Thursday, March 27, 2014

စစ်တွေ ပဋိပက္ခ ညမထွက်ရအမိန့်ထုတ်၊ INGO ဝန်ထမ်းများကို ရန်ကုန်သို့ အရေးပေါ် ပြန်ပို့


===================================
ရန်ကုန်၊ မတ် ၂၇

INGO ဝန်ထမ်း နိုင်ငံခြားသား အမျိုးသမီးတစ်ဦးက သာသနာ့ အလံ ကို ဖြုတ်ချရာမှ ဒေသခံနှင့် INGOများကြား ပဋိပက္ခဖြစ် ပွားမှုကြောင့် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပြီး စစ်တွေမြို့ရှိ INGOဝန်ထမ်းများကို ရန်ကုန်မြို့တော်သို့ အရေးပေါ် ပြန်လည် ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ရခိုင် ပြည် နယ်အစိုးရအဖွဲ့၊ သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။
Malteser International အမည်ရ INGO မှ အမေရိကန်နိုင်ငံသူသည် မတ်လ ၂၆ရက်နေ့က ၎င်းတို့ ငှားရမ်းနေ ထိုင်သည့်အိမ်ရှင်လွှင့်ထူ
ထားသော သာသနာ့အလံကို ဖြုတ်ချကာ မဖွယ်မရာ ပြုလုပ်ခဲ့သည်ဟု
ဆိုကာ ရုန်းရင်းဆန် ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်တွေမြို့ခံများထံမှ သိရှိရသည်။

အဆိုပါအမျိုးသမီးသည် သာသနာ့အလံကို ဖြုတ်ချကာ ဘောင်းဘီ အိတ်ထဲထည့်ရာ မဆန့်သဖြင့် ခါးတွင်းထိုးထားခဲ့ရာ ပတ်ဝန်းကျင်က ဒေသခံများနှင့် အချေအတင်ဖြစ်ခဲ့ရာမှ စတင်ကာ လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ်မှု စတင်ခဲ့ကြောင်း မျက်မြင်များ ၏ တွေ့ရှိချက်ကို ကိုးကားကာ မြို့ခံအမျိုးသားတစ်ဦးက ပြောကြားသည်။
သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့်ပြုထားခြင်းကို ကန့်ကွက်သည့်အနေနှင့် စစ်တွေမြို့ရှိ နေအိမ်နှင့် အဆောက် အအုံများတွင် သာသနာ့အလံများကို လွှင့်ထူထားခြင်းဖြစ်သည်။
“ခါးမှာထိုးတော့ ဖင်ကြားမှာ ညှပ်သလိုဖြစ်သွားတယ်။ ဒေသခံတွေက INGOတွေကို နဂိုကတည်းကမှ အစာမကြေတာ” ဟု ၎င်းက ဆိုသည်။

သာသနာ့အလံကို ဖြုတ်ချခဲ့သည့်အမျိုးသမီးကိုထုတ်ပေးရန် ဒေသခံများတောင်းဆိုခဲ့ပြီး ယင်းနေ့တွင် Malteser အဆောက် အအုံအပါအဝင် နေရာငါးခုကို ခဲများဖြင့် ပစ်ခတ်ခဲ့သဖြင့် မိုးပေါ်သို့ ထောင်ကာ သေနတ်ပစ်ဖောက် ဟန့်တားခဲ့ရကြောင်း နိုင်ငံတော်သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဆိုသည်။

ယင်းသို့ မတည်ငြိမ်မှုများ အရှိန်မြှင့်လာသဖြင့် မတ်လ ၂၇ရက်နေ့ ညနေပိုင်းတွင် ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ညနေ ခြောက်နာရီမှ နံနက် ခြောက်နာရီအထိ (ယခင် ည ၁၂နာရီမှ နံနက် ငါးနာရီ) တိုးမြှင့်ကာ အရေးပေါ် ထုတ်ပြန်လိုက်ကြောင်း မြို့ခံများက ပြော ဆိုကြ သည်။
သတင်းအပြည့်အစုံကို မနက်ဖြန် မတ်လ ၂၈ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြပေးမညိဖြစ်ပါကြောင်း လေးစားစွာ အသိပေးပါသည်။

No comments: