Thursday, March 20, 2014

မောင်တောမြို့နယ်၊လေယာဉ်ကွင်းကျေးရွာ၌စက်လှေနှင့်နေအိမ်ပေါ်မှသေနတ်၊ကျည်ဆံများတွေ့ရှိ




မောင်တောမြို့နယ်၊လေယာဉ်ကွင်းကျေးရွာ၌စက်လှေနှင့်နေအိမ်ပေါ်မှသေနတ်၊ကျည်ဆံများတွေ့ရှိ
နေပြည်တော်၊ မတ် ၂၀
၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ နေ့လည် ၂ နာရီအချိန် ရခိုင်ပြည်နယ်၊ အမှတ်(၄)ရဲတပ်ရင်းများ ကွပ်ကဲမှုအဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် နှာခေါင်းတိုရဲကင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော လှည့်ကင်းအဖွဲ့သည် သက်သေများနှင့်အတူ ပင်လယ်ကမ်းစပ်တစ်လျှောက် စက်လှေဝင်/ထွက်မှုများအား စစ်ဆေးနေစဉ် မောင်တောမြို့နယ်၊ ကညင်တန်းကျေးရွာအ၀င် ချောင်းကမ်းစပ်၌ စက်လှေတစ်စီး ရပ်တန့်ထားသည်ကိုတွေ့ရှိရသဖြင့် သွားရောက်စစ်ဆေးရာ ဘင်္ဂလီလူမျိုး(၅)ဦး စက်လှေပေါ်မှ ထွက်ပြေးသွားသည်ကိုတွေ့ရှိရသည်။ အဆိုပါစက်လှေမှာ လေယာဉ်ကွင်းကျေးရွာနေ မော်ဂျူ၏စက်လှေဖြစ်ကြောင်းသိရှိရပြီး စက်လှေပေါ်ကျန်ရှိသည့် မော်ဂျူ၏အနွေးထည်အင်္ကျီအိတ်ကပ်အတွင်းမှ ငွေရောင်ကျည်(၉)တောင့်၊ ဓါးရှည်(၄)ချောင်း၊ ငါးဖမ်းဆွဲပိုက်(၆)ခု၊ လေးခွ(၃)လက်၊ ဓါတ်မီး (၂)လက်တို့အား သိမ်းဆည်း ရမိခဲ့သည်။ စက်လှေအစောင့်ဖြစ်သူ ကညင်တန်းကျေးရွာနေ မာမောက်ဆာဒီဒ်နှင့် စက်လှေအနီးဆိပ်ကမ်းတွင် မသင်္ကာဖွယ်တွေ့ရှိရသည့် နှာခေါင်းတိုကျေးရွာနေ အေရှားဒူလာ(၁၇)နှစ်အား ထပ်မံဖမ်းဆီးရမိခဲ့သည်။ ထို့နောက် မာမောက်ဆာဒီဒ်၊ အေရှားဒူလာနှင့် ထွက်ပြေးတိမ်းရှောင်နေသူ(၅)ဦးတို့အား မောင်တောမြို့မရဲစခန်း (ပ)၅၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၉၉ ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး သက်သေများနှင့်အတူ ၎င်းစက်လှေအား အသေးစိတ်ရှာဖွေခဲ့ရာ ပွိုင့် ၃၈ Special (၅)လုံးပြူးဆုံလည်သေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့်၊ သေနတ်အိတ် ၁ လုံးနှင့် သေနတ်အားထုပ်ပိုးထားသည့် တဘက် ၁ ထည်တို့အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးချက်အရ စက်လှေပေါ်မှထွက်ပြေးသွားသူ(၅)ဦးအနက် မသင်္ကာသူများဖြစ်သည့် မောင်တောမြို့နယ်၊ လေယာဉ်ကွင်းကျေးရွာနေသူများဖြစ်သော လာလူး(ခ)ရောဟီးရာမောက်နှင့် ဘာဘူကြီး(ခ)အာယာဒူလာတို့ ၂ ဦးမှာ ၎င်းရွာအစွန်ရှိ လာလူး၏သမီးဖြစ်သူ မဟာရီဂျီနာ၏ နေအိမ် တွင် ရောက်ရှိနေကြောင်းသိရှိရသဖြင့် မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက အလယ်သံကျော်ကျေးရွာအုပ်ချုပ်ရေးမှူး၊ အဖွဲ့ဝင်များနှင့်အတူ သွားရောက်ရှာဖွေရာ နေအိမ်၌ မဟာရီဂျီနာနှင့်အတူ လာလူး၏ဇနီး မဇိုက်တူအားတွေ့ရှိရပြီး နေအိမ်အနောက်ဘက် ခြံဝင်းအတွင်းရှိ မြေကြီးထဲမှ အ၀တ်စပတ်၍မြှုပ်ထားသော ပွိုင့် ၃၈ Special (၅)လုံးပြူး ဆုံလည် သေနတ် ၁ လက်၊ ငွေရောင်ကျည် ၁ တောင့်နှင့် သေနတ်ထည့် အမဲရောင်သားရေအိတ် ၁ လုံးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပွိုင့် ၃၈ Special (၅)လုံးပြူး ဆုံလည်သေနတ် ၂ လက်နှင့် ကျည် ၁၅ တောင့်တို့အား သိမ်းဆည်းရမိခဲ့ပြီး အမှုမှထွက်ပြေးတိမ်းရှောင်နေသူများအား အမြန်ဆုံးဖမ်းဆီး ရမိရေးအတွက် မောင်တောမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments: