Wednesday, March 26, 2014

မီးအိမ်ကိုင်လာတာတော့ ဟုတ်ပါရဲ့ မီးမှထွန်းမလာခဲ့ဘဲကိုး

သားသမီးတွေနဲ့ ပတ်သက်ပြီး ဘဝင်မကျတာတွေကို မဲတူကရင်ဖွင့်လေ့ရှိတယ်။ သည်မနက်လမ်း အတူတူလျှောက်ကြတော့လည်း သူ့သားကဘွဲ့ရပြီးနောက် သင်တန်းအမျိုးစုံကို လှည့်တက်နေတဲ့ အကြောင်း၊ အယ်လ်စီစီအိုင်လည်း လယ်ဗယ်သရီးအောင်ပြီးပြီ၊ အင်္ဂလိပ်စာလည်း ဒီပလိုမာရပြီ၊ ကွန်ပျူတာလည်း အောင်လက်မှတ်တွေရပြီ၊ ဒါပေမဲ့ဘာအလုပ်မျှ ဝင်မလုပ်သေးဘဲနေတဲ့အကြောင်း မဲတူကပြောပါတယ်။
မဲတူစကားဆုံးတာနဲ့ ရွှီးကမီးအိမ်ရှင် ပုံပြင်ပြောမယ်ဖြစ်လာရော၊ သူငယ်ချင်းတွေက ရွှီးရဲ့ပုံပြင်တွေကို အပျင်းပြေသဘောနားထောင်ကြတယ်။
‘တစ်ခါကပေါ့၊ မျက်မမြင်တစ်ယောက်က သူ့သူငယ်ချင်းရဲ့ အိမ်ကိုအလည်လာသတဲ့၊ သူငယ်ချင်းနှစ် ယောက်စကားစမြည် ပြောနေလိုက်ကြတာ ညဥ့်နက်မိုးချုပ်သွားတဲ့အထိပဲတဲ့၊ အိမ်ပြန်တော့မယ်ဆို တော့ မျက်စိမမြင်တဲ့သူက သူ့သူငယ်ချင်းကိုသူ့အတွက် မီးအိမ်တစ်လုံးပေးပါလို့တောင်းတယ်’
‘ဘယ်နှယ်မျက်စိမမြင်တဲ့သူက မီးအိမ်လိုတာလဲ’ လို့ ကိုကောက်က မေးခွန်းထုတ်လိုက်တယ်။
‘သူ့သူငယ်ချင်းကလဲ မင်းကမျက်စိမှမမြင်ဘဲ မီးအိမ်ကဘာလုပ်ဖို့လဲ မေးတာပေါ့၊ မျက်မမြင်က ငါကမ မြင်ပေမဲ့ မှောင်ထဲမှာမီးအိမ်ကိုင်လာတော့ ငါ့ကိုသူများကမြင်နိုင်တာပေါ့လို့ ပြန်ဖြေတယ်’
‘ဟုတ်တာပဲ၊ မီးအိမ်ထွန်းလာနေတော့ သူ့ကိုသူများက ဝင်မတိုက်ဘဲရှောင်လွှဲသွားနိုင်တာပေါ့’ လို့ ကိုအောင်ကပြောတယ်။
‘ဒါကြောင့် သူ့သူငယ်ချင်းက မျက်မမြင်အတွက် ဝါးနဲ့ရက်လုပ်ထားတဲ့ မီးပုံးတစ်ခုကို ပေးတယ်။ မီးပုံး အတွင်းမှာ ဖယောင်းတိုင်ထွန်းရတယ်’
‘သီတင်းကျွတ်မှာ မီးထွန်းကြတဲ့မီးပုံးမျိုးဖြစ်မယ်’ လို့ဘဲဥမကဆိုတယ်။
‘မျက်မမြင်က မီးအိမ်ကိုကိုင်ပြီး အမှောင်ထဲကို ထွက်ခွာသွားတယ်၊ သူသွားတာတော်တော်လေး ရောက်တော့ အမှောင်ထဲမှာလမ်းလျှောက်လာသူတစ်ယောက်က မျက်မမြင်ကိုတည့်တည့်ဝင်တိုက်မိ တော့တယ်’
‘ဆိုးပါ့ကွာ၊ တိုက်မိမှာစိုးလို့မီးအိမ်ကိုင်လာပါတယ်ဆိုမှ’ လို့ လန်ဘားကမှတ်ချက်ဝင်ချတယ်။
‘မျက်မမြင်ကလဲ သိပ်ဒေါသထွက်သွားတာပေါ့၊ ဒါကြောင့်ဒီမှာ မီးအိမ်ကိုင်လာတာကို မမြင်ဘူးလားလို့ ဟစ်အော်ပြီးပြောပစ်လိုက်တယ်’
‘ဒေါသထွက်သင့်ပါတယ်’ လို့မဲတူကပြောပါတယ်။
‘ဝင်တိုက်မိတဲ့သူကလဲ မီးအိမ်ကိုင်လာတာတော့ ဟုတ်ပါရဲ့ မီးမှထွန်းမလာခဲ့ဘဲကိုး ဆိုပြီးပြန်ပြော လိုက်တယ်’
သူငယ်ချင်းတွေလည်း ရွှီးရဲ့မီးအိမ်ပုံပြင်ကို နားထောင်ပြီး ဘာပြောရမှန်းမသိဖြစ်သွားကြတယ်။
မော်ဒန်သတင်းဂျာနယ်
အမှတ်(၄၀၀)၊ မတ်လ(၁၄) ရက်၊ ၂၀၁၄ ခုနှစ်

No comments: