Sunday, March 30, 2014

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကျန်းမာရေး အခြေအနေ စိုးရိမ်ဖွယ်ရှိ



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ဖွယ် အခြေအနေတွင် ရှိကြောင်း အဆိုပါ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။
ဟံသာဝတီ ဦးဝင်းတင်သည် ကျန်းမာရေး အခြေအနေများကို စစ်ဆေးရန် ဝိတိုရိယဆေးရုံတွင် ဆေးကုသနေရာမှ မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် အသက်ရှူကျပ်လာပြီး သတိမရသောကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့လိုက်ရကြောင်း ၎င်းကဆိုသည်။
“ကျွန်တော် နေ့လယ်က သွားကြည့်တဲ့အထိ သတိမရသေးဘူး၊ အောက်ဆီဂျင် ပေးထားရသေးတယ်” ဟု ၎င်းကဆိုသည်။
ထို့အပြင် ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေကို သွားရောက်ကြည့်ရူခဲ့သူ ဒီလှိုင်းဂျာနယ် အမှုဆောင် အယ်ဒီတာ မုံရွာအောင်ရှင်ကို ညနေ ၆ နာရီတွင် ဆက်သွယ် မေးမြန်ရာတွင် သတိပြန်လည်ရရှိခြင်း မရှိသေးဘဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆောင် ၅-၆ တွင် ကုသနေဆဲ ဖြစ်ကြောင်း ၎င်းကဆိုသည်။
“မနေ့ကအထိ ကောင်းကောင်းမွန်မွန်ပဲ။ မနက်ကျမှ အသက်ရှူကျပ်ပြီး သတိလစ်သွားတာနဲ့ ဆေးရုံပြောင်းလိုက်ရတယ်။ အဆုတ်ကနေ ပြန်ဖြစ်တာလို့ ဆရာဝန်တွေက ပြောတယ်” ဟု ၎င်းကဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင်သည် အသက် ၈၄ နှစ်ရှိပြီး နှစ်ရှည်လများ အကျဉ်းထောင်တွင်း ရရှိခဲ့သော ဒဏ်ရာများအပြင် နှလုံးတွင်လည်း စက်တပ်ဆင်ထားရသော သူတစ်ဦးဖြစ်သည်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ လှုပ်ရှားမှုကြီးတွင် ပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တည်ထောင်ခဲ့သူ ဦးဝင်းတင်သည် ယခင်အစိုးရများ လက်ထက်တွင် ထောင်ဒဏ်နှစ် ၂၀ ကျော် ချမှတ်ခြင်းခံရပြီး ထောင်တွင်းတွင် ၁၉ နှစ်ကျော် နေထိုင်ခဲ့ရကာ၂၀၀၈ ခုနှစ်စက်တင်ဘာ ၂၃ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။
ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို ဂွီလာရ်မိုကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနှင့် ကမ္ဘာ့သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့နှင့် ပြင်သစ်ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ခြင်းခံခဲ့ရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ထုတ်ဝေသော ဒီလှိုင်းဂျာနယ်တွင်လည်း အကြံပေးအဖြစ် ဆောင်ရွက်လျက် ရှိသည်။
မူရင်း (The Voice)

No comments: