Saturday, March 29, 2014

ရိုဟင်ဂျာဟု သန်းခေါင် စာရင်းတွင် ရေးသွင်းမှု ခွင့်မပြုဟု သမ္မတ ပြော







သန်းခေါင်စာရင်း၌ လူမျိုးနေရာ ဖြည့်သွင်းမှုတွင် ရိုဟင်ဂျာဟု လုံးဝ ဖြည့်သွင်းခွင့် မပြုဘဲ ဘင်္ဂါလီဟုသာ ထည့်သွင်းရမည်ဟု သမ္မတက ပြောထားကြောင်း သိရသည်။

ရန်ကုန်တိုင်းအစိုးရ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က “၀န်ကြီး ဦးခင်ရီက ခေါ်ပြီးတော့ ခင်ဗျားတို့ စိတ်ချတော့၊ သမ္မတကြီးကလည်း ခွင့်ပြု ပေးလိုက်ပြီ။ သန်းခေါင်စာရင်းနဲ့ ပတ်သက်လို့ အတိုင်းအတာ တခုအထိ ရခိုင်တွေဆန္ဒနဲ့ ထပ်တူ ကျပါတယ်လို့ ကျနော် ပြောချင်တယ်။ အဲဒါကြောင့် သန်းခေါင်စာရင်း ကောက်တာကို သပိတ်မှောက်တာတွေ မလိုတော့ဘူး” ဟု ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ယနေ့တွင် ကျင်းပသည့် ဖိုရမ်တွင် မီဒီယာများကို ပြောသည်။

ဦးဇော်အေးမောင်က ဆက်လက်၍ “သပိတ်မှောက်ရင် ရခိုင်တွေပဲ ကျန်ခဲ့မယ်။ ၂၀၁၀ ရွေးကောက်ပွဲက ၁၉၈၃ ခုနှစ်က ကောက်ထားတဲ့ စာရင်းကို အခြေခံပြီး လုပ်တယ်။ ၂၀၁၄ မှာ စာရင်းအသစ် ကောက်တယ်။ စာရင်း အသစ်ရရင် စာရင်းအဟောင်း မသုံးတော့ဘူး။ ရခိုင်တွေက ၂၀၁၄ စာရင်း ကောက်ရာမှာ မပါဘဲနဲ့ ကျန်ခဲ့ရင် မြန်မာနိုင်ငံမှာ ရခိုင် ရှိတယ်ဆိုတာ ဘာနဲ့ သက်သေပြမလဲ။ အဲဒါကြောင့် သန်းခေါင်စာရင်းကို ရဲရဲဝံ့ဝံ့ အကောက်ခံပါ။ ရဲရဲဝံ့ဝံ့ ရခိုင်သားအဖြစ် ထည့်လိုက်ပါ” ဟု ၀န်ကြီး ဦးခင်ရီက ပြောခဲ့ကြောင်း ဦးဇော်အေးမောင်က တဆင့် ပြန်လည် ပြောဆိုသည်။

အလားတူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန်ကြီးနှင့် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က “ဒီနေ့ ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ စစ်တွေ သွားဖို့ ရှိတယ်။ သူကတော့ အသေးစိတ် သွားရှင်းပြမှာပေါ့။ အဓိကတော့ အိမ်တအိမ်ကို သွားပြီး သန်းခေါင်စာရင်း ကောက်ယူရာမှာ အဲဒီအိမ်က ရိုဟင်ဂျာလို့ ဖြည့်မယ် ဆိုရင် ကျနော်တို့က လက်ခံမှာ မဟုတ်ဘူး။ ဘင်္ဂါလီလို့ ဖြည့်မယ်။ တခြား သတ်မှတ်ထားတဲ့ ကုတ်နံပါတ် ဖြည့်ရင် ရမယ်။ ရိုဟင်ဂျာလို့ ပြောရင် စာရင်း ရေးသွင်းမှာ မဟုတ်ပါဘူး”ဟု အတည်ပြု ပြောဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရရုံး၌ ယနေ့တွင် ကျင်းပသည့် သမ္မတနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲ ခေတ္တနားစဉ် ဧရာဝတီ သတင်းဌာနက မေးမြန်းမှုကို ဒုဝန်ကြီး ဦးရဲထွဋ်က အထက်ပါ အတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်း အတွင်း သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်ပြီး လူမျိုး နေရာတွင် ရိုဟင်ဂျာ မဖြည့်သွင်းရေး အတွက် ရခိုင်လူမျိုးများက မြို့နယ်အများစုတွင် ဆန္ဒပြ တောင်းဆို နေကြသော်လည်း ယခုတော့ ရခိုင်သားတို့ ဆန္ဒပြည့်ဝရအောင် သမ္မတကြီးမှ
ဆောင်ရွက်ပေးပြီး ပြည်သူဆန္ဒကို အလေးထား ကြောင်းဖော်ပြခဲ့တာပဲ ဖြစ်သည်။


အငြင်းပွားဖွယ်ရာများနှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှု ယနေ့စတင်မည်၊ ရိုဟင်ဂျာဟု ပြောဆိုပါက စာရင်းရေးသွင်းမည် မဟုတ်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ပြောကြား

Published on: March 29, 2014

မြန်မာနိုင်ငံ လူဦးရေစာရင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား သိရှိရန် ရည်ရွယ်၍ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအား မတ် ၃၀ ရက် (ယနေ့) နံနက် ၇ နာရီမှ  စတင်ကာ ဧပြီ ၁၀ ရက်အထိ တစ်တိုင်းပြည်လုံးတွင် ကောက်ယူသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင်  မေးခွန်း ၄၁ မျိုး မေးမြန်းသွားမည်ဖြစ်ပြီး လူတိုင်းဖြေဆိုရမည့် မေးခွန်း ၂၀ နှင့်အတူ အိမ်ထောင်ကျဖူးသူ အမျိုးသမီးတိုင်း ဖြေဆိုရမည့်မေးခွန်းများ၊ အိမ်အကြောင်းအရာ နှင့် သက်ဆိုင်သည့်မေးခွန်းများ၊ အိမ်ထောင်စုသားများထဲမှ နိုင်ငံခြားသို့ ရောက်ရှိနေသူများရှိပါက ဖြေဆိုရမည့်မေးခွန်းများနှင့် လွန်ခဲ့သော ၁၂ လအတွင်း အိမ်ထောင်စုသားများထဲမှ သေဆုံးခြင်းအကြောင်းအရာဆိုင်ရာ မေးခွန်းများ ပါဝင်မည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာဟု ကောက်ယူသွားမည့် သတင်းများအပေါ် ရခိုင်လူမျိုးများက ကန့်ကွက်နေမှုနှင့် ပတ်သက်၍ မည်ကဲ့သို့ ဆောင်ရွက်ရန်ရှိပါသလဲဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီအား The Dailt Eleven က မေးမြန်းခဲ့ရာ ၀န်ကြီးက “ဒါက တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကု
ိ ဘယ်လိုနည်းနှင့်မှ မထိခိုက်အောင် နိုင်ငံတော်အကျိုးကိုကြည့်ပြီး ဆောင်ရွက်သွားပါမယ်”ဟု ဖြေကြားခဲ့သည်။

“ဒီနေ့ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ စစ်တွေကို သွားဖို့ရှိပါတယ်။ ဟိုမှာလည်း အခြေအနေကိုထပ်ပြီး ရှင်းပြမယ်။ အကြမ်းဖျင်းကတော့ လူတွေက မှားနေတာပေါ့နော်။ အသေးစိတ်ကတော့ ၀န်ကြီးဦးခင်ရီတို့ ဟိုမှာသွားရှင်းပြမယ်။ အဓိက ကတော့ အိမ်တစ်အိမ်မေးတဲ့အခါမှာ သူက ရိုဟင်ဂျာလို့ ဖြည့်ချင်တယ်ဆိုရင် ကျွန်တော်တို့ဆက်ပြီးတော့ လက်ခံမှာမဟုတ်ဘူး။ သူ့ကို ဘင်္ဂါလီလို့ ဖြည့်ရင်ရမယ်။ တခြားသတ်မှတ်ထားတဲ့ ကုတ်နံပါတ်တွေ ဖြည့်ရင်ရမယ်။ ဒီလို ရိုဟင်ဂျာလို့ပြောရင်တော့ ကျွန်တော်တို့ စာရင်းရေးသွင်းမှာ မဟုတ်ဘူး။ ဒါကကျွန်တော် အကြမ်းဖျင်းပြောတာပါ။ ဦးခင်ရီလည်း ဟိုမှာအသေးစိတ် ရှင်းပြပါမယ်”ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မီဒီယာများကို မတ် ၂၉ ရက်က ပြောကြားသည်။

ထို့ပြင် သန်းခေါင်စာရင်းတွင် မေးမြန်းမည့် မေးခွန်းများနှင့်ပတ်သက်၍ ပြည်သူများက စိုးရိမ်မှုရှိသည့်အပေါ်လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ  ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က “ကျွန်တော်တို့ ဒီသန်းခေါင်စာရင်းက လူဦးရေစာရင်းအပြင် နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို သိချင်တဲ့အတွက် ကောက်ယူခြင်းဖြစ်ပါတယ်။ ဒီလိုကောက်ယူတဲ့နေရာမှာ ပြည်သူတွေကို မစိုးရိမ်စေချင်တာက ဒီစာရင်းတွေကို သန်းခေါင်စာရင်း ဥပဒေပုဒ်မ ၁၄ နဲ့ ၁၅ မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း လူတစ်ဦးချင်းစီ၊ မိသားစုတစ်ဦးချင်းစီရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို မပေါက်ကြားအောင် ကာကွယ်ထားမှာဖြစ်သလို ပိုင်ဆိုင်မှုရေးရာနဲ့ ပတ်သက်ပြီးမေးတဲ့ မေးခွန်းတွေကလည်း အခွန်ဆောင်ဖို့လုပ်တာတို့၊ ကျန်တဲ့ ရုံးပိုင်းဆိုင်ရာကိစ္စတွေမှာလည်း အရေးယူခြင်းလုပ်မှာ မဟုတ်သလို နိုင်ငံခြားကိုသွားတဲ့ ကိစ္စတွေမှာလည်းအပေါ်လမ်းကပဲ သွားသွား၊ အောက်လမ်းကပဲ သွားသွားအရေးယူခြင်းလုပ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီလိုကိစ္စတွေအတွက် မစိုးရိမ်ဖို့ကို ပြောချင်ပါတယ်”ဟု ပြောကြားသည်။ထို့ပြင် ယခုကောက်ယူမည့် သန်းခေါင်စာရင်းမှ ရရှိသော လူမှုစီးပွားရေး အချက်အလက်များကို နိုင်ငံတော်အစိုးရ၊ မြို့ပြအဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်း ကဏ္ဍများ၏ စီမံကိန်းရေးဆွဲခြင်း၊ မူဝါဒများ အကောင်အထည်ဖော်ခြင်း၊ လိုအပ်သော အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း တို့ကို တိတိကျကျ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဇန်န၀ါရီ ၁၀ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

သို့သော် လက်ရှိအချိန်အထိ ပြည်လုံးကျွတ်သန်းခေါင်စာရင်းေ
ကာက်ခံမှုအပေါ် ကန့်ကွက်မှုများလည်းရှိနေကာ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် မေးမြန်းမည့်မေးခွန်းများအပေါ် အမှန်တကယ်လိုအပ်သည် မလိုအပ်သည်အား ပြန်လည်ဆန်းစစ်ရန်၊ တိုင်းရင်းသား ၁၃၅ မျိုးအား ကုတ်နံပါတ်များဖြင့် ဖော်ပြရာတွင် လွဲမှားနေမှုများအတွက် စိစစ်ပေးရန် စသည်တို့ကို ထောက်ပြဝေဖန်မှုများ ရှိနေဆဲဖြစ်သည်။

လူမျိုးမေးခွန်းနှင့် ပတ်သက်ပြီး မည်သူမဆို မိမိလူမျိုး၏ အမည်ကို ကိုယ်တိုင်ထုတ်ဖော် ပြောခွင့်ပြုထားကြောင်း၊ လူမျိုးကြီး ရှစ်မျိုးနှင့် လူမျိုးစု ၁၃၅ စုကို ဂဏန်းသင်္ကေတများ ပေးထားပြီး အဆိုပါ ၁၃၅ မျိုးထဲတွင် မပါဝင်ပါက “အခြား” ဆိုသည့် ဂဏန်းသင်္ကေတကို ရွေးပြီး ဖြေဆိုသူမှ ပြောကြားသည့် လူမျိုးအမည်ကို ကွက်လပ်တွင် ရေးသွင်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း သိကောင်းစရာများတွင် ဖော်ပြထားချက်အရ သိရသည်။

ထို့အတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ တိုင်းရင်းသား ၁၃၅ မျိုးစာရင်းနှင့် ပတ်သက်၍ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူပြီးပါက သက်ဆိုင်ရာ တိုင်းရင်းသားခေါင်းဆောင်များနှ
င့် တွေ့ဆုံကာ ကောက်ယူရရှိမှုအပေါ် မူတည်ပြီး လက်ရှိအခြေအနေတွင် လျော့နည်း၊ ကွယ်ပျောက်၊ တိုးပွားလာသည့် လူမျိုးစုများ ရှိ/မရှိ၊ အမည်သတ်မှတ်ချက် သတ်ပုံသတ်ညွှန်းမှအစ မှန်ကန်၊ ကိုက်ညီမှု ရှိ/မရှိ စသည်တို့ကို ပြန်လည်စိစစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဗဟိုသန်းခေါင်စာရင်းကော်မရှင်အေ
နဖြင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှု မတိုင်ခင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမှုကို ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မြို့နယ်ပေါင်း ၂၀ တွင် ပြုလုပ်နိုင်ခဲ့ပြီး စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမှုအရ ကျေးလက်နှင့် မြို့ပြအကြား ပြောင်းရွှေ့နေထိုင်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များ ကျား၊ မ၊ အသက်အရွယ် အလိုက်၊ ပညာအရည်အချင်းအလိုက်၊ အလုပ်အကိုင်ရှိသူ၊ အလုပ်လက်မဲ့ဖြစ်နေသူ၊ မြို့မှာနေထိုင်သူ တောမှာနေထိုင်သူ စသည့်စာရင်းများ ရရှိခဲ့ကြောင်း အဆိုပါကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက် ၁၉၇၃ ခုနှစ်တွင်  သန်းခေါင်စာရင်းကောက်ခံခဲ့သည်။ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းက ၁၉၇၂ ခုနှစ် ဧပြီ ၂၈ ရက်တွင် သန်းခေါင်စာရင်းဥပဒေကို ပြဋ္ဌာန်းကာ ၁၉၇၃ ခုနှစ် ဧပြီ ၁ ရက်မှ ဧပြီ ၅ ရက်အထိ သန်းခေါင်စာရင်းကောက်ယူခဲ့ခြင်း ဖြစ်သည်။ ၁၉၇၃ ခုနှစ် ဇန်န၀ါရီ ၁၈ ရက်တွင် ရန်ကုန်တိုင်း ဗဟိုသန်းခေါင်စာရင်းဦးစီးဌာနက မေးခွန်း ၂၅ ခုပါ သန်းခေါင်စာရင်းပုံစံသစ်များကို အပိုင်းလေးပိုင်း ခွဲခြား၍ ထုတ်ပြန်ပေးခဲ့သည်။ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းမှာ အပြည့်ကောက် လူဦးရေသန်းခေါင်စာရင်းအမျိုး
အစားဖြစ်ပြီး လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်  အပြည့်ကောက် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခဲ့ခြင်းဖြစ်သည်။

၁၉၈၃ ခုနှစ်တွင် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခဲ့သော်လည်း ၁၉၇၃ ခုနှစ် ကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် ကောက်ယူနိုင်ခဲ့ခြင်း မရှိပေ။ ၁၉၈၃ ခုနှစ်တွင် ရှေ့ပြေးလူဦးရေစာရင်းအဖြစ် မြန်မာတစ်နိုင်ငံလုံး၌ လူ ဦးရေ ၃၅ ဒသမ ၃ သန်းကျော်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် နောက်ဆုံးကောက်ယူခဲ့သည့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းမှ ရရှိခဲ့သော စာရင်းများအရ လွန်ခဲ့သော ၁၀ နှစ်ကထက် လူဦးရေ ခုနစ် သန်းနီးပါးအထိ တိုးပွားလာခဲ့ပြီးနောက်ပိုင်းကာ
လများတွင် အခြေအနေအမျိုးမျိုးကြောင့် သန်းခေါင်စာရင်းကောက်ယူမှုအစီအစဉ်များ ရပ်တန့်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှစ၍ တိုင်းနှင့်ပြည်နယ်များတွင် ငါးနှစ်တစ်ကြိမ် စစ်တမ်းများကောက်ခဲ့ကာ မွေးနှုန်း-သေနှုန်းအခြေခံ၊ လူဦးရေ၊ ပညာ အရည်အချင်းဖြင့် တွက်ချက်မှုများအရ ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၆၁ ဒသမ ၅၇ သန်းထိ ရောက်ရှိနေပြီဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ထုတ်ပြန်ထားသည်။

No comments: