Thursday, March 7, 2013

သံသယဆိုတဲ့တံခါးပေါက်ကိုဖွင့်ဖို့ ချစ်ခြင်းရယ်နားလည်စာနာယုံကြည်မှုသော့လေးလိုအပ့်ပါတယ်




မောင်က တကယ်တော့ ကျမတို့ မိသားစုအပေါ် အိမ်ထောင်ကောင်းတစ်ယောက် ဖခင်ကောင်းတစ်ယောက် သိပ်ကိုသံယောဇဉ်ကြီးတဲ့လူတစ်ယောက်ပါ ။ ကျမနဲ့လက်ထပ်ပြီး နောက်မောင့်ကိုကျမ ချုပ်ချယ်မှုတွေဘာမှမလုပ်ခဲ့ဘူး ။ သူ့သဘောကျ အလုပ်ကိုလုပ်ခိုင်းတယ် နောက်ဆုံး သူ့အပြင်မှာ သူ့သူငယ်ချင်းတွေနဲ့ပျော်ပါးပြီး ဥာဉ့်နက်သန်းခေါင်မှ ပြန်လာတာကိုလည်း ကျမ ခွင့်လွှတ်ပေးခဲပါတယ် ။ အ၇မ်းပင်ပန်းတဲ့အိမ်အလုပ်တွေကို အားလပ်ချိန်တွေမှာ မောင်ကူမလုပ်ပေးတာကိုလည်း ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ကျမ အရာရာကို မျက်စိမှိတ်သည်းခံပေးခဲ့ပါတယ် ။

မောင့်ကို ကျမ သံသယ စ၀င်ခဲ့တာက သော့လေးတစ်ချောင်းကနေအစပြုခဲ့တာပါ ။ မောင့်အတွက်တော့ ကျမဟာ အရမ်းကို အိမ်ထောင့်တာဝန်ကျေတဲ့ဇနီးကောင်းတစ်ယောက်မဟုတ်ခဲ့ပေမယ့် မောင့်ကိုချစ်မြတ်နိုးတဲ့ကျမ မောင် ဘာတွေဖြစ်နေတယ် ဆိုတာကို မောင့်အပြုအမူ အနေအထိုင်တွေကနေတဆင့်ခန့်မှန်းလို့ရနေပါသေးတယ် ။ ကျမတို့အိမ်မှာ သော့လေးချောင်းကို ၂ စုံ ခွဲထားပါတယ် ။ မောင်ကတစ်စုံ ကျမကတစ်စုံပေါ့။ မောင့်ဆီမှာလည်း အိမ်တံခါးမကြီးသော့ အိပ်ခန်း သော့ မီးခံသေတ္တာသော့နဲ့ စာဖတ်ခန်းသော့ လေးချောင်းရှိသလိုကျမဆီမှာလည်းရှိပါတယ် ။ အခု. . မောင့်အိပ်ကပ်ထဲမှာ သော့တစ်ချောင်းအပိုတွေ့နေခဲ့ရတယ် ။ မောင့်မှာ သော့ငါးချောင်းရှိတာ ကျမသိလိုက်ရတယ် ။

ကျမ မသိသလိုလိုနဲ့ မေးကြည့်ဖူးပါတယ် မောင်က သိပ်လည်တာပဲ စကားလမ်းကြောင်းကိုလွှဲလွှဲသွားတော့ ကျမ မောင့်အပေါ်ထားတဲ့သံသယတွေကပိုပိုပြီးကြီးမားလာခဲ့ရတယ် ။ မောင့်ကို ကျမ အကြောင်းမရှိအကြောင်းရှာပြီးဖုန်းခဏခဏဆက်မိလာတယ် ။ သူ့ရုံးခန်းကိုလည်း သွားသွားပြီး ရုတ်တရက်ဝင်ဝင်ကြည့်တတ်လာတယ် ။ ဟိုးအရင်ကလိုကျမ အလုပ်ကိုဦးစားမပေးတော့ပဲ မောင်ပြန်လာရင်စားဖို့အစားကောင်းအသောက်ကောင်းတွေချက်ရင်း မောင့်ကိုစောင့်ကြိုနေတတ်တဲ့ဇနီးကောင်းတစ်ယောက်ဖြစ်အောင် မောင့်ကိုချစ်တဲ့စိတ်နဲ့ကျမကြိုးစားခဲ့ပါတယ် ။ ဒါပေမယ့်အရာရာဟာ မျှော်လင့်ထားသလိုဘာကြောင့်များမဖြစ်လာရတာလဲဟင် ။

မောင်..အရင်ကထည်ကျမကိုဆက်ဆံတာ စကားနည်းလာတယ် ။ ဟိုးအရင်တုန်းကလိုမောင့်စိတ်ထဲ ဘာတွေတွေးနေသလဲဆိုတာ ကျမ မခန့်မှန်းတတ်တော့သလို ကျမကိုလည်းအသိမပေးတော့ဘူး ။ ညဖက် တရေးနိုးချိန်ဘေးမှာ မောင်မရှိခဲ့လို့ လိုက်ရှာရင်မောင်က လသာဆောင်မှာ မိုးလင်းတဲ့အထိ တစ်ယောက်တည်းငေးရင်းထိုင်နေတာကိုတွေ့ရတယ် ။ မောင် ကျမနဲ့နေရတာ မပျော်တော့ဘူးလာ ။ မောင်ကျမကိုမချစ်တော့ဘူး ။ အဲဒီစကားတွေကျမရင်ထဲ အထပ်ထပ်မေးနေမိတော့တယ် ။ အမြဲလှုပ်လှုပ်ရှားရှားနေတတ်တဲ့မောင်က အရင်ကလို သွက်သွက်လက်လက်မရှိတော့သလို အရာရာကိုမေ့လို့ မောင်သူ့အလုပ်မှာလည်းစိတ်ဝင်စားမှုမရှိတော့ဘူး ။ မောင်ပြောင်းလဲနေတာလား အရင်လို ကျမနဲ့နီးနီးကပ်ကပ်ချစ်ခင်ယုယနေပေမယ့် မောင့်စိတ်တွေတခြားသူဆီမှာများလား ကျမကတော့မောင့်ကို သံသယ၀င်နေဆဲပါပဲ ။

နေ့တိုင်းညတိုင်း အဲဒီပိုနေတဲ့သော့တစ်ချောင်းရဲ့ လှို့ဝှက်ချက်ကို ကျမရှာခဲ့တယ် ။ နောက်ဆုံးသိလိုက်ရတာက အဲဒီသော့ဟာ မီးခံသေတ္တာသော့အမျိုးအစား ဖြစ်ပြီး ဘဏ်တစ်ခုကနေဆိုတာသလိုက်ရတယ် ။ ကျမ မောင်သတိမထားမိတဲ့အချိန်အဲဒီသော့ကိုယူပြီး ဘဏ်ကို တိတ်တိတ်ကလေးသွားတယ် ။ လမ်းတလျှောက်လုံးအတွေးပေါင်းများစွာနဲ့ ကတုန်ကယင်နဲ့ ။ ဘဏ်ရောက်တော့ မီးခံသေတ္တာကို တုန်လှုပ်စွာဖွင့်ရင်း သိချင်နေစိတ်က ထိမ်းမရအောင်ဖြစ်နေခဲ့တယ် ။ မီးခံသေတ္တာပွင့်သွားချိန်မှာတော့အထဲမှာ သစ်သားဘူးလေးလတစ်ခုကိုတွေ့လိုက်တယ် ။ ကျမ သေတ္တာလေးကို တုန်ရီစွာဖွင့်လိုက်ရင်းစိတ်ထဲကနေလည်း အတော်ရိုးတဲ့မောင် လို့ တွေးမိပြီးပြုံးလိုက်မိတယ် ။

သေတ္တာလေးထဲမှာ ဓါတ်ပုံတစ်ပုံရယ် စာတွေရယ်တွေ့လိုက်ရတယ် ။ ဓါတ်ပုံက ကျမနဲ့မောင်ပထမဆုံးတွဲရိုက်ထားတဲ့ပုံပါ ။ စာတွေကတော့ မောင့်ကို ကျမပေးခဲ့တဲ့ ချစ်သူဘ၀တုန်းက စာတွေပါပဲ ။ ကျမရင်ထဲ ကြည်နူးလှိုက်ဖြာနေတယ် ။ ဒါပေမယ့် စာတွေအောက်ဆုံးမှာ နောက်ထပ် စာလေးတစ်စောင်တွေ့လိုက်ရတယ် ။ သေတမ်းစာပါ ။ အဲဒါကို ချက်လက်မှတ်နဲ့တွဲထားတယ် ။ ကျမ မောင့်စာကိုဖတ်ကြည့်လိုက်တယ် ။ စိတ်ထဲမှာလည်းအခုမှ အသက် ၃၀ လောက်ပဲရှိသေးတယ် သူက ဘာလို့သေတမ်းစာရေးရတာလဲအိမ်ရောက်မှ စိတ်ကောက်ပြီးဆူလိုက်ဦးမယ်လို့တေးထားလိုက်တယ် ။ စာထဲမှာရေးထားတာကတော့

" သူ့မှာရှိတဲ့အိမ်ရယ်ငွေတွေရယ်ထဲက ၂၀% က မိဘတွေအတွက် ၊ ၁၀% ကတော့ အကို့အတွက်နဲ့ ၃၀% ကို ဘိုးဘွားရိပ်သာနဲ့ မိဘမဲ့ကလေးတွေကိုလှူဖို့အတွက် ကျန်တဲ့ ငွေတွေနဲ့ပိုင်ဆိုင်မှုတွေ ရင်းနှီးမြှုပ်နှံမှုတွေတွေကိုဇနီးအတွက် " လို့ရေး ထားတယ် လက်မှတ်ထိုးထားတယ် ကျမ ငိုချမိလိုက်တယ် ။ ကျမသူ့ကိုတချိန်လုံးသံသယ၀င်နေခဲ့မိတယ် မယုံကြည်ခဲ့ဘူး တကယ်တော့သူက ကျမကိုပဲချစ်နေခဲ့တာ သစ္စာရှိနေခဲ့တာ စာရွက်တွေကို သေတ္တာလေးထဲ ပြန်ထည့်မယ်လုပ်တော့ စာရွက်တွေကြားထဲကနေ တစ်ရွက်အောက်ကိုပြုတ်ကျသွားတယ် ။ ကြည့်လိုက်တော့ ဆေးစစ်ထားတဲ့ဆေးစာတစ်စောင်ပါ ။ လူနာမည်နေရာမှာ မောင့်နာမည်ကိုတွေ့တယ် ဆေးစာရဲ့အောက်တစ်နေရာမှာ ရောဂါနာမည်ကိုကျမ ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ် ။

" အရိုးကင်ဆာ " တဲ့ ။

==========================================

လူတိုင်းစီမှာ လူတိုင်းရဲ့စိတ်ထဲမှာ လှို့ဝှက်တဲ့သော့ကလေးတစ်ချောင်းစီရှိတတ်ကြတယ် ။ အဲဒီသော့ကလေးက " သံသယ" လို့ခေါ်တယ် ။ လူတိုင်းရဲ့စိတ်မှာလည်း တံခါးပေါက်တစ်ပေါက်ရှိပါတယ် ။ အဲဒီတံခါးပေါက်ကို " သံသယ တံခါးပေါက် " လို့ခေါ်ပါတယ် ။ " သံသယတံခါးပေါက် " ကို ဖွင့်နိုင်တဲ့သော့ကတော့ " ချစ်ခြင်းမေတ္တာ " ပါပဲ ။ သံသယဆိုတာ တွေပြေပျောက်ဖို့ ချစ်ခြင်းမေတ္တာနဲ့ နားလည်စာနာ ယုံကြည်မှုကသာ စွမ်းဆောင်နိုင်ပါတယ် ။

သက်တန့်ချို
A key to open your window အား ဆီလျှော်သလိုဘာသာပြန်သည် ။

No comments: