Thursday, March 20, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်သို့ လာရောက်လေ့လာသည့် ပြည်ခိုင်ဖြိုးပါတီဝင်များ တွေ့ဆုံ



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်သို့ လာရောက်လေ့လာသည့် ပြည်ခိုင်ဖြိုးပါတီဝင်များ တွေ့ဆုံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်သို့ လာရောက်လေ့လာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ မတ် ၁၉ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ရပ်နားချိန်တွင် တွေ့ဆုံခဲ့သည်။
လွှတ်တော်သို့ လာရောက်လေ့လာသော ပြည်ခိုင်ဖြိုးပါတီဝင်များမှာ ကော့မှူးမြို့နယ် နှင့် ကွမ်းခြံကုန်းမြို့နယ်မှ ဖြစ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဇေကမ္ဘာဦးခင်ရွှေ၏ အစီအစဉ်ဖြင့်Elite ကား ငါးစီးဖြင့် လူဦးရေ ၂၀၀ ခန့် ပါဝင်ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မအနေနဲ့ ကော့မှူးမြို့နယ်က မြို့နယ်သူမြို့နယ်သားအားလုံး ကျွန်မတတ်နိုင်သမျှ ကော့မှူးအတွက် အကောင်းဆုံး ဖြစ်အောင်လုပ်ဖို့ တာဝန်ရှိတယ်ဆိုတာ လက်ခံတယ်။ ဦးခင်ရွှေလည်း လက်ခံမယ်ဆိုတာ ကျွန်မယုံကြည်တယ်။ ကျွန်မတို့ တတ်နိုင်သမျှ ကျွန်မတို့ပူးပေါင်းပြီးတော့ ဆောင်ရွက်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီလိုပူးပေါင်းဆောင်ရွက်မှ ကျွန်မတို့မြို့နယ်က တိုးတက်မှာ ဖွံ့ဖြိုးမှာ။ ကျွန်မတို့မြို့နယ်မှာရှိတဲ့ ပြည်သူ ပြည်သားတွေရဲ့ ဘ၀က ပိုပြီးတော့ ချမ်းသာမှာ အဲဒီတော့မြို့နယ်က ပုဂ္ဂိုလ်တွေကလည်း တာဝန်ရှိတယ်။ ကျွန်မတို့ ဒီလိုလုပ်နိုင်တဲ့ အခွင့်အရေးရတာ ဘာကြောင့်လဲဆိုရင် ဒီမိုကရေစီကို စပြီးတော့ကျင့်သုံးတာ။ အဲဒီတော့ ဒီမိုကရေစီကို စပြီးကျင့်သုံးလာလို့ ကျွန်မတို့ ပူးပေါင်းပြီးတော့ ဒီမြို့နယ် တိုးတက်ရေးအတွက် ဆောင်ရွက်နိုင်တဲ့ အခွင့်အရေးကိုရတာ။
အဲဒါကြောင့်မို့ ဒီမိုကရေစီက ရတဲ့အခွင့်အရေးတွေကို သုံးရုံတင်မရဘူး။ ကိုယ်ကလည်း ပြန်ပြီးတော့ ကိုယ့်တာဝန်အရ ကူညီရမယ်၊ မစရမယ်။ နောက်ဆုံးကျတော့ ဒီမိုကရေစီနိုင်ငံမှာဆိုရင် ပြည်သူပြည်သားတွေက ကိုယ့်နိုင်ငံ တိုးတက်ရေးအတွက် ကိုယ်တာဝန်ယူရမယ်။ နောက်ဆုံးကိုယ်ပဲ တာဝန်ယူရမယ်၊ ကိုယ်ရွေးလိုက်တဲ့သူကိုလည်း ကိုယ်ရွေးလိုက်ခြင်းအားဖြင့် တာဝန်ပေးတာပဲ။ ကိုယ့်ရွေးတဲ့သူကို ဘယ်လိုလူမျိုး ရွေးတယ် ဆိုတာ ကိုယ့်မှာတာဝန်ရှိတယ်။ ကိုယ်ရွေးပြီးမှ မကြိုက်ပါဘူးလို့ ပြောနေလို့ရှိရင် ဒါလည်းပြောပိုင်ခွင့်ရှိပါတယ်။ ရွေးတာတော့ မှားမှာပေါ့။ နောက်တစ်ခါ မမှားစေနဲ့ပေါ့။ ဒီလိုပဲ လုပ်ရမှာပေါ့။ အဲဒီတော့ ညီညီညွတ်ညွတ် ရှိရမယ်။ ဟိုဘက်က နိုင်လို့နိုင်တဲ့သူကို ချော်လဲအောင်လုပ်မယ်လို့ သူနိုင်သွားမှာစိုးလို့ ခလုတ်တိုက်အောင်လုပ်မယ်လို့။ ဒါမျိုးတွေဟာ မလုပ်သင့်ဘူး။ ဒါဟာသိက္ခာရှိတဲ့ နိုင်ငံရေးမဟုတ်ဘူး။
သိက္ခာရှိတဲ့ နိုင်ငံရေးမလုပ်နိုင်လို့ရှိရင် ကျွန်မတို့နိုင်ငံဟာ တိုးတက်မှာမဟုတ်ဘူး။ အဲဒီတော့ကျွန်မတို့ အမြင်ချင်း မတူတာတွေရှိတယ်။ ဒါကတော့ ရှိမှာပဲ။ လူပဲ အမြင်ချင်းတစ်ယောက်နဲ့တစ်ယောက် မတူဘူးပေါ့။
ကျွန်မနဲ့ ဦးခင်ရွှေက သဘောတူတယ်။ ကျွန်မဆုံးဖြတ်မယ်။ ဦးခင်ရွှေက ပိုက်ဆံပို့။ ဒါတစ်ယောက်နဲ့ တစ်ယောက်ငြင်းစရာအကြောင်း မဟုတ်ဘူး။ အဓိက ကတော့ ကျွန်မတို့ ဒီလိုပူးပေါင်းဆောင်ရွက်ခြင်းဟာ ကျွန်မတို့ရဲ့မြို့နယ်အတွက် အကျိုးဖြစ်စေရမယ်။ အဲဒီလို အကျိုးဖြစ်မယ်ဆိုရင် ကျွန်မတို့လုပ်တာမှန်ပြီလို့ သတ်မှတ်ရမယ်။ ဒီတော့ ကျွန်မတို့မြို့နယ်ထဲက ကျွန်မတို့ပြည်သူပြည်သားတွေကလည်း ဒီလိုပဲ စိတ်ထားရမယ်။ သူက ဘယ်ပါတီက ငါက ဘယ်ပါတီက ဒီလိုခွဲခြားမှုကတော့ အတိုင်းအတာတစ်ခုထိတော့ ရှိမှာပေါ့။ ရှိနိုင်တယ်။ ဒါကိုယ့်ရဲ့နိုင်ငံရေးယုံကြည်ချက်အရ ဒါပေမဲ့ မြို့နယ်တိုးတက်ရေးအတွက်တော့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ကြပါ။ နောက်ပြီးတော့ မိတ်ဖြစ်ဆွေဖြစ်နေကြပါ။ တကယ်ရင့်ကျက်တဲ့ နိုင်ငံကြီးတွေမှာဆိုရင် ရွေးကောက်ပွဲမှာ အကြိတ်အနယ်ပြိုင်ဆိုင်၊ ပြီးတော့ မိတ်ဆွေလိုပဲ နေတာပဲ။ ဘာမှ မိတ်ပျက်တာတွေ မရှိ ဘူး။ အဲဒီတော့ ကျွန်မတို့ ကော့မှူးကို စံပြမြို့နယ်တစ်ခု ဖြစ်စေချင်တယ်”ဟု ဆိုသည်။

ထို့အပြင် ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ဖွဲ့စည်းပုံပြင်ဆင်ရန်မှာ အဓိကကျကြောင်းလည်း ထည့်သွင်းပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီတို့မှာ ခေါင်းဆောင်ပိုင်း အချင်းချင်းသင့်မြတ်မှု ရှိနေသည်ဟု ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက မတ် ၆ ရက်က မီဒီယာများကို ပြောကြားထားသည်။
မတ် ၁၉ ရက်က လွှတ်တော်သို့ လာရောက်လေ့လာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များနှင့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်

No comments: