပါ လေးစား အထင်ကြီးရတဲ့ တစ်ခေတ်မှာ တစ်ယောက် ဆိုလောက်သူ ကျမရဲ့ ခင်ပွန်း “သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း” ပဲဖြစ်ပါတယ် ။………………………………………………………..

ဆရာကြီး ဒေါက်တာ သန်းထွန်းရဲ ဇနီး ဒေါ်ခင်ရီ ရေးတဲ့ “ကျွန်မပြောချင်တဲ့ ကျွန်မတို့ လင်မယား အကြောင်း” ဆောင်းပါးကို ကောက်နုတ်ပြီး ရေးပါတယ် ။

No comments: