Thursday, March 20, 2014

ကုဒ်နံပါတ် ၉၁၄ နေရာ၌ လူမျိုးအမည်ကို လိမ်လည်လှည့်ဖျား၍ ထည့်သွင်းပါက သန်းခေါင်စာရင်းဥပဒေနှင့်ငြိစွန်းမည်


myitmakha media group
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုတွင် အခြားလူမျိုးများဖြည့်သွင်းရမည့် ကုဒ်နံပါတ် ၉၁၄ နေရာ၌ လူမျိုးအား လိမ်လည် လှည့်ဖျား၍မှားယွင်းစွာ ထည့်သွင်းပါက သန်းခေါင်စာရင်းဥပဒေနှင့်ငြိစွန်းနိုင်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ခံရာတွင် လူမျိုးစုအတွက် အခြားဟု သတ်မှတ်ထားပေးသည့် ကုဒ်နံပါတ် ၉၁၄ တွင် ရိုဟင်ဂျာလူမျိုးအဖြစ် ဖြည့်စွက်ထည့်သွင်းခွင့်ရှိမရှိ ပြည်သူများအများကြား ထင်ကြေးပေးနေမှုအပေါ် ယခုကဲ့သို့ ရှင်းလင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံမှာ နေထိုင်ကြတာက နိုင်ငံခြားသားတွေလည်းပါပါတယ်။တိုင်းရင်းသားမဟုတ်တဲ့ နိုင်ငံခြားသား တခြားလူမျိုးဆိုရင် ၉၁၄ဘေးက ကွက်လပ်မှာရေးပါ။ပြည်ပကလူမျိုးဆိုရင်နိုင်ငံရှိရမယ်၊နိုင်ငံမရှိတဲ့လူမျိုး ကိုကျနော်ဘာလူမျိုးပါဆိုပြီး မရှိတဲ့လူမျိုးကို လိမ်လည်လှည့်ဖြားပြီး ထည့်လို့မရပါဘူး။ ဥပဒေတွေ ရှိပါတယ်”ဟု ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။
လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ဥပဒေ အခန်း(၅)၊ ပုဒ်မ၁၆။(ခ)တွင်သန်းခေါင်စာရင်းဆိုင်ရာ မေးမြန်းသော မေးခွန်းများအား ဖြေဆိုရာ၌ ဖြည့်သွင်းရန်ငြင်းဆိုခြင်းနှင့် သိလျက်နှင့်မှားယွင်းစွာဖြေဆိုခြင်း(သို့) မှားယွင်းစွာဖြည့်သွင်းခြင်း မပြုရဟုပါရှိပြီး ကျုးလွန်ဖောက်ဖျက်ပါက တစ်လထက်မပိုသောထောင်ဒဏ်နှင့် ကျပ်ငါးသောင်းထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
သန်းခေါင်စာရင်းမေးခွန်းများကို ဖြေဆိုရာတွင် နိုင်ငံအတွင်းနေထိုင်သောတိုင်းရင်းသားဖြစ်ပါက မျိုးနွယ်စု လူမျိုးပေါ်တွင် အခြေခံကာ ဖြေဆိုရမည်ဖြစ်ပြီး ပြည်ပမှနိုင်ငံခြားသားများဖြစ်ပါက ၎င်းတို့နေထိုင်ခဲ့သည့် သက်ဆိုင်ရာနိုင်ငံ၏အမည်ကို အခြေခံကာ ဘေးကွက်လပ်တွင် ဖြည့်သွင်းရမည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေအရမြန်မာနိုင်ငံတွင် ရောက်ရှိနေထိုင်နေသည့် ဘင်္ဂါလီများလူမျိုးများ အနေဖြင့်သတ်မှတ်ချက် ပြည့်မီလျှင် နိုင်ငံသားဖြစ်သွားနိုင်သော်လည်း တိုင်းရင်းသားမဖြစ်နိုင်ကြောင်း၊ နိုင်ငံတော်အစိုးရက လည်းမြန်မာနိုင်ငံတွင် ရိုဟင်ဂျာလုံးဝမရှိဟူ၍ ကြေညာထားကြောင်း ဒေါ်ခိုင်ခိုင်စိုးကပြောသည်။
“ပြည်တွင်းက လူက ၁၃၅ မျိုးထဲမှာ ပါတဲ့တိုင်းရင်းသားကိုအခြေခံတယ်။ပြည်ပကလူမျိုးဆိုရင် နိုင်ငံကို အခြေခံတယ်။ သူတို့အနေနဲ့ကိုယ်နေထိုင်နေတဲ့ နိုင်ငံအပေါ်မှာသစ္စာရှိဖို့လိုပါတယ်။သန်းခေါင်စာရင်းမှာ ဘယ်လိုပဲ ထည့်ထည့် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေအရ ဘင်္ဂါလီမှန်ရင် နိုင်ငံသားဖြစ်သွားနိုင်ပေမယ့် ဘယ်တော့မှ တိုင်းရင်းသားမဖြစ်နိုင်ဘူး”ဟု ဆက်လက်ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားတွင် သန်ခေါင်စာရင်းကောက်ရာ၌ရိုဟင်ဂျာ ဆိုသည့်အမည်ကို ထည့်သွင်းကောက်ခံခြင်းမပြုရန် လူအင်အားတစ်သိန်းကျော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

No comments: