မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
အနှစ် အစိတ်ကျော်အကြာ မိုင်ပေါင်း ၈ထောင်က ရေးတဲ့ စာ
မောင်ရစ်၊ မတ် ၁၄၊ ၂ဝ၁၃ MoeMaKa Burmese News & Media
အနှစ်၂ဝ မျှ တိုင်းပြည် အတွက် လုပ် လာပြီးနောက် ကိုယ့်ကိုယ် ကို ပြန်ကြည့်
လိုက်သော အခါ…ကြိုးတိုက်ထဲ သို့ ရောက်နေ သည်ကို တွေ့ ရလေသည်
(ဗိုလ်မှူးချစ်ကောင်း၊ အနှစ် နှစ်ဆယ်၊ စာအုပ် မှ) ဒါကတော့
ကာနယ်ချစ်ကောင်း ရဲ့ ကိုယ်ရေး နိုင်ငံရေးဖြတ်သန်းမှု စာအုပ်က အဖွင့်ပေါ့။
ကျနော်ကတော့ “တိုင်းပြည်အတွက် လုပ်လာပြီးနောက်လို့” မရေးရဲ၊
မပြောရဲပါဘူး။ အနှစ် အစိတ်ခန့် “ကိုယ်လုပ်ချင်တာတွေ
ကိုယ်လျောက်လုပ်ခဲ့ပြီးနောက် …” လို့ ရေးရမယ် ထင်ပါတယ်။ အနှစ် အစိတ်ခန့်
ကိုယ်လုပ်ချင်တာတွေ ကိုယ်လျောက် လုပ် ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကို
ပြန်ကြည့်လိုက်သောအခါ မြန်မာပြည်နှင့် မိုင်ပေါင်း ၇၉၅၄.ဝ၃ မိုင်
ဝေးကွာသော နေရာသို့ ရောက်နေသည်ကို တွေ့ရလေသည် လို့ ပြောရမယ် ထင်ပါတယ်။
မတ်လ ၁၃ ရက်နေ့က ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့
စက်မှုတက္ကသိုလ်ကျောင်းသားတွေ ကျဆုံး ခဲ့နေ့အဖြစ်
မြန်မာပြည်ဒီမိုကရေစီအရေးတော်ပုံ သမိုင်းမော်ကွန်းတင်တဲ့နေ့ပါ။
ကိုဖုန်းမော် တို့ ကျဆုံးပြီး နောက်တနေ့မှာ ကျနော့်တို့ ဘဝသစ်တခု၊
နေ့သစ်တခု အတွက် မွေးဖွား လာကြတယ် လို့ ပြောရမယ် ထင်တယ်။
မွေးကတည်းက ကိုယ့်တိုင်းပြည်မှာ ဖြစ်ပျက်နေတာတွေဟာ ပုံမှန်ပဲ၊
အပြောင်းအလဲ မရှိဘူး၊ သည်လိုပဲ သာမန်ရိုးကျ ဖြတ်သန်းရတယ်လို့
ထင်မှတ်ထားတာကနေ မဆလ တပါတီ အာဏာရှင်တွေရဲ့ လုံထိန်းတွေ ပစ်လိုက်တဲ့
ကျည်ဆံတွေနဲ့ ကျောင်းသားတွေ ကျဆုံးချိန်ဟာ အမှောင်ကို ခွင်းပြီး
အလင်းအရုဏ် စဖွင့်တဲ့ အစတွေရဲ့ အစ၊ အဆုံးတွေရဲ့ အဆုံး ဖြစ်တဲ့ နေ့ပါပဲ။
ကျနော်တို့တွေ နေ့သစ်အတွက် မွေးဖွားခဲ့ကြတယ်၊ တိုက်ပွဲဝင်ခဲ့ကြတယ်။
ကျဆုံးခဲ့ကြတယ်။ လက်ဆင့်ကမ်း ရှင်သန်ခဲ့ကြရတယ်။
ကိုယ့်မိသားစုအကြောင်းကို ပြန်စဉ်းစားလိုက်တဲ့အခါ ကျေနပ်နှစ်သိမ့်မှုနဲ့
ပျော်ရွှင်မှုကို ရပါတယ်။ အဖိုး အဖွားတွေက စာရေးဆရာတွေ၊ ကျောင်းဆရာတွေ
ဖြစ်နေတဲ့အတွက် စာရေး ဆရာရဲ့ အိမ်၊ ကျောင်းဆရာရဲ့ အိမ်ကို လာတဲ့သူတွေဟာ
ဟန်မဆောင်တဲ့သူတွေ၊ တက်ကြွ လန်းဆန်းနေ တဲ့ ကျောင်းသားလူငယ်တွေကိုပဲ
အမြဲတန်း တွေ့ခဲ့ရတာကိုး။ ရိုးသား ပွင့်လင်း လွတ်လပ်ပြီး တက်ကြွ
လန်းဆန်းတဲ့သူတွေဆိုတာ ဘယ်တော့မှ အိုမင်း ဟောင်းနွမ်းသွား တယ်လို့
မရှိဘူးဆို တာ ပြန်တွေးမိတယ်။
သူတို့တွေက
ပြန်တွေးကြည့်လိုက်ရင် အဲသည်တုန်းက အတိုင်းပဲ။ လူကြီးတွေကော၊
လူငယ်တွေကော ။ ဘယ်တော့မှ မဖောက်ပြန်တဲ့သူတွေနဲ့ ငယ်ငယ်တုန်းက အနှစ် ၂ဝ
လောက်
မြင်တွေ့ခဲ့ရတာဟာ တသက်တာအတွက် အင်အားဖြစ်မယ်လို့ ခုထိ ယုံကြည်စိတ် ကို ဖြစ်စေ ခဲ့ပါ တယ်။
အများသိကြတဲ့ နိုင်ငံရေးသမားကြီးတွေ၊ စာပေနဲ့ စာနယ်ဇင်းသမားကြီးတွေ ကို
တွေ့ဆုံ ခဲ့ရတယ်။ အဲသည် ရင်ဘတ်မိတ်ဆွေတွေနဲ့ ကျနော့်အဖိုးအဖွားတွေဟာ
သူတို့ ဘ၀တွေကို ထူထောင် လက် တွဲဖြတ်သန်းခဲ့ကြတယ်။ တကယ်ကို နေပျော်
သေပျော်ပါတယ်။ နောက် ဆက်စပ် စဉ်းစား လိုက်တော့ အဖေ၊ အမေ၊ ညီမလေး။
ကျောင်းဆရာ၊ စာရေးဆရာ ဘဝတွေကို လက်ဆင့်ကမ်းပြီး သူတို့တတွေ ခုချိန်ထိ
ဖြတ် သန်းနေ ဆဲ ပဲ။ ပြန်တွေးကြည့်ရင် အဖိုးအဖွားတွေတုန်းက
ခေတ်ပြိုင်မိတ်ဆွေတွေလိုမျိုး၊ အဖေတို့ အမေ တို့ဆီမှာ ရှိသလား၊ သိပ်
အများကြီးတော့ မရှိဘူး။
ကိုလိုနီခေတ်
လွတ်လပ်ရေးတိုက်ပွဲကာလမှာ အဖိုး အဖွားတို့ ခေတ်ပြိုင် လူကြီးတွေ
တစုတစည်း (တောခိုသူတွေက လွဲရင်ပေါ့) ကျန်ရစ်တယ်။ အာဏာရှင်နောက်လိုက်တွေက
သတ်သတ် နေ ရစ်ပြီး အာဏာရှင်နောက်လိုက်မဟုတ်တဲ့ ကိုလိုနီခေတ်ပြိုင်
မျိုးဆက်တွေဟာ ကျောချင်းကပ်ပြီး ကျန်ရစ်ကြတယ်လို့ ပြောရမယ် ထင်ပါတယ်။
နောက် မဆလလက်အောက်မှာ လွတ်လပ်ရေးခေတ် မျိုးဆက်တွေဟာ တကွဲတပြားဖြစ်ပြီး
ကြီးပြင်းလာကြတယ်လို့ ပြောရမယ် ထင်တယ်။ ဒါက မဆလခေတ်
သွေးခွဲကန့်သတ်မှုတွေကြောင့် မျိုးဆက်တွေကြားက ကွာဟမှုလို့ ပြောရမယ်
ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖေ အမေတို့ ခေတ်ပြိုင်တွေထဲမှာ ကျနော့်အ
တွက် နိုင်ငံ
ရေး လှုပ်ရှားသူတွေ မတွေ့ဖူးတော့ဘဲ ဝန်ထမ်းတွေ၊ စာပေ စာနယ်ဇင်းသမားတွေ၊ ကျောင်း ဆရာတွေ ပဲ တွေ့ဖူး မြင်ဖူးတော့တယ်လို့ ဆိုရပါမယ်။
အဲသည်အတွက်ကြောင့် ကျနော်တို့ မဆလခေတ်မျိုးဆက်တွေက ၆၂ အရေးအခင်း၊ ၇ဝ
ခုနှစ် အရေးအခင်းတွေကို အဆက်အစပ်မဲ့ ကျော်ဖြတ်ခဲ့ရတယ်။ နောက် ၁၉၈၈
အရေးအခင်းကျတော့ ကိုယ်တိုင် ရင်ဆိုင်ကြရတဲ့အခါမှာ နဖူးတွေ ဒုးတွေ့
စစ်အာဏာရှင်သရုပ်ကို ဗြုံးစားကြီး အရှိန် အဟုန်ပြင်းစွာနဲ့ တိုက်မိ
ခိုက်မိကြတာတော့ ကျနော်တို့တတွေ အတော် အထိနာခဲ့ကြတယ် လို့ ပြောချင်တယ်။
အဲသည်နောက်မှာမှ ငုတ်လျိုးနေတဲ့ လွတ်လပ်ရေးခေတ်မျိုးဆက်တွေရဲ့ အခမ်းကဏ္ဍတွေ၊
ဝင်ရောက် လက်တွဲ ဆောင်ရွက်မှုတွေကို မြင်တွေ့ သိရှိကြရတော့တယ်။
ပြောချင်တာက အသက် ၂ဝ (၃ဝ) အရွယ် တော်လှန်တဲ့ ကျောင်းသားလူငယ်တွေ
ထကြွလာချိန်မှာ အသက် ၄ဝ (၅ဝ) အရွယ် ကျောင်းသားအရွယ်လွန် လူကြီးတွေက
ချိတ်ဆက်လှုပ်ရှားလာတာ ကို တွေ့ဆုံခဲ့ကြရတဲ့အခါ အဲသည် တော်လှန်တဲ့
မျိုးဆက် ၂ ခု (၃ ခု)ဟာ မျက်နှာတွေ စိမ်းပြီး ခပ်တန်းတန်းဖြစ်ခဲ့ကြတာကို
ကြုံတွေ့ခဲ့ဖူးတာ။
ထင်ရှားတဲ့ ဥပမာတွေကတော့ လူကြီးတွေဖြစ်တဲ့
ဒေါ်အမာ၊ မင်းသုဝဏ်၊ ဒဂုန်တာရာ၊ သခင်အုန်းမြင့်၊ ခင်မျိုးချစ် စတာတွေကို
လူငယ်တွေက လက်ခံတယ်။ လူရွယ်တွေဖြစ်တဲ့ တင်မိုး၊ မြသန်းတင့်၊ ဦးဝင်းတင်
စတာတွေကို ကြားဖူး ဖတ်ဖူး တော့ လက်ခံတယ်။ လူငယ်တွေရဲ့ ရှေ့ဆောင်ဖြစ်တဲ့
ကျောင်းသားသမဂ္ဂ၊ တပ်ဦးထူထောင်သူ အချို့တွေကို ဝမ်းသာအားရ ကြိုဆိုကြတယ်။
သို့သော် လွတ်လပ်ရေးခေတ်မျိုးဆက် နိုင်ငံရေးလှုပ်ရှားသူ
အများစုတွေကိုတော့ မဆလခေတ်ရဲ့ သတင်းမှောင်ချမှု၊
သမိုင်လိမ်ညာဖုံးဖိမှုတွေကြောင့်
ကျောင်းသားလူငယ်တွေက အကုန်လုံး
သိရှိ ရင်းနှီးထားခြင်း မရှိခဲ့ကြဘူး။ အဲဒါကြောင့် အဲသည်တုန်းက
ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးကြည်မောင်၊ ဦးနု၊ ဆိုတဲ့
အထင်ကရတွေကိုပဲ လူငယ်တွေနဲ့ လူထုက ဦးဆောင်မှု ကဏ္ဍကနေ
နေရာတွေပေးခဲ့ကြတယ်လို့ ထင်ပါတယ်။
ပြန်တွေးကြည့်လိုက်ရင်
ကိုလိုနီခေတ်တခေတ် (အဖိုးအဖွားတွေ) ပြီးတော့ ပါလီမန်ခေတ်မျိုးဆက် /
လွတ်လပ်ရေးခေတ်မျိုးဆက် (အဖေ၊ အမေတို့) ၊ နောက် မဆလခေတ်မျိုးဆက်
(ကျနော်တို့)၊ နောက် အာဏာသိမ်းတပ်မတော်ခေတ် မျိုးဆက် (ရွှေဝါရောင်)
ဆိုပြီး မျိုးဆက်တွေ အပြတ်အတောက် အပိုင်းအခြားတွေ ရှိခဲ့တယ်လို့
ပြောချင်ပါတယ်။ အခုနောက်ဆုံးမျိုးဆက်ကတော့ ကြံ့ဖွံ့ခေတ်မျိုးဆက်ဖြစ်မယ်
ထင်တယ်။ (၂ဝဝ၈၊ ၂ဝ၁ဝ ကနေ ကြီးပြင်းလာမယ့်သူတွေပေါ့)။
အစက စကားကို
ပြန်ကောက်ရရင် အဖိုးအဖွားတွေ ခေတ် (ကိုလိုနီခေတ်မျိုးဆက်)တွေက သူတို့
ခေတ်ပြိုင်မိတ်ဆွေ အင်အားစုတွေဟာ မကွဲမပြား မဖောက်မပြန်ဘဲ အတော်အတန်
စုစည်းနိုင်ခဲ့ကြတယ်။ အဖေ အမေတို့ ခေတ် (လွတ်လပ်ရေးခေတ် မျိုးဆက်)
တွေကတော့ မဆလရဲ့ ဖိနှိပ်မှုတွေကြောင့် ငုတ်လျိုး ပြတ်တောက်နေခဲ့ရတယ်။
ကျနော်တို့ခေတ်ကျတော့ကော … (မဆလခေတ်မျိုးဆက်တွေ) အာဏာသိမ်းတပ်မတော်ရဲ့
ပြင်းထန်ရက်စက်တဲ့ နှိမ်နင်းမှုတွေကို ကြံ့ကြံ့ခံပြီး အခုလို ၂၅ နှစ်
ကျော် တကွဲတပြား ကစဥ့်ကလျားကြားကပဲ လက်ချင်းမြဲမြဲ တွဲနိုင်ခဲ့တယ်
ထင်ပါတယ်။
ပြည်တွင်း ပြည်ပမှာ မဆလခေတ်မျိုးဆက်တွေဟာ နေရာ
အနှံအပြား မှာ ၈၈ အရေးတော်ပုံကို မမေ့မလျော့ပဲ ပုခုံးပေါ်ထမ်းလို့
လမ်းလျောက်နေဆဲပဲလို့ တွေးမိတယ်။
ဘာကြောင့်ပြောရ သလဲ ဆိုတော့
အာဏာသိမ်းတပ်မတော်ခေတ်မျိုးဆက်တွေ ရဲ့ ရွှေဝါရောင်တော် လှန်ရေးမှာ
ရှေ့ကမျိုးဆက်တွေ အဆင့်ဆင့် လက်ဆင့်ကမ်းပြီး ပူးပေါင်းဆင်နွှဲခဲ့ကြတာတွေ၊
အားပေးထောက်ခံခဲ့ကြတာတွေဟာ မဆလခေတ်မျိုးဆက်တွေရဲ့ အဆက်အစပ်
မပြတ်ခဲ့ကြလို့ပါပဲ။ မျက်ခြေမပြတ်ခဲ့ကြလို့ပဲ။ ဦးဝင်းတင်စကားနဲ့ ပြောရရင်
ခေတ်ဝန်ကို ထမ်းပြီး ခေတ်လမ်း ကို လျောက်နေ ဆဲပဲ မို့၊ သူတို့က
သမိုင်းကို မေ့ဖျောက်ပစ်ခဲ့ခြင်း မရှိပါဘူး။
ပြန်တွေးကြည့်ရင်
ကျနော်တို့ ၈၈ ကာလ လမ်းပေါ်ထွက် ဆန္ဒပြကြတော့မယ်ဆိုတော့ အဖိုး အဖွားတွေက
မတားမြစ်ခဲ့ဘူး၊ အားပေးခဲ့ကြတယ်။ သူတို့ သင်ခန်းစာတွေကို
ထုပ်ပိုးပြင်ဆင်ပေး လိုက်တယ်။ သူတို့တွေက ကျောခင်းပေးခဲ့ကြတယ်။ အဖေ
အမေတွေက ကျောင်းသား လူငယ်တွေ ရဲ့ နောက်ပါး က ထပ်ချပ်လိုက်လို့
ပါခဲ့ကြတယ်။ သားသမီးတွေကို အားပေးဖို့၊ လက်တွဲဖို့ သူ တို့ ပြင်
ဆင်ထားခဲ့ကြတယ်။ အလောင်းတွေကို သင်းဂြိုဟ်ဖို့၊ ဒဏ်ရာရသူတွေကို
ဆေးပေးဖို့၊ အကျဉ်းကျသူတွေကို အားပေးဖို့၊ ဆုတ်ခွာလာသူတွေကို
လွတ်မြောက်ရာကို သယ်ဆောင်ဖို့ သူတို့ ရုန်းကန်ခဲ့ကြရတယ်။
ကျနော်တို့တတွေဟာ အဲသည်ရဲ့ လမ်းရဲ့ သယ်ဆောင်ရာအတိုင်း မမေ့မလျော့
ခရီးကို ဆက်ခဲ့ကြရ တာ အနှစ် အစိတ် ရှိခဲ့ပါပေါ့လား။ အဲသည် ကျယ်ပြန့်တဲ့
အနှံ့အပြားက အင်အားတွေ ဟာ နောင် မျိုးဆက်တွေကို လက်ဆင့်ကမ်းဖို့
ကျောခင်းပေး ဖို့ နောက်တော်ပါးက ထပ်ချပ်လိုက်ဖို့ အမြဲ အဆင် သင့်
ရှိနေဆဲပဲလို့ ယုံကြည်မိပါတယ်။
အနှစ် အစိတ်ခန့်
ကိုယ်လုပ်ချင်တာတွေ ကိုယ်လျောက်လုပ်ခဲ့ပြီးနောက် ကိုယ့်ကိုယ် ကို
ပြန်ကြည့် လိုက်သောအခါ မြန်မာပြည်နှင့် မိုင်ပေါင်း ၇၉၅၄.ဝ၃ မိုင်
ဝေးကွာသော နေရာ သို့ ရောက်နေ သည်ကို တွေ့ရလေသည် လို့ ရှေ့က
ရေးထားသလိုပဲ ကျနော်ကတော့ မြန်မာပြည်နဲ့ မိုင် ၈ ထောင်လောက်
ဝေးတဲ့နေရာကို ရောက်နေတာကို ပြန်တွေ့ရတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့
နှစ် အစိတ်က လုံထိန်းတွေ ပစ်လိုက်တဲ့ သေနတ်သံတွေဟာ ခုထိ ပဲ့တင်ထပ်ပြီး
ကြားယောင်နေတုန်းပါပဲ။ အသံတွေ မစဲသေးပါဘူး။ မြန်မာပြည်ကြီးက ယခုလက်ရှိ
လူတွေနဲ့ အဖြစ်အပျက်တွေဟာလည်းပဲ အရင်တုန်းကအတိုင်းပဲ လန်းဆန်းတက်ကြွ
ပွင့်လင်း ရိုးသားတဲ့ မျက်နှာသိတွေ မိတ်ဆွေတွေနဲ့ သက်ဝင် ရင်းနှီးနေဆဲပဲ။
သူတို့နဲ့ ကျနော်တို့ အတူတူ ရင်ခုန်နေဆဲပဲ။
လက်ပံတောင်းတောင်က၊ ကချင်ပြည်နယ်က၊ ရခိုင်ပြည်က၊ ဧရာဝတီတိုင်းက၊
တိုင်းရင်းသား နယ်မြေတွေက မြန်မာပြည် လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေးအတွက်
ချီတက် တောင်းဆိုကြ တဲ့ ပြည်သူလူထုရဲ့ အလံတော်ဟာ ခွပ်ဒေါင်းအလံတော်ပါပဲ။
ဟိုးတုန်းကလည်း သည်အလံတော်နဲ့ ကျနော်တို့ ချီတက်ခဲ့ကြတယ်။ အခု သူတို့
ချီတက်လာကြတဲ့အခါ ကျနော်တို့ကိုယ်တိုင်လည်း သည်အလံတော်အောက်မှာ အတူတကွ
ရပ်တည် ချီတက်ကြမှာပါ။ အမြဲ နုပျို သစ်လွင်တဲ့ အင်အားတွေ၊ ဘယ်တော့မှ
အိုမင်း ဟောင်းနွမ်းခြင်း မရှိဘူး။
ယုံကြည်ပါတယ်။
(မတ်လ ၁၄ အတွက် အမှတ်တရရေးတယ်)
http://moemaka.com/?p=33122
No comments:
Post a Comment