Monday, March 17, 2014

အစိုးရအနေဖြင့် ပြည်သူကို အကြမ်းဖက် ဖြေရှင်းပါက ABSDF လက်နက် ပြန်ကိုင်မည်ဟု ဆို

 
 
အစိုးရအနေဖြင့် ပြည်သူကို အကြမ်းဖက် ဖြေရှင်းပါက ABSDF လက်နက် ပြန်ကိုင်မည်ဟု ဆို
စနေနေ့၊ မတ်လ ၁၅ရက်၊ ၂၀၁၄ခုနှစ်
မဇ္ဈိမ သတင်းဌာန

အစိုးရနှင့် တပ်မတော်ဘက်က ပြည်သူလူထုကို ဖိနှိပ်ပြီး အကြမ်းဖက်ဖြေရှင်းမှုများ ရှိလာပါက ကျောင်းသားတပ်မတော်သည် လက်နက်ပြန်ကိုင်ဖို့ အဆင်သင့်ရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)ဥက္ကဌဦးသံခဲကပြောသည်။

မတ်လ၁၅ရက်၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ဗဟိုဌာနချုပ်တည်ရှိရာ ဒေါင်းတမန်စခန်းတွင် ပြုလုပ်သည့် ဒဿမအကြိမ် ညီလာခံပိတ်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ABSDFသည် ၂၀၁၃ခုနှစ်အတွင်းက အစိုးရနှင့်အပစ်ခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးထားသော်လည်း ပြည်သူလူထုအပေါ် အကြမ်းဖက်နှိမ်နှင်းမှုများကို ရှိလာပါက ပြည်သူလူထုဘက်မှ ရပ်တည်သွားမည်ဟု ဆိုသည်။

ဥက္ကဋ္ဌ ဦးသံခဲက “လူထုတိုက်ပွဲတွေ၊ လူထုတောင်းဆိုမှုတွေကို အကြမ်းဖက်ဖြေရှင်းမှာ စိုးရိမ်တယ်၊ စစ်အာဏာရှင်စနစ်ကိုပြန်ပြီး ပုံသွင်းပြီး အင်အားသုံးဖြေရှင်းရင် ကျောင်းသားတပ်မတော်က လူထုတိုက်ပွဲတွေဘက်က ရပ်တည်မယ်”ဟုပြောသည်။

ကျောင်းသားတပ်မတော်၏ တော်လှန်ရေးတိုက်ပွဲများသည် ပြည်သူလူထုကို စစ်အာဏာရှင်၏ ဖိနှိပ်မှုမှလွတ်မြောက်ရန် ဖြစ်ပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများတွင် အစိုးရဘက်မှ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအပေါ် အဖြေရှာနေခြင်း(သို့)
ချော့မြူပေါင်းသင်း ဆက်ဆံရေး သဘောထားပုံစံဆိုသည်ကို သတိရှိစွာ ကျောင်းသားတပ်မတော်က
တွေ့ဆုံသွားမည်ဟု ဆိုသည်။

ထို့အပြင် လက်ရှိတွင်အစိုးရဘက်မှ နယ်ခြားစောင့်တပ်(BGF)အသွင်ကူးပြောင်းရန် ကမ်းလှမ်းထားသော်လည်း
ကျောင်းသားတပ်မတော်(ABSDF)ဘက်က ကမ်းလှမ်းချက်ကို လက်ခံထားခြင်းမရှိသေးဟု ၎င်းက ပြောသည်။ ABSDF အနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထမ်းဆောင်သွားမည်ဖြစ်ပြီး ABSDF၏ စစ်အာဏာရှင်ကို
အမြင့်ဆုံးဖိအားပေးမှု ဦးတည်ချက်သည် လက်နက်ကိုငတော်လှန်ရေးဖြစ်သည်ဟု ဦးသံခဲက ပြောသည်။

ဦးသံခဲက“ အပစ်ခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးတယ်ဆိုတာ လက်နက်ချလိုက်တာမဟုတ်ပါဘူး။ တော်လှန်ရေးအဖွဲ့စည်းတွေ သဘောဆန္ဒမပါဘဲ နယ်ခြားစောင့်တပ်တွေအဖြစ် အတင်းအသွင်ပြောင်းခိုင်းရင် အပစ်ခတ်ရပ်စဲရေးက ကျိုးပေါက်(ပျက်ပြယ်) သွားမှာပဲ”ဟုပြောသည်။

ဗဟိုဦးဆောင်ကော်မတီင် ဆလိုင်းယောအောင်က ကျောင်းသားတပ်မတော်(ABSDF)၏ တပ်ရင်း၉ခုကို မော်လမြိုင်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ KNUတပ်မဟာနယ်မြေ၆နှင့် အခြားဒေသအချို့တွင် တပ်စွဲထားပြီး အစိုးရဘက်မှ
အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် သဘောတူချက်များအတိုင်း အစိုးရတပ်များ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများအတွင်းသို့ အစိုးရတပ်များ တိုးချဲ့တပ်ချထားခြင်းကို ရပ်ဆိုင်းပေးပါက တိုင်းရင်သားလက်နက်ကိုင်များ၏ ယုံကြည်ချက် ပိုမိုရရှိလာမည်ဟု ပြောသည်။

လက်ရှိတွင် အစိုးရဘက်မှ နယ်မြေခံ အစိုးရတပ်များကို ထပ်တိုးချထားမှုများ ရှိနေသည်ဟု ABSDF(မြောက်ပိုင်း)မှ ဗဟိုကော်မတီဝင် ကိုမင်းဌေးက မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့်
လူ့အခွင့်အရေးရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးဟူသည့် ကျောင်းသားတပ်မတော်(ABSDF)၏ ဦးတည်ချက်များ ဆောင်ရွက်သွားမည်ဟု ဒဿမအကြိမ်ညီလာခံက ထုတ်ပြန်ကြေငြာလိုက်သည်။

အစိုးရ၊စစ်တပ်၊ နိုင်ငံရေးပါတီ၊ တော်လှန်ရေးအင်အားစုများပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ဘုံသဘောတူညီချက် ချမှတ်နိုင်မှသာ
အားလုံးရင်ဆိုင်နေရသည့် နိုင်ငံရေးအကျပ်တည်းကို ဖြေရှင်းနိုင်မည်ဟု ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသည်။

ယင်းအပြင်၁၉၈၈ခုနှစ်မှ လက်ရှိအချိန်ထိ ၂၅နှစ်ကျော် တော်လှန်ရေးခရီးအတွင်း တိုက်ပွဲဝင်ရင်း သေဆုံး၊ ကိုယ်လက်အင်္ဂါစွှန့်လွှတ်ခဲ့ကြသူများ၊ စစ်အာဏာရှင်များ၏ အကျဉ်းထောင်အသီးသီးတွင် နှစ်ရှည်လများ
အကျဉ်းချခံခဲ့ရသူများနှင့် အကျဉ်းချခံနေရဆဲ သူများကို ABSDFက ဂုဏ်ပြုမှတ်တမ်းတင်ထားသည်ဟု ဖော်ပြထားသည်။

ညီလာခံပိတ်ပွဲတွင် ကျောင်းသားတပ်မတော်၏ နိုင်ငံရေးသင်တန်းဆင်းပွဲ ပါဝင်ခဲ့ပြီး ကျောင်းသားတပ်မတော်သင်တန်းသား ၅၀ခန့်က စစ်ရေးသရုပ်ပြမှုများဖြင့် သင်တန်းဆင်းပွဲကို ကျင်းပခဲ့သည်။

ညီလာခံသို့ ကျောင်းသားတပ်မတော်(ABSDF)၏တပ်ရင်း၊တပ်ဖွဲ့များ၊ အနောက်ပိုင်း၊မြောက်ပိုင်းကိုယ်စားလှယ်များ၊
နိုင်ငံတကာဌာနခွဲနှင့်အလုပ်အဖွဲ့များမှကိုယ်စားလှယ်များ၊ ဗကသအဖွဲ့ချုပ်အပါအ၀င် လေ့လာသူ ၈၇ဦး တက်ရောက်ခဲ့သည်။

No comments: