Wednesday, March 19, 2014

ပျောက်ဆုံးလေယာဉ်ကို ထိုင်းလေတပ် က ခြေရာခံမိထား သလား


ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် လို့ သံသယဖြစ်ဖွယ် ခရီးသည်လေ ယာဉ် တစင်းကို ထိုင်းနိုင်ငံ ဆူရတ် ဌာနီ လေတပ်စခန်းရဲ့ ရေဒါမှာ ခြေရာခံ မိထားတယ်လို့ ထိုင်းလေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာဂျင်းက ပြောတာကို ကိုးကားပြီး နေရှင်းသတင်းစာမှာ ဖော်ပြပါတယ်။
ရေဒါ အချက်အလက်အရ မလေးရှားနိုင်ငံကွာလာလာမ်ပူကနေ ထွက်ခွာတဲ့ လေယာဉ်ဟာ လမ်းကြောင်းပြောင်းပြီး မလေးရှားနိုင်ငံ ဘူတာဝက်သ် ဆိပ်ကမ်းဘက်ကို ပြန်လှည့်သွား တယ်လို့ ဆိုပါတယ်၊ လေယာဉ်ဟာ မလက္ကာရေလက်ကြားဘက်ကို ဆက်လက် ဦးတည်ပျံသန်းသွား ခဲ့တယ်လို့ ဆိုပါတယ်၊
ထိုင်းလေတပ်ရေဒါက ခြေရာခံမိတဲ့ လေယာဉ်လမ်းကြောင်းကို ကြည့်မယ် ဆိုရင် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ် က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတဲ့အချက်အလက်တွေကို ထပ်လောင်းအတည်ပြုလိုက် သလိုဖြစ်နေတယ်လို့ ထိုင်းလေတပ် ဦးစီးချုပ်က ပြောပါတယ်။
ဒါပေမယ့် ရေဒါက ခြေရာခံမိတဲ့ လေယာဉ်ဟာ ပျောက်ဆုံးနေ တဲ့လေယာဉ်လို့ သေချာပေါက် မတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။
လောလောဆယ်မှာ ပျောက်ဆုံးနေတဲ့ လေယာဉ်ကို အာရှနိုင်ငံ အစိုးရတွေ ရဲ့အကူအညီနဲ့ ဆက်လက် ရှာဖွေနေ ပါတယ်၊ ရှာဖွေရေးလုပ်နေတဲ့ နိုင်ငံ တကာ ရေပိုင်နက်၊ ကုန်းမြေပြင် နယ်ပယ်ဟာ သြစတြေလျတိုက် တခုစာလောက် ကျယ်ဝန်းတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အခုအထိတော့ ရဲအဖွဲ့ရော၊ ထောက်လှမ်းရေးအဖွဲ့တွေပါ ခိုင်မာတိကျတဲ့ သဲလွန်စကို မဖော်ထုတ်နိုင်သေးပါဘူး။
မတ်လ ၉ ရက်နေ့က ပျောက်ဆုံး သွားတဲ့ ဘိုးရင်း ၇၇၇ လေယာဉ်ပေါ် မှာ လူ ၂၃၉ ယောက် လိုက်ပါသွားခဲ့ ပါတယ်၊ လေယာဉ်ဝန်ထမ်း ၁၂ ယောက်နဲ့ ခရီးသည်အများစုက တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။
မလေးရှားဝန်ကြီးချုပ်ကတော့ လေယာဉ်ကို မူလလမ်းကြောင်းကနေ သွေဖည်သွားအောင် တယောက်ယောက်က တမင် လမ်းကြောင်းပြောင်းခဲ့တာ သေချာသလောက်ပဲလို့ ပြောထား ပါတယ်၊
ထိုင်းလေတပ်ရဲ့ ရေဒါက ဖမ်းမိထားတဲ့ အချက်အလက်တွေကို မလေးရှားလေ တပ် ကို လွှဲအပ်ပေး မယ်လို့ ထိုင်းလေတပ် ဦးစီးချုပ် ကပြော ပါတယ်။
Source: DVB TV News

No comments: