မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Wednesday, March 26, 2014

“ဇာတိအာဏာ”

          သည်သီချင်းကို ကိုယ်ကလွဲရင် တခြားလူတွေ နားထောင်တတ်မယ် ကြိုက်တတ်လိမ့်မယ် မထင်မိလို့ စကားမစပ်မိပဲ ကိုယ့်ဘာသာနားထောင်ချင်တောင် နားကျပ်ကလေးနဲ့ ခပ်တိုးတိုးပဲ မဆလခေတ်က ဘီဘီစီခိုးနားထောင်သလို နားထောင်ခဲ့ရတာပါ။ တရက်တော့ ထင်မထားတဲ့ လူငယ်တွေက အဲသည်သီချင်းကြိုက်လှပါတယ် ဆိုလာတော့ “ဟင် အထဲက စာသားတွေ နားလည်လို့လား။” လို့ မေးတာ သူ့မှာ စာသားတောင် မရှိလို့ လိုချင်ပါသတဲ့။ ဒါနဲ့ ရေးတုန်းကတော့ သီချင်းစာသားကလေးတွေ အစပြန်ဖော်ပြီး ပေးမလို့ပါပဲ။ ဒါပေမယ့် “အနက်ကလေးလည်း လုပ်ဦးမှပေါ့။” လို့ ဆိုလာမှာ သိတာနဲ့ မထူးတော့ပါဘူး။ အားလုံးဖတ်ရအောင် နုတ်စ်ပဲ ရေးတင်လိုက်မယ် လို့ ကြိုးစားပန်းစား ဇာတ်စုံခင်းရပါတော့မယ်။

           သူ့ကို ကမ္ဘာပျက်ပုံ ပတ်စာပိုး ယိုးဒယားကြီး လို့ ခေါ်ပါတယ်။ ဒါပေမယ့် သီချင်းကြီးထုံးစံအတိုင်း သီချင်းထိပ်စကလေးတွေကို အဖျားဆွတ်ခေါ်ရင်းကပဲ “ဇာတိအာဏာ” လို့ ဖြစ်သွားတာပါ။ ရေးခဲ့တာကတော့ မဟာဂီတမှာ ဦးပြုံးချိုမူရယ်လို့ တစ်မူတစ်ဟန် ပြစုသွားတဲ့ ဆရာကြီးဦးပြုံးချိုက ရေးခဲ့တာပါ။ ဦးပြုံးချိုဆိုတာက ကျိုက်လတ်သား၊ အညာဆက် မင်းမျိုးမင်းနွယ်ထဲက အောက်ပြည်အောက်ရွာမှာ အခြေပြောင်းရွှေ့နေထိုင်သူတွေက ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ၁၁ နှစ်သားကတည်းက အတီးအမှုတ် ဂီတပညာများ တတ်ကျွမ်းပါသတဲ့။ သီချင်းကြီးတော်တော်များများရေးခဲ့ပေမယ့်လည်း ရှင်ဘုရင် လက်ထက်ကတည်းက တီးခဲ့ဆိုခဲ့ မှတ်တမ်းရှိခဲ့တဲ့ ရွှေနန်းတော်သုံး မဟာဂီတထဲကို ရောမထည့်ချင်ကြတဲ့အတွက် “ဇာတ်သမားတွေ တီးကြဆိုကြရုံသက်သက် တော်သုံးနန်းသုံး မဟုတ်ဘူး” ဆိုပြီး သီချင်းကြီးစာရင်းမသွင်းကြပါဘူး။ ဒါပေမယ့် အဲသလိုမျိုး ပါတော်မူပြီးနောက်မှ ရေးတဲ့ သီချင်းကြီးသန္ဓေစစ်စစ်ထဲမှာ လက်ဖျားခါလောက်အောင်ကောင်းပြီး အရမ်းနံမယ်ကြီးတာ ဒေါ်စောမြအေးကြည် ရေးတဲ့ “မိုးဒေ၀ါ” ရယ်၊ ဦးပြုံးချို ရေးတဲ့ “တေဘုမ္မာ” ရယ် နှစ်ပုဒ်ပဲ ရှိပါတယ်။ တတိယတစ်ပုဒ်ကတော့ ဟောသည် “ဇာတိအာဏာ ယိုးဒယား” ပါပဲ။ ပတ်စာပိုး ယိုးဒယား လို့ခေါ်တာက ဆိုင်းသမားတွေက သည်သီချင်းကိုတီးရင် သည်အတိုင်းတီးလို့မရပဲ ပတ်စာကလေးပိုးပိုးပြီးမှ တီးရတဲ့အတွက်ပါ။ ဆိုလိုတာက တီးရတာ အသံနည်းနည်းဝဲတယ် ယိုင်တယ်ပေါ့။ ပတ်လုံးကလေးတွေမှာ အသံပျိုးပျိုးပြီးတီးရတော့ ပတ်ပျိုးလို့ခေါ်သလိုပဲ ပတ်စာကလေး ပိုးတီးရတော့ ပတ်စာပိုးတဲ့။ ဒါပေမယ့် တချို့သီချင်းပိုဒ်တွေက ကာလပေါ်သီချင်းတွေမှာ သူ့အသွားကို ယူယူစပ်ကြလို့ နားထောင်ရတာ မစိမ်းပါဘူး။ ဥပမာအားဖြင့် "နှစ်ဆူကမ္ဘာနေ..." ဆိုတဲ့အပိုဒ်က စောင်းသိန်းဖေဆိုတဲ့ အချစ်ရေ သီချင်းထဲက "ဟိုစဉ်အခါမလေ..." ဆိုတဲ့အသံ နဲ့ တူတူပဲ။

           သီချင်းရဲ့ အကြောင်းအရာကတော့ စောစောက ပြောတဲ့အတိုင်း ကမ္ဘာပျက်ပုံ (Apocalypse) ကို စပ်ဆိုတာပါ။ ကဲ သည်နေရာမှာ ပြောစရာရှိလာပါပြီ။ ကိုယ်တို့မြန်မာတွေက ကမ္ဘာပျက်တယ်ဆိုတာ ဘယ်လိုဟာမျိုး ယူဆခဲ့ကြသလဲ။ ခရစ်ယာန်ကျမ်းစာထဲကလို နိုအာရဲ့လှေကြီးနဲ့ လိုက်သွားမှာလား။ ပြန်လည်ရှင်သန် ထမြောက်လာသော ကိုယ်တော်ရှင်မြတ်နဲ့အတူ အဘဘုရားသခင်ရဲ့ ထာဝရအိမ်တော်ကို မြန်းကြွကြမလား။ သူတို့မှာလည်း သူတို့အယူအဆ သူတို့အတွေးအခေါ်နဲ့ ရှိသလို ကိုယ်တို့ မြန်မာတွေမှာလည်း ကိုယ်ပိုင်အယူအဆအတွေးအခေါ်တွေ ရှိပါတယ်။ သူက မှားတယ် ကိုယ်ကမှန်တယ် အငြင်းပွားဖို့ မဟုတ်ပါဘူး။ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းက လူသားတွေ စိတ်ထဲမှာ တစ်နေ့ကျ ကမ္ဘာကြီးပျက်လိမ့်မယ် လို့ ကိုယ်စီကိုယ်စီ အတွေးပွားခဲ့ကြဖူးတာက စိတ်ဝင်စားစရာ ကောင်းပါတယ်။

            စဉ်းစားကြည့်စမ်းပါ။ အမေရိကန်ဆိုတဲ့လူတွေမှာ ကိုယ်တို့လို ထောင်စုနှစ်က သမိုင်းကြောင်း၊ အတွေးအခေါ် အယူအဆတွေ ရှိလို့လား။ ကာလယန္တယားဆိုတာကြီးကိုသာ ရုပ်ရှင်ထဲ ထည့်ထည့်ရိုက်နေကြတာ။ သူတို့မြေပေါ်မှာ ဘော့စတွန်တီးပါတီထက်စောပြီး နောက်ပြန်သွားချင်ရင် ရက်အင်ဒီးယန်းတွေ အမဲလိုက်နေတာပဲ တွေ့ရလိမ့်မယ်။ ရောမအင်ပါယာ၊ အေသင်မြို့ပြနိုင်ငံ၊ အီဂျစ်က ပိရမစ်ကြီးတွေနဲ့ ခေတ်ပြိုင် ကိုယ်တို့အာရှမှာ ယဉ်ကျေးမှုတွေ ထွန်းကားခဲ့တယ်။ ဘာသာအယူဝါဒတွေ ထွက်ပေါ်လာခဲ့တယ်။ ပဒေသရာဇ်နိုင်ငံ သေးသေးကလေးတွေမှာ နေရင်းက စကြာဝဠာကြီးအကြောင်းကို အတွေးနယ်ချဲ့ခဲ့တယ်။ နေလ နက္ခတ်တာရာတွေကို သူတို့မျက်စိနဲ့ ကြည့်လို့မြင်လို့ နံမယ်ကလေးတွေ ပေးထားခဲ့သလိုပဲ ကိုယ်တို့ကလည်း ကိုယ်တို့အာရုံထဲမှာ မြင်တဲ့အတိုင်း အရုပ်ကလေးတွေရေးပြီး နံမယ်လေးတွေ ပေးထားတယ်။ ကိုယ်တို့က ခုနှစ်စဉ်ကြယ်စုကြီးကို ကြယ်မိကျောင်းလို့ ခေါ်တဲ့အချိန်မှာ သူတို့ကတော့ ၀က်ဝံတာရာတဲ့။ တရုတ်တွေကျတော့ ရှောင်လိန်ဂိုဏ်းရဲ့ အားအထားရဆုံး သိုင်းကွက် ဖြစ်သွားပြန်ရော။ ဘယ်သူကမှ မှန်တယ် မှားတယ် မရှိပါဘူး။ ကိုယ့်ဓါတ်ခံနဲ့ကိုယ် သန်ရာသန်ရာ တွေးမြင်ခံစားကြတာပါ။ အားလုံးက တူညီတဲ့အချက်ကို တွေးမိတာကတော့ ကမ္ဘာကြီးဆိုတာလည်း အစဉ်ထာဝရတည်နေမှာ မဟုတ်ဘူး။ တနေ့နေ့ တချိန်ချိန်ကျတော့ ပျက်စီးရလိမ့်မယ်တဲ့။

           မြန်မာတွေ ကမ္ဘာပျက်ပုံကို ယုံကြည်ထားတာက အိန္ဒိယက ဟိန္ဒူတွေဆီက ဆင်းသက်လာတာ မဟုတ်ပါဘူး။ ၀ိသုဓ္ဓိမဂ်၊ သုတ္တန်ကျမ်း၊ အဌကထာကျမ်းဂန်များကလာတဲ့အတိုင်း ထုတ်ပြန်ထားတာပါ လို့ သီချင်းကဆိုပါတယ်။ ဗုဒ္ဓဘာသာမှာ ဖန်ဆင်းရှင် မရှိတာမို့ ဖျက်ဆီးတဲ့အခါမှာလည်း သင်္ခါရသဘောတရားအရ ဖြစ်ပြီးရင် ပျက်ရမယ့် လောကနိယာမ တရားအတိုင်းသာ သွားပါတယ်။ မနှစ်က ၂၀၁၂ မှာတော့ ကမ္ဘာမပျက်တာ ကိုယ်တို့ဘက်က သေချာပါတယ်။ အရိမေတ္တးယျဘုရားရှင်မှ မပွင့်ရသေးတာ။ ဘယ်နည်းနဲ့မှ ကမ္ဘာပျက်စရာ မရှိပါဘူး။ မာယာတွေရဲ့ ပြက္ခဒိန်ကသာ စာရွက်တွေ အစောကြီး ကုန်သွားတာနေမှာပါ။ ဒါပေမယ့် မပျက်ဘူး မပြောပါဘူး။ တနေ့တော့ ပျက်ကိုပျက်ရမှာ။ ပျက်ပုံပျက်နည်းကလေး ကြည့်ရအောင်။

            ကမ္ဘာပျက်ကာနီး နှစ်ပေါင်း ကုဋေတစ်သိန်းလောက် အလိုရောက်တော့ လောကဗျူဟာနတ်မင်းကြီးများက ကမ္ဘာပျက်မည့်ကောလာဟလကို စလွှင့်ရပါတယ်။ နီမြန်းသော အ၀တ်အစားများကိုဆင်ပြီး ဦးဆံဖားလျားချလျက် ငိုကြွေးပြီး “ဘော အို အချင်းတို့။ ကမ္ဘာကြီး ပျက်စီးရန်နီးပြီတည်း။ မကောင်းမှု ဒုစရိုက်များကိုရှောင်ရှား၍ ကောင်းမှုကုသိုလ်များကို ပြုကြကုန်လော့။” လို့ အရပ်လေးမျက်နှာမှာ ၀မ်နင်လိုက်ပေးပါတယ်။ ဘောတွေ အချင်းတွေနဲ့ ဘာပြောမှန်းမသိ ဖြစ်နေပါဦးမယ်။ အဲဒါ ကိုယ်တို့ တစ်လတစ်ခါ ကြားနေရတဲ့ “မိဘပြည်သူများခင်ဗျား” နဲ့ အတူတူပါပဲ။ အာလုပ်စကားခေါ်ပါတယ်။ ဘုရားပွင့်တော်မူတဲ့အချိန်မှာဖြစ်တဲ့ ဗုဒ္ဓကောလာဟလလိုပဲ သည်သတင်းဟာ လူတွေကို အကြီးအကျယ် ခြောက်ခြားစေပါတယ်။ ဒါကြောင့် သတိသံဝေဂတွေရပြီး ကောင်းမှုကုသိုလ်တွေ ပြုလိုက်ကြတာ စတုမဟာရာဇ်ကနေ တာဝတိံသာ၊ ယာမာ၊ တုဿိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတ ၀ဿဝတီဆိုတဲ့ နတ်ပြည်ခြောက်ထပ်စလုံး ဝေနေယျတွေနဲ့ ပြည့်ကြပ်သွားသတဲ့။ မကောင်းမှု ဒုစရိုက်ပြုတဲ့သူတွေကျတော့ မဟာအ၀ီဇိအောက်ကို ချိုးကပ်သွားပြီး နရဂ်တိုင်အောင် ရောက်သွားသတဲ့။ အထက်ဘ၀ဂ် အောက်နရဂ် လို့ ဆိုတယ် မဟုတ်လား။ ဟုတ်တယ် မဟုတ်ဘူးတော့ မသိဘူးပေါ့နော်။ါးပေမယ့် ကမ္ဘာပျက်ကာနီးလို့ ရာသီဥတုတွေ အကြီးအကျယ်ဖောက်ပြန်လာတဲ့အခါ သက်ရှိတွေ မရှင်သန်နိုင်တော့လို့ ဘယ်ဘုံဘယ်ဘ၀များရောက်သွားလို့ပါလိမ့်ဆို တွေးကြည့်ရင် အဲသည်လိုပဲ တွေးဖို့ရှိတာပေါ့။

            နတ်ပြည်ရောက်လို့ အငြိမ်းနေလိုက်မယ်ဆိုပြီး နတ်စည်းစိမ်ခံစားနေလို့ မရသေးပါဘူး။ နတ်ပြည်ဆိုတာလည်း ကမ္ဘာကြီးကို တည်မှီထားတာမို့ အထက်ဗြဟ္မာဘုံကို ဆက်တက်ရပါဦးမယ်။ သည်တော့ နတ်သားနတ်သမီးတွေခမျာ နတ်စည်းစိမ်မခံစားနိုင်ပဲ အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းပြီး ၀ါယောကသိုဏ်းရှုကြလို့ ဈာန်တရားများရရှိပြီး ဗြဟ္မာ့ဘုံကို ရောက်သွားပါသတဲ့။ ကမ္ဘာမီးလောင်တဲ့အခါ ဗြဟ္မာ့ဘုံနှစ်ဆယ်ထဲက ပထမဈာန်သုံးဘုံထိအောင် မီးကဟပ်မှာကိုး။ အဲဒီတော့ ကိုယ်တို့ဆီက ၂၀၁၂ ဓါတ်ရှင်ဇာတ်ညွှန်းကြီးဟာ မစ္စတာပရက်စီးဒန့်နဲ့ အဲယားဖို့စ်ဝမ်းကြီးစီးပြိး ထွက်ပြေးတဲ့အခန်းတွေ မပါတော့ပါဘူး။ မပျက်ခင်ကတည်းက သက်ရှိသတ္တ၀ါတွေ ဆိတ်သုဉ်းကုန်နှင့်ပြီ။ ဘာသက်ရှိမှ မကျန်တဲ့ ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယောတွေ ဘယ်လို ချုပ်ကုန်သလဲပဲ ကြည့်ဖို့ရှိတော့တယ်။

           ပထမဆုံးကတော့ နေနှစ်စင်းပြိုင်ထွက်လာသတဲ့။ ပူလွန်းလို့ မြစ်ငယ်ငါးရာကရေတွေ အကုန်ခန်းကုန်ရော။ နှမ်းတစ်ပေါက်စာတောင် မကျန်ဘူးတဲ့။ သုံးစင်းလည်းထွက်လာရော မြစ်ကြီးငါးသွယ်ကုန်သဗျ။ လေးစင်းမှာ ရေအိုင်ကြီး ခုနှစ်အိုင် ခန်းကုန်တယ်။ ငါးစင်းမြောက်မှာ သမုဒ္ဒရာ ခုနှစ်စင်းသာမက မဟာသာဂရအိုင်လို့ခေါ်တဲ့ ကမ္ဘာမြေအတွင်းပိုင်းက မြေအောက်ရေတွေပါ ခန်းခြောက်ကုန်တယ်။ ခြောက်စင်းမြောက်တော့ မြင့်မိုရ်တောင်ကြီးတောင် ယိမ်းကာယိုင်ကာ အရည်ပျော်ကျလာသတဲ့။ လောကဓါတ်ကြီးတစ်ခုလုံး မည်းမှောင်ပြီး မီးခိုးတွေ အူထွက်လာပတဲ့။ နောက်ဆုံးနေခုနှစ်စင်းမြောက်မှာတော့ ကမ္ဘာကြီးတစ်ခုလုံး သွက်သွက်ခါအောင် အဟုန်တငြီးငြီး လောင်ကျွမ်းပါတော့သတဲ့။ ဗြဟ္မာ့ဘုံက ပထမဈာန်သုံးဘုံတောင် မလွတ်တော့ဘူး။

           နောက်ဆုံးမှာ ပြာပဲကျန်ပြီး တိတ်ဆိတ်ငြိမ်သက်သွားတာ မဟာသံဝဋ်ကပ်ကြီး တစ်ကပ်လုံးပါပဲတဲ့။ အဲဒီနောက်တော့ သံဝဋဋ္ဌာယီကပ်တစ်ကပ်လုံး နှစ်ပေါင်းလပေါင်း အသင်္ချာအသင်္ချေ ကြာပြီးမှာ နှင်းကလေးတွေ ဝေသလို ဓါတ်ကြီးလေးပါး အစိုင်အခဲကလေးတွေ စုလာပြီး တဖြေးတဖြေး ကြီး၍ကြီး၍လာသတဲ့။ နောက်တော့ မိုးပေါက်ကလေးတွေလို စုလာပြီး ကမ္ဘာပြုမိုးကြီး အကြီးအကျယ် ရွာတော့သတဲ့။ မိုးက သည်းသည်တက်သည်းလာလိုက်တာ မိုးပေါက်ကြီးတစ်ပေါက်တစ်ပေါက် အိမ်လုံးတောင်လုံး ပမာဏမျှ ရှိသတဲ့။ အဲ့ဒီနောက် ပထမဈန်ဗြဟ္မာ့ဘုံအထိ ကြည့်လေရာမှာ ရေပြင်ကျယ်ကျယ်ကြီးသာ ပြန့်ပြန့်ပြူးပြူးတွေ့ရမတဲ့။ အဲဒါကို ၀ိဝဋကမ္ဘာလို့ ခေါ်တယ်။ နောက်မှ ရေတွေဖြေးဖြေး ကျသွားပြီး လေးကွန်းတမြင့်မိုရ် ရေမြေတောတောင်တွေ ပေါ်လာမှာ။ အဲဒီကပ်က ဋ္ဌာရီကပ်လို့ ခေါ်ပြီး မဟာပထ၀ီမြေကြီးပေါ်လာတဲ့အချိန်ပါပဲ။ နောက်တော့ အဲသည်မြေကြီးပေါ်မှာ မြေဆီမြေနှစ်တွေတည်လာပြီး သြကာသလောကကြီးစလာပြီပေါ့။

             ဒီအချိန်မှာ သုဒ္ဓ၀ါသဗြဟ္မာကြီးတွေက မဟာဗောဓိပင်ပေါက်မယ့်နေရာကို လာကြည့်ကြသတဲ့။ အဲသည်မှာ ကြာပန်းတစ်ပွင့်မှ မပွင့်ရင် သုညကမ္ဘာလို့ခေါ်တယ်။ သည်ကမ္ဘာမှာ ဘုရားပွင့်တော် မမူဘူး။ အချည်းနှီးသာလို့ ငိုကြွေးပြီး ပြန်သွားကြတယ်။ ပွင့်ရင်တော့ ဘယ်နှစ်ပွင့်ပွင့်သလဲ ရေကြည့်ပြီးမှ သာရကမ္ဘာ၊ မဏ္ဍကမ္ဘာ၊ သာရမဏ္ဍကမ္ဘာ၊ ဘဒ္ဒကမ္ဘာ အဲသလို နံမယ်ပေးပြီး ပွင့်တော်မူမယ့် ဘုရားရှင်ကို ဆက်ကပ်ဖို့ သင်္ကန်းပရိက္ခရာတွေ ပြင်ဆင်ပြီး ဗြဟ္မာ့ဘုံကို ပြန်သွားတယ်။ အနော်မာသောင်မှာ အလောင်းတော် သိဒ္ဓတ္တမင်းသားကို လာကပ်တာ အဲသည်ပရိက္ခရာထဲက တစ်စုံပဲ။ အခုဆို တို့ကမ္ဘာမှာ ဘုရားလေးဆူပွင့်ပြီးသွားပြီ။ ဘယ်တစ်ဆူနဲ့မှ ကျွတ်တမ်းမ၀င်ခဲ့သေးဘူး။ နောက်ဆုံးတစ်ဆူပဲ ကျန်တော့တာမို့ အားခဲထားမှ မကောင်းမှုကိုရှောင် ကောင်းမှုကိုဆောင်နိုင်မှ ဖြစ်တော့မှာပဲ။ အဲသည်အချိန်ကျမှ တစ်မဂ်တစ်ဖိုလ်ကလေးတောင် မရဘူးဆိုရင် အခက်ကြီးခက်ရချေရဲ့နော်။ လို့ သီချင်းကို အဆုံးသတ်ထားပါတယ်။

             ဟုတ်တယ်လို့လည်း မပြောပါဘူး။ မဟုတ်ဘူးလို့လည်း မငြင်းပါဘူး။ တို့ဘိုးတို့ဘေးတွေက ကမ္ဘာပျက်တယ်ဆိုတာ သည်လိုမျိုး ဆိုကြလေတယ် လို့ပဲ ပြောချင်တာပါ။ ကိုယ်လည်း သည်လိုပဲ သက်ကြီးစကား သက်ငယ်ကြားခဲ့တယ်။ ကိုယ့်အလှည့်ကျ ပြန်ပြောပြမပေးရင် နောင်လာနောက်သားတွေ မကြားဖူးမှာစိုးလို့ တတ်သမျှ မှတ်သမျှ ရှင်းပြပါတယ်။ အဓိပ္ပါယ် နားလည်တဲ့အခါ သီချင်းလေးလည်း ပိုနားထောင်လို့ ကောင်းတာပေါ့။ အခုသီချင်းကို ဒေါ်မာမာအေးဆိုထားတဲ့ မူက ကိုယ်ရထားတဲ့မူနဲ့ မတူပါဘူး။ စာသားမကွဲပေမယ့် အသံတွေ တော်တော်ကွဲပါတယ်။ နှစ်ခုစလုံးကတော့ တစ်မျိုးစီနားထောင်လို့ ကောင်းတာချည့်ပါပဲ။ ကိုယ်ရထားဖူးတဲ့မူက ဒေါ်ရီရီသန့်ဆိုထားတဲ့မူပါ။ ဒေါ်မြင့်မြင့်စိန်ဆိုတာနဲ့တော့ တစ်ထပ်တည်းတူပါတယ်။ ရှေ့ဆုံးမှာ တေးထပ်ကလေး ထည့်ဆိုထားတာက အနူးဆိုအနပ်ဆိုမို့ ပဒေသာလို နားထောင်လို့ကောင်းပါတယ်။ မူရင်းသီချင်းစာသားထဲတော့ မပါပါဘူး။ သီချင်းကြီးအဆိုမှာလည်း သူ့မူငါ့မူက ငြင်းစရာ မဟုတ်ပါဘူး။ ကိုယ့်ဆရာနဲ့ကိုယ်ရထားတဲ့မူကို ပိုင်ပိုင်နိုင်နိုင် တတ်ထားဖို့က အဓိကပါ။ အတီးဆရာခေါ်တဲ့နောက်ကို ရအောင်လိုက်ဆိုနိုင်တာက ပညာခန်းပါ။ အင်္ဂလိပ်သီချင်းတွေလို စာသားအ၀င်အထွက် နဲ့ သံစဉ်ကို မူသေမထားပါဘူး။ တီးကွက်လက်ကျနဲ့ ကိုက်အောင် နားစောင့်နဲ့ဆိုပါတယ်။ ဒီသီချင်းတွေကို စိတ်ဝင်တစား နားထောင်ပေးလို့ ကျေးဇူးတင်ပါတယ်။ အလျဉ်းသင့်ရင် သင့်သလို ဗြုပ္ပတ်ဖော်ပြီး စကားပြေပြန်ပေးပါ့မယ်။ တချိန်မှာ နားထောင်ချင်တဲ့သူရှိရင် လွယ်ကူအောင်လို့ပါ။ စာသားကလေးကတော့ အောက်ကအတိုင်းပါပဲ။ သည်သီချင်းကို ဘာဖြစ်လို့ ဇာတိအာဏာ လို့ နံမယ်ပေးသွားသလဲ။ ဇာတိအာဏာဆိုတာ ဘာအဓိပ္ပါယ်လည်း အမျိုးမျိုး စဉ်းစားကြည့်တာ ဘယ်လိုမှ အဖြေမထွက်ပါဘူး။ နောက်ဆုံးကျမှ ကမ္ဘာကြီးပျက်ရတာဟာ ဘယ်သူ့ကြောင့် ပျက်ရတာလဲ။ ဘယ်သူ့အမိန့်အာဏာနဲ့ ပျက်စီးရတာလဲ လို့ တွေးကြည့်မှ ပျက်ခြင်းသဘောဆိုတာ ဖြစ်ခြင်းသဘောတရား “ဇာတိ” ရှိလာတဲ့အတွက် ဇာတိရဲ့ အာဏာကို မလွန်ဆန်နိုင်ပဲ ပျက်စီးရတဲ့သဘော လို့ နားလည်သွားပါတယ်။ ကိုယ်တို့ကမ္ဘာကြီးပျက်သုဉ်းပုံက ဖြစ်ပျက်သဘောနဲ့ မကင်းတာကို နှစ်နှစ်ခြိုက်ခြိုက်ကြီး လက်ခံလိုက်မိတာပေါ့ဗျာ။



“ဇာတိအာဏာ စကြာဝဠာ၊ ကမ္ဘာရေမြေ၊ ကုဋေတစ်သိန်းပင် ပျက်ကိန်းကြုံတော့ တရားကျင့်ဖို့သတ္တ၀ါတွေ သနားနှင့်လို့ ၀ါယာမေ၊ လောကဗျူဟာ ပူဆာမျက်ရည်၊ နီစွာဝတ်စား ဖားလျားဆံဖြေ၊ ဘော အိုအချင်းတို့ သီတင်းသီလေ ကုသိုလ်ထိန်းကြ တစ်သိန်းမျှ နှစ်ကာလေ၊ ကမ္ဘာပျက်မည် ဗြဟ္မာအထက်ဘုံရောက်ဖို့မသွေ၊ သြဘာသံ နှိုးဆော် မဟာဗြဟ္မေ၊ သတ္တ၀ါများ ရငြား စိတ်သံဝေ။ သည်တွင် ကုသိုလ်ပုညံပွား အားသစ်ကာပေ ပွားမေတ္တာရေ၊ မမြဲချေ၊ လွဲမသွေ၊ ကွဲကြေ၊ လောကဓါတ်ကြီးတောင် ပျက်စီးကုန်ရ သြော် မြင်မြင်သမျှ သင်္ခါရ မှန်သမျှတွေ၊ အတည်မမြဲ မရှည်ပဲ အမြဲအနိစ္စပေ။

သုစရိုက် ပြုလိုက် ထာဝရေ၊ မြတ်အဟုန်၊ နတ်ဘုံယာမာပြေ၊ ၀ါယောကသိုဏ်းကို နေ့တိုင်းသာပွား သတ္တ၀ါအများ ဓမ္မတာအား ဗြဟ္မာလားလို့ ရှိသမျှ ဆိတ်ကာနေ၊ နိယျတမိစ္ဆာတွေ မပျက်တာ စက္က၀ါ နရဂ်ပါပြောင်းရချေ။ သုတ္တန်ကျမ်းမှာ လမ်းမှန်လာရှိ ပါဠိတော်မှန်ပေ၊ ၀ိသုဒ္ဒိမဂ် အဋ္ဌကထာ မြွက်ကာ ထုတ်ပြန်လေ။

နှစ်ဆူကမ္ဘာနေ၊ မြစ်ငယ်ငါးရာ ကုန်နဒီ နှမ်းတစ်ပေါက်မကျန် ခမ်းခြောက်ပြန်သည့်ရေ၊ သုံးတောင်သူရိန် ပူရှိန် ငါးခု မဟာနဒီ မကြာပြီကုန်ချေ။ လေးစင်းပြိုင်ကာ မီး အိုင်ကြီးခုနှစ်ထွေ၊ ပဉ္စသူရိယော ခိနောသာဂရေ၊ ဆ ဥဏှဂူ အဟုန်ပူကာပြိုင် မြင့်မိုရ်မဏ္ဍိုင် တိမ်းညွှတ်ကာယိုင်၊ ဖြိုင်ဖြိုင် မည်းရောင်ဖြာဝေ၊ လောကဓါတ်တရိုးမှာ မီးခိုးမှုန်လို့နေ၊ သတ္တမေ ကမ္ဘာ နေခုနှစ်စင်းမှာ ၀င်းဝင်းထိန်ချွေ၊ သုံးဘုံပထမဈာန် မီးလျှံလောင်ခြွေ တစ်သိန်းကုဋေ ဟိန်းဟိန်းပြာကျကြွေ၊ ကာလလျားလို့ များလှခါသမယေ၊ သံဝဂ်မည်သာ မဟာကပ်ဟု ခေါ်ရချေ။

ထက်အောက် အဇဋာ မဟာတမပင် ကာလရှည်ကြာနေ၊ နှစ်လသင်္ချာသင်္ချေ သံဝဋ္ဌာယီကပ်ဟုခေါ်လေ၊ နှင်းမျှဖြာဖြာဝေ တဖြေးဖြေးပင် ကြီး၍ကြီး၍စွေ၊ အိမ်လုံးတောင်နှယ်သာသာ မဟာမေဃိန်သွန်းချလျှံဝေ၊ ပထမဈနတ္တလံ ရေလျှံမောက်မို ပျဉ်ဖြည်း တပြင်တည်းနေ၊ သိမှတ်စရာအခြေ ၀ိဝဋကမ္ဘာပေ၊ ထို့နောက်တာရှည် ကြာသည် လျှောကျဆုတ်ကာ ကမ္ဘာတည်ရာနေ။

ကပ်ဋ္ဌာရီ အခါညီ မဟာပထ၀ီ သြကာသဟု လောကအခြေ တည်လိုလတ်သော် မြေဓါတ်ဆီတွေ ပေါ်ထွန်းတက်ပေ။ ဗောဓိရုက္ခဌာနေ ကမ္ဘာအတိတ်ပင် ကြာနိမိတ်ပေါ်ပေါက်ပေ။ သုဒ္ဓ၀ါသေ ဌာနေ ဗြဟ္မာတွေ လာပေသက်ကာ ဘုရားနှင့် ပရိက္ခရာ အလားသင့်စိတ်မှာ၊ ယခုခေတ် ဘဒ္ဒဤကမ္ဘာ ရွှေကြာငါးစုံ ဆန်းတဲ့သင်္ကန်းပါ။ ပွင့်တော်မူ လေးဆူပြည်ခေမာ၊ တစ်ပါးပါး အားထား အတူတကွမပါ။ တစ်ဆူကျန်တာ ဖူးတွေ့ရန်ဆုတောင်း၊ မကောင်းမှုကိုခွာ ကောင်းမှုကိုရှာ၊ သုသမ္မာ ပြုစရာ ယခုအခါ တစ်မဂ်တစ်ဖိုလ်မရလျှင် အခက်ကိုကျကြမှာ။  



http://minus.com/lbbKiaZZgg1Jcc

No comments: