Wednesday, March 26, 2014

တပ်မတော်ဖခင်ကြီးရဲ့ သမီးကို ..... အခုလို တပ်မတော်သားတွေနဲ့ တွေ့လိုက်ရတော့ ..

အကျယ်ချုပ်ကာလနဲ့....
အာဏာရှင်က..
အခြေခံဥပဒေကို
အတင်းအတည်ပြုရန်ကြံစည်နေစဉ်ကာလ...
____________________________

(နာဂစ်အပြီး၂၀၀၈ ခုနှစ်၊ မေလ ၆ ရက်နေ့ ..)
အိမ်ပြင်ဆင်မယ့်သူတွေ ၀င်ပြင်ကြပါတယ်။
သန့်ရှင်းရေးလုပ်နေကျလူတွေလည်း ၀င်ရောက် လုပ်ကိုင် ခဲ့ပေမယ့်
အင်အားမမျှခဲ့သမို့ မနိုင်နင်းခဲ့ပါ။

ဒါ့ကြောင့် သက်ဆိုင်ရာက ၀င်ရောက် ကူညီပေးကြပါတယ်။
၂၀၀၈ ခုနှစ်၊ မေလ ၂၀ ရက်နေ့ မနက် ၁၀ နာရီမှာ အရာရှိ ခုနစ်ဦး၊
ရဲဘော် ၆၃ ဦး၊ စုစုပေါင်း အင်အား ၇၀ နဲ့ လွှစက်နှစ်စက်ပါ
ယူလာကြပြီး ရှင်းလင်းပေးပါတယ်။

အားလုံးအတွက် အစ်မက အကျွေး အမွေး တာဝန်ယူပါတယ်။
ဒံပေါက် ပွဲ ၁၀၀၊ လိုက်ပွဲ ၆၀၊ အချိုရည်ပုလင်း ၁၀၀ စီစဉ်ပေးထား ပါတယ်။

"ကေအမ်အက်စ်၊ ရဲဘော်ကလေးတွေက ၁၀ နာရီခွဲမှာ ထမင်းစားကြတယ်။
၉ နာရီအရောက် ဒံပေါက်ကို ယူလာရမယ်" ....တဲ့။
အစ်မ ကပြောခိုင်းလိုက်တဲ့စကားပါ...

ရဲဘော်ကလေးတွေရဲ့ဘ၀ကို နေ့စဉ် မြင်တွေ့နေရတော့ ..
အစ်မက မှတ်မိနေပါတယ်။

၁၀ နာရီခွဲတော့ .....
ရဲဘော်ကလေးတွေကို အစ်မကိုယ်တိုင်...
ဒံပေါက်တွေ ဝေပေးနေတာ တွေ့ရပါတယ်။

"ကေအမ်အက်စ်...အစ်မကပြောတယ်၊ အစ်မတို့သုံးယောက်ရယ်၊
ကေအမ်အက်စ်ရယ် လေးယောက်က နောက်မှ စားကြမယ်။
ဒံပေါက်လေးထုပ် ဖယ်ထားတယ်"...လို့
အန်တီဝင်းက လာပြောပါတယ်။

"ကေအမ်အက်စ်၊ အစ်မကပြော တယ်၊ အစ်မတို့အတွက် ဖယ်ထားတဲ့
ဒံပေါက်လေးထုပ်က လိုက်ပွဲတွေဖြစ်နေတယ်။
အိမ်မှာရှိတဲ့ ဘာလချောင်ကြော် နဲ့ပဲ စားကြမယ်။
ကေအမ်အက်စ် စားနိုင် ရဲ့လား"...လို့ ......လာပြောပြန်ပါတယ်။

"ဟုတ်ကဲ့ ရပါတယ်" လို့ ပြန်ပြော လိုက်ပါတယ်။
ဒံပေါက်ထမင်းနဲ့ ဘာလချောင်ကြော် စားကြည့်တာ စားမရပ...
နဂိုကလည်း ဒံပေါက် သိပ်မစားတော့ ဒီအတိုင်းပဲထားလိုက်ပါတယ်။

နောက် တစ်ခေါက် အန်တီဝင်းလာတော့ ..
ဒန်ပေါက်ကို ဒီအတိုင်း မြင်သွားတော့ အစ်မကို ပြန်ပြောလား မသိဘူး။

"ကေအမ်အက်စ်၊ အစ်မက အိမ်မှာ ရှိတဲ့ ပေါင်မုန့်နဲ့
ဆင်းဒ၀စ်လုပ်ပေးလိုက်တယ်။
ဒံပေါက်မစားရင် ဒါစားလို့ ပေးလိုက်တယ်" တဲ့။

"ဟာ အန်တီဝင်းကလည်း ကျွန်တော်က
အပြင်ထွက်ရင် ၀ယ်စားလို့ရပါတယ်။
ကျွန်တော့အတွက် အလုပ်ရှုပ်တာပေါ့။
အစ်မကို ဘာလို့သွားပြောရတာလဲ" လို့ ပြန်ပြောတော့..

"အစ်မက စားလို့ပြောတယ်၊ စားရမယ်" တဲ့...
လက်အောက်ငယ်သားတွေအပေါ်မှာ စာနာ တဲ့စိတ်၊
ကြင်နာတတ်တဲ့စိတ် အစ်မမှာ အပြည့်ရှိပါတယ်။

အခုပဲကြည့်လေ၊ ရဲဘော်ကလေးတွေ အပေါ်မှာ
ဒံပေါက်ကျွေးချင်တဲ့စိတ်နဲ့ ကျွေးလိုက်တာ
စားဖို့ချန်ထားတဲ့ ဒံပေါက် လေးပွဲက ..
လိုက်ပွဲတွေဖြစ်နေတာ သာဓကပါပဲ။

--------------------
နေ့လယ်ကျတော့လည်း ရဲဘော် ကလေးတွေကို...
ကော်ဖီမစ်နဲ့ မုန့်ကျွေးချင်တော့..

"ကေအမ်အက်စ်၊ အစ်မက ကော်ဖီမစ်နဲ့ မုန့်တစ်ပုံး ၀ယ်ပေးပါ" တဲ့
မှိုတက်နေတဲ့ ၅၀၀ တန် အဟောင်း လေးတွေပေးတော့ ...
ရင်ထဲ စိတ်မကောင်း ဖြစ်မိရပါတယ်။

ရပါတယ်၊ ကျွန်တော် ပိုက်ဆံပြန်ယူ ပါ့မယ်ဆိုတော့၊
ပြန်မယူနဲ့ အချိန်ကုန်တယ်။
ဒီပိုက်ဆံတွေနဲ့ပဲ ၀ယ်ပါလို့ ပြောတာနဲ့ ၀ယ်ပေးရပါတယ်။
ညနေ ၃ နာရီမှာ ရဲဘော်ကလေးတွေကို ကော်ဖီမစ် နဲ့ မုန့်ကျွေးပါတယ်။

ရဲဘော်ကလေးတွေ စရောက်တဲ့အချိန်မှာလည်း
ပေါ်တီကိုအောက်မှာ နှုတ်ဆက်စကားပြောသလို ..
ညနေ ၅ နာရီခွဲလို့ ရဲဘော်ကလေး တွေ ပြန်ထွက်ချိန်မှာလည်း
နှုတ်ဆက်စကား အစ်မက ပြောပါတယ်။

တပ်မတော်ဖခင်ကြီးရဲ့ သမီးကို .....
အခုလို တပ်မတော်သားတွေနဲ့ တွေ့လိုက်ရတော့ ..
ရင်ထဲမှာ ပီတိသောမနဿ ဖြစ်မိပါတယ်။

-------------
မိုးလင်း
မြန်မာတိုင်းဂျာနယ်-အတွဲ ၂၇ ၊
အမှတ် ၅၄၁ ( ၂၈၊၁၀ - ၄၊၁၁ ၊ ၂၀၁၁)

No comments: