Tuesday, March 18, 2014

၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေး NLDဦးစီးကာ တောင်ကြီးတွင် ဆန္ဒထုတ်ဖော်မည်


************************************************************
ဂျွန်ချစ်ငြိမ်း| အင်္ဂါနေ့၊ မတ်လ ၁၈ရက်၊ ၂ဝ၁၄ခုနှစ်။

တောင်ကြီး၊ မဇ္ဈိမ။ ။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ၂ဝ၁၄ခုနှစ် မတ်လ ၃ဝ ရက်တွင် တောင်ကြီးမြို့ပေါ်၌ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်သွားမည်ဟု တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုးက မတ် ၁၈ ရက်တွင် မဇ္ဈိမကို ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ဦးဆောင်ပြီး ပထမဦးဆုံးအကြိမ်အဖြစ် တောင်ကြီးမြို့ပေါ်တွင် ဆန္ဒဖော်ထုတ်ရန်စီစဉ်ခြင်းဖြစ်ပြီး တောင်ကြီး၊ ဟိုပုံး၊ ရပ်စောက်၊ ညောင်ရွှေ၊ ပင်လောင်း၊ ဆီဆိုင်၊ ဖယ်ခုံ၊ ရွာငံ၊ ပင်းတယ၊ ကလော အစရှိသည့် မြို့နယ် (၁ဝ) မြို့နယ်မှ ကိုယ်စားလှယ်များ လည်း ပူးပေါင်းမည်ဖြစ်ပြီး တိုင်းရင်းသား ပြည်သူလူထု အင်အား (၅ဝဝ) ကျော်ဖြင့် ဆန္ဒဖော်ထုတ်သွားရန် စီစဉ်ထားကြောင်း ဦးတင်မောင်တိုးက ပြောသည်။
"ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ လွတ်တော်တွင်းမှာ ဆွေးနွေးတုန်းအဆင့်ပဲရှိတယ်။ ပြည်သူတွေက ပြင်ဆင်ဖို့ အမှန်တကယ်လိုလားတယ်ဆိုတာ လူထုနည်းနဲ့ ဆန္ဒဖော်ထုတ်သွားဖို့ အတူပူးပေါင်းပါဝင် ဆန္ဒပြဖို့ စီစဉ်ရခြင်းဖြစ်တယ်" ဟု တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုး က မဇ္ဈိမ ကို ပြောသည်။
ဆန္ဒဖော်ထုတ်ရာတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပါဝင်သည့် ပြည်သူက လိုလားနေသည့် ပြည်သူ့ခေါင်းဆောင် သမ္မတဖြစ်ခွင့်ကို အဟန့်အတားဖြစ်နေသည့် ပုဒ်မ-၅၉(ဃ)နှင့် (စ)ကို ပယ်ဖျက်ပေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရန် အဟန့်အတား ဖြစ်စေသည့် ပုဒ်မ-၄၃၆ကို ပြင်ဆင်ပေးရေးအတွက် အဓိကထား ဆန္ဒထုတ်ဖော်သွားမည်ဟု ဆိုသည်။
ဆန္ဒဖော်ထုတ်ရန် မတ် ၃ဝ ရက် မတိုင်မီ ၅ ရက်ခန့် ကြိုတင်ကာ တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံ စာတင် အကြောင်းကြားသွားမည်ဖြစ်ပြီး ဆန္ဒဖော်ထုတ်မည့်နေရာကိုမူ အတိကျ ပြောဆိုနိုင်ခြင်းမရှိသေးဟု တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုး ကပြောသည်။
ဆန္ဒဖော်ထုတ်ပွဲ မတိုင်မီ တောင်ကြီးမြို့ပေါ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နှင့် ပတ်သတ်ပြီး လူထုဆန္ဒ သဘောထားလက်မှတ်များ လိုက်လံကောက်ခံ လျက်ရှိပြီး အဆိုပါ လက်မှတ်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို တင်ပြသွားမည်ဟု ဆိုသည်။
Credit : မဇ္ဈိမ
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျက်
Martin Swe
18-03-2014

No comments: