Tuesday, March 18, 2014

ခရိုင်းမီးယားဒေသကိုလွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုအဖြစ် အသိအမှတ်ပြုကြောင်း ရုရှား သမ္မတ ပူတင်က လက်မှတ်ရေးထိုး

ခရိုင်းမီးယားဒေသကို ရုရှားလက်အောက်မှာ တရားဝင် ပူးပေါင်းဖို့ လုပ်နေတဲ့ ကြားကာလမှာ လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုအဖြစ် အသိအမှတ်ပြုကြောင်း အမိန့်တစ်ရပ်ကို ရုရှား သမ္မတ ပူတင်က လက်မှတ်ရေးထိုးလိုက်ပါတယ်။
ခရိုင်းမီးယားကို ကျူးကျော်မှုတွေနဲ့ ဆက်စပ် ပတ်သက်နေတဲ့ ရုရှားနဲ့ ခရိုင်းမီးယားက အရေးပါတဲ့ အရာရှိတွေအပေါ် အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့က ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမယ်လို့ ကြေညာခဲ့အပြီးမှာ အခုလို သမ္မတ ပူတင်ရဲ့ လုပ်ဆောင်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သမ္မတ အိုဘားမားကတော့ ခွဲထွက်ရေးအတွက် လှုံ့ဆော် ရန်စမှုတွေ လုပ်လာရင် နောက်ဆက်တွဲ အကျိုးဆက်တွေ ခံစားရလိမ့်မယ် ဆိုတာ ရှင်းရှင်းလင်းလင်း သတိပေးလိုတယ်လို့ ပြောလိုက်ပြီး နောက်ထပ် အရေးယူမှုတွေကို ကြေညာကောင်း ကြေညာလိမ့်မယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့် ဒီပဋိပက္ခကို သံတမန် နည်းအရ ဖြေရှင်းဖို့ နည်းလမ်းလည်း ရှိပါတယ်လို့လည်း သူက ပြောပါတယ်။
ရုရှား လက်ထောက် နိုင်ငံခြားရေး ဆာဂေး ရာကော့ဗ် ကတော့ အမေရိကန်ရဲ့ ဆောင်ရွက်ချက်တွေဟာ တဖက်သတ် ကျပြီး မျှတမှု မရှိဘူးလို့ ပြောပါတယ်။
အမေရိကန်နဲ့ ဥရောပ သမဂ္ဂက ပိတ်ဆို့ အရေးယူသူတွေထဲမှာ ခရိုင်းမီးယား ထိပ်တန်း အရာရှိတွေ၊ ဒုဝန်ကြီးချုပ်နဲ့ ရုရှား ပါလီမန် အဖွဲ့ဝင်တွေ အပြင် ခရိုင်းမီးယားမှာ တပ်စွဲ တာဝန်ယူနေရတဲ့ ရုရှားပိုင် ပင်လယ်နက်ဒေသနဲ့ ရုရှား အနောက်ဘက်နဲ့ တောင်ဘက် စစ်ဒေသတွေက တပ်မှူးတွေ ပါဝင်ပါတယ်။
အခုလို ခရီးသွားလာခွင့်နဲ့ ပိုင်ဆိုင်မှုတွေ ပိတ်ပင် တားမြစ်ခံရသူတွေဟာ ယူကရိန်းရဲ့ နယ်မြေပိုင်ဆိုင်မှုနဲ့ လွတ်လပ်ရေးကို ခြိမ်းခြောက် အန္တရာယ်ပေးတဲ့အတွက် အရေးယူတာလို့ ဥရောပ သမဂ္ဂ နိုင်ငံခြား ပေါ်လာစီရေးရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန်က ဆိုပါတယ်။
ယူကရိန်း ယာယီ ဝန်ကြီးချုပ် အိုလက်ဇန်းဒါး တိုချီနော့ဗ် ကလည်း သူ့အစိုးရ အနေနဲ့ စစ်မက်ဖြစ်ပွားမှု ရှောင်ရှားနိုင်အောင် တတ်နိုင်သမျှ လုပ်ဆောင်သွားမှာဖြစ်ပြီး ညှိနှိုင်း ဆွေးနွေးဖို့ အသင့်ရှိနေပေမယ့် ခရိုင်းမီးယားဒေသ ပြန်ရရေးအတွက် လက်လျှော့သွားမှာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။
ယူကရိန်းနယ်မြေနဲ့ လွတ်လပ်ရေးကို ခြိမ်းခြောက်တဲ့ အတွက် အရေးယူရတာလို့ အီးယူက ဆို
BBC News

No comments: