Thursday, March 20, 2014

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ HGV ယာဉ်သည် အသံထက် ၁ဝ ဆ အမြန်နှုန်းဖြင့် ပျံသန်း နိုင်စွမ်း ရှိဟုဆို


ပေကျင်း မတ် ၁၇
တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) ၏ WU-14 အမည်ရှိ ဟိုက်ပါဆောနစ် မောင်းသူမဲ့ လေယာဉ် (HGV) သည် အသံထက် ၁ဝ ဆ အမြန်နှုန်းဖြင့် ပျံသန်းနိုင်စွမ်းရှိပြီး ကမ္ဘာတစ်ဝန်းရှိ မည်သည့်
ပစ်မှတ်ကိုမဆို ၁ နာရီအတွင်း တိုက်ခိုက်နိုင်စွမ်းရှိကြောင်း တရုတ်နိုင်ငံအခြေစိုက် Sina စစ်ဘက်ဆိုင်ရာ သတင်းကွန်ရက်က ထုတ်ပြန်ကြေညာခဲ့ကြောင်း မတ်လ ၁၇ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရ သည်။

အဆိုပါ HGV ယာဉ်သစ်သည်ခေတ်လွန်စစ်လက်နက် ငါးခုအနက်မှ တစ်ခုဖြစ်ကြောင်းနှင့် ခေတ်သစ် စစ်ပွဲ၏အသွင်သဏ္ဌာန်ကို
ပြောင်းလဲနိုင်စွမ်းရှိကြောင်း အမေရိကန် စစ်ဘက်ဆိုင်ရာ လေ့လာဆန်းစစ်သူ J Michael Cole က ပြောကြားခဲ့သည်။

မျက်မှောက်ခေတ်တွင် မိနစ်ပိုင်းမျှ အချိန်တိုအတွင်း အောင်မြင်မှုနှင့် ကျရှုံးမှုများကို ပြောင်းလဲ ဖြစ်ပေါ်စေနိုင်ကြောင်း၊ သမားရိုးကျ ခရုဇ် ဒုံးကျည်များသည် လွန်စွာနှေးကွေးသွား ပြီ ဖြစ်ကြောင်းနှင့် ၁၉၉၈ ခုနှစ်ကာလများက အာရေဗျ ပင်လယ်အတွင်းရှိ အမေရိကန်စစ် သင်္ဘောများမှ နေ ၍ ခရုဇ်ဒုံးကျည်များ အသုံးပြုကာ အာဖဂန် နစ္စတန်နိုင်ငံရှိ အယ်လ်ကိုင်ဒါများ၏ လေ့ကျင့်ရေးစခန်းများကို ပစ်ခတ် တိုက်ခိုက်ရာတွင် အချိန်မိနစ် ၈ဝ ခန့် ကြာမြင့်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အသံထက် ငါးဆမြန်သည့် ဒုံးပျံများနှင့် ခရုဇ်ဒုံးကျည်များသည် တူညီသောပစ်မှတ်ကို ထိမှန်ရန်အတွက် အချိန် ၁၂ မိနစ် ခန့် ကြာမြင့်ကြောင်းနှင့် အမေရိကန်နိုင်ငံ အနေဖြင့်လည်း ထိုကဲ့သို့သော မျိုးဆက်သစ် စစ်လက်နက် စနစ်သစ်ကို ထုတ်လုပ်နိုင်ရန်အတွက် အချိန်နှင့်စွမ်းအားများကို အများအပြား မြှုပ်နှံကာ တရုတ်နိုင်ငံနှင့်အပြိုင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ HGV ယာဉ်အား ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် စမ်းသပ်ပျံသန်းမှု ပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါ အမြန်နှုန်းသည် အမေရိကန်နိုင်ငံအား သိသိသာသာ ခြိမ်းခြောက်နိုင်သော အမြန်နှုန်းဖြစ်ကြောင်း သိရသည်။
မြ၀တီ

No comments: