(မောင်ဝံသ)
by Maung Wuntha on Tuesday, February 26, 2013 at 3:20am ·
မောင်ဝံသ ပြောချင်လွန်းလို့
ပြည်သူ့ခေတ်ဂျာနယ် ၂၈ ဖေဖော်ဝါရီ ၂၀၁၃ တွင် ဖော်ပြသည့် ဆောင်းပါး။
ကျွန်တော်တို့ နိုင်ငံဟာ အခုအချိန်မှာ အင်မတန်မှ သိမ်မွေ့ နက်နဲသလောက် အင်မတန်မှလည်ူ ခက်ခဲ ရှုပ်ထွေးတဲ့ အခြေအနေတစ်ခုအတွင်း ရောက်ရှိနေ တယ်လို့ ကျွန်တော် မြင်နေတယ်ဗျာ။
ဘာကြောင့် ဒီလို ပြောရသလဲဆိုတော့ အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်ကို ကူးပြောင်းခဲ့တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံရဲ့ အသွင် ကူးပြောင်းပုံ ကူးပြောင်းနည်းဟာ တစ်ခြားနိုင်ငံတွေနဲ့ တစ်မူထူးခြား ကွဲပြားနေပြီး ကိစ္စကလည်း မပြတ်သေးလို့ ဖြစ်တယ်ဗျ။
ပုံသေနည်း ဆင်တူယိုးမှား
အာဏာရှင်ကနေ ဒီမိုကရေစီကို ကူးပြောင်းတဲ့ နိုင်ငံအများစုဟာ ပုံသေနည်းဆန်ဆန်လို့တောင် ပြောစရာဖြစ်အောင် ဆင်တူယိုးမှား ဖြစ်ခဲ့ကြတာ တွေ့ရမှာပါ။ လူထုအုံ
ကတ္တီပါတော်လှန်ရေးနဲ့ ဝေးခဲ့
ကျွန်တော်တို့ဆီမှာလည်း ရှစ်လေးလုံး အရေးတော်ပုံကြီးတုန်းက နောက်ဆုံး သမ္မတ ဒေါက်တာမောင်မောင်က သုံးလအတွင်း ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်လို့ ကတိပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် တစ်ဘက်နဲ့တစ်ဘက် ယုံကြည်မှု တည်ဆောက်ခြင်း မပြုနိုင်ခဲ့ကြလို့ မြန်မာ့ ကတ္တီပါတော်လှန်ရေး ဖြစ်မလာခဲ့ပါဘူး။ ကျွန်တော်တို့က ချက်တွေထက် တစ်နှစ်ကျော် စောပါတယ်။
လမ်းစဉ်ပါတီအစိုးရဆီက တပ်မတော်က အာဏာလွှဲပြောင်းယူပြီး ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပပေးခဲ့ပေမယ့် အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာမလွှဲပေးတဲ့အတွက် ကတ္တှီပါ တော်လှန်ရေးအနားရောက်ဖို့ ဝေးသထက်ဝေးခဲ့ရပါတယ်။ အဲဒီကတည်းက ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးပုံစံဟာ ကမ္ဘာမှာ ရှိခဲ့ပြီးတဲ့ ပုံသေနည်းတွေနဲ့ တစ်ခြားစီဖြစ်ခြဲ့ပီလို့ နားလည်ခဲ့ရတယ်ဗျာ။
ထင်သာ မြင်သာ အပြောင်းအလဲများ
၁၉၉၀ကနေ ၂၀၁၁ မတ်လအတွင်း ဖြစ်ရပ်တွေ အခြေအနေတွေကို စာဖတ်သူများ သိပြီးသားလို့ ယူဆတဲ့အတွကသူတို ဒီဆောင်းပါးမှာ ပြန်မညွှန်း တော့ဘဲ ၂၀၁၁ခုနှစ် မတ်လမှာ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးချိန်ကိုပဲ ဆက်ကြည့်ရအောင်။
၂၀၀၈ခု အခြေခံဥပဒေကို လက်မခံတဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲမှာ မပါဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၂ခု ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြီး လွှတ်တော်ထဲကို ဒီချုပ်အမတ်တွေ ရောက်လာတယ်။ အရေးကြီးတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တွေအားလုံး နှစ်ရှည် အကျဉ်းကျခံနေရာက လွတ်လာကြတယ်။ တစ်ချိန်က ထောင်မှူးနဲ့ ထောင်သားဆက်ဆံရေးလိုမျိုးပဲ ရှိခဲ့ကြသူတွေ ယခုတော့ တစ်ယောက်နဲ့ တစ်ယောက် လက်ဆွဲနှုတ်ဆက်ကြ၊ ပြုံးပြုံးရွှင်ရွှင် ရယ်ရယ် မောမော ပြောကြဆိုကြ၊ အတူတွဲပြီး သီချင်းတွေဆိုကြ၊ ကခုန်ကြနဲ့ မြင်ရသူ ပြည်သူအပေါင်းဟာ တကယ့်ကို စိတ်ဘ၀င်ချမ်းမြေ့စရာမြင်ကွင်းတွေ ဖြစ်တယ် ဗျ။
ဒီမိုကရေစီစစ်စစ်လို့ ပြောဖို့လည်း ခက်
ဒါပေမယ့် အခြားတစ်ဖက်မှာလည်း စစ်အာဏာရှင်စနစ်အဖြစ် ရှုမြင်ထားခဲ့ကြတဲ့ မူလလက်ဟောင်း အုပ်ချုပ်ရေး စနစ်ရဲ့ အခြေခံအုတ်မြစ် ကတော့ ဘာမှမပြောင်းလဲဘဲ နဂိုအတိုင်း (intact)ရှိနေတုန်းပဲလို့ ရှုမြင်နေသူတွေလည်း အများကြီး ရှိနေတယ်ဗျ။ အဲသလို ရှုမြင်စရာ အထင်ရှား အမြင်သာဆုံး ဥပမာကတော့ ၂၀၀၈ အခြေခံဥပဒေဖြစ်တယ်ဗျာ။ ]]တပ်မတော် သည် နိုင်ငံတော်၏ ဦးဆောင်ကဏ္ဍတွင် ရှိသည်}} ဆိုတဲ့ အခြေခံမူပေါ်မှာ ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေကြောင့် မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံ စစ်စစ် ဖြစ်နေပါပြီလို့ သေချာပေါက် ပြောဖို့ ခက်နေတာလည်း အမှန်ပဲဗျ။
ဝေခွဲမရနိုင်သူတွေ ရှိနေချိန်
ဒီတော့ အချို့သူတွေအဖို့ ဒီကနေ့ မြန်မာနိုင်ငံမှာ အဓိက ထမ်းဆောင်ရမယ့် တာဝန်ဟာ တော်လှန်ရေးလား၊ တည်ဆောက်ရေးလား ဆိုတာ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း မဆုံးဖြတ်နိုင်ဖြစ်နေကြတယ်ဗျ။ သူတို့အမြင်အရ ၂၀၀၈ အခြေခံဥပဒေကြီး ရှိနေသေးတာကြောင့် တော်လှန်ရေးကို ဆက်လက်ဆင်နွှဲရဦးမယ်လို့ ယုံကြည်နေခြင်းနဲ့ တစ်ပြိုင်တည်းမှာ လက်တွေ့ မြေပြင်ပေါ်မှာ မျက်စိနဲ့ တပ်အပ်မြင်နေရတဲ့ နိုင်ငံရေးအပြောင်း အလဲတွေကလည်း သူတို့ကို တည်ဆောက်ရေးသမားတွေ ဖြစ်နိုင်သမျှ အမြန်ဆုံး ဖြစ်လာအောင် ကြိုးစားကြဖို့ တောင်းဆိုနေပြန်တယ်။ သူတို့ အဓိက လုပ်ရမှာက တော်လှန်ရေးလား။ တည်ဆောက်ရေးလား။ ပေါ့ပေါ့တွေးသူများအဖို့ အရေးမကြီးလှပေမယ့် လေးလေးနက်နက် ဆင်ခြင် တွေးတောတတ်သူများအဖို့တော့ တကယ့်ကို ဝေခွဲမရနိုင် (dilemma) ဖြစ် လောက်တယ်ဗျာ။
အလံနှစ်ခု ကိုင်ထားရမလား
ခုရက်ပိုင်းအတွင်း ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်က သူ့ရဲ့ ဥရောပခရီးစဉ်အတွင်း သူဟာ တည် ဆောက်ရေးလုပ်ငန်းကို မကျွမ်းကျင်ပါဘူးလို့ ပြောခဲ့ကြောင်း အင်တာနက် သတင်းတွေမှာ တွေ့လိုက်ရတယ်ဗျ။
တကယ်ဆို မင်းကိုနိုင်တို့လို အသက်ငါးဆယ်ဝန်းကျင် မျိုးဆက်ဟာ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းအတွက် တကယ့်ကို အကောင်းဆုံး အသင့်တော် ဆုံး မျိုးဆက်ပဲ မဟုတ်လားဗျာ။ အကောင်းဆုံးသော တိုင်းပြည်တည်ဆောက်ရေး သမားတွေဟာ သူတို့အရွယ်တွေထဲက ထွက်လာတာများတယ်ဆိုတာ ကမ္ဘာ့ သမိုင်းကို လေ့လာကြည့်ရင် တွေ့နိုင်တယ်ဗျ။
ဒါပေမယ့် ကျွန်တော်တို့ဆီမှာက နိုင်ငံကို အချစ်ဆုံးလူတွေက ဘ၀တစ်လျှောက်လုံး တော်လှန်ရေးလုပ်ငန်းစဉ်တွေနဲ့ပဲ ယဉ်ပါး ခဲ့။ လက်ရှိ တိုင်းပြည်အခြေအနေကလည်း ကြောင်လိုလို ငါးလိုလို (ရှော့ခ်သုံးခုနဲ့ ဖျံ ကြောင် ငါး)။ အဲဒီတော့လည်း သူတို့လို မြန်မာ့နိုင်ငံရေးရဲ့ ရှေ့ဆုံးတန်း တစ်နေရာမှာ ရှိနေသူတွေသာမက ကျန်ရှိနေတဲ့ တက်ကြွ လှုပ်ရှားသူတွေပါ အလံနှစ်ခု ကိုင်ထားကြရတာ မဆန်းဘူးပေါ့ဗျာ။
ကွဲအက်ရေးမှ ခွဲထွက်ရေးသို့
ဒီနေရာမှာ ကျွန်တော့် ကိုယ်တွေ့တစ်ခု ထည့်ပြောစရာ ရှိပါတယ်။ ၁၉၈၈ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလောက်က ကျွန်တော်ပါဝင် ဆောင်ရွက်နေတဲ့ နိုင်ငံရေးပါတီကြီးတစ်ခုရဲ့ မြို့နယ်စည်းအဖွဲ့များ ဖွဲ့စည်းရေးတာဝန်နဲ့ နယ်တွေကို ခရီးထွက်ခဲ့ရပါတယ်။ ကျွန်တော့်ထက် အသက်အရွယ်ရော နိုင်ငံရေးဝါပါ ကြီးရင့်တဲ့ စီနီယာနိုင်ငံရေးသမား တစ်ယောက်နဲ့ အတူတွဲအလုပ်လုပ်ခဲ့ရတာပါ။ ကျွန်တော်တို့ရဲ့ အဓိကအလုပ်က ရှစ်လေးလုံး သပိတ်ကြီးတုန်းက ကိုယ့်အစုနဲ့ကိုယ် ပါဝင်ဆင်နွှဲခဲ့ကြတဲ့ အင်အားစုတွေကို စုစည်းပြီး မြို့နယ်စည်းတွေမှာ လက်တွဲလုပ်ကြဖို့ ညှိနှိုင်းဖွဲ့စည်းပေးရတာ ဖြစ်ပါတယ်။ နေရာအတော်များများမှာ အုပ်စုကွဲတွေကို စည်းရုံးရေးအဖွဲ့တစ်ခုတည်းမှာ ပူးပေါင်းလုပ်ကြဖို့ ညှိနှိုင်းဆွေးနွေး အောင်မြင်ခဲ့ပေမယ့် မြို့ကြီးတချို့မှာ ဘယ်လိုမှ ညှိပေးလို့ မရခဲ့ပါဘူး။ ဆွေးနွေးရင်း ဆွေးနွေးရင်း စိတ်မရှည်နိုင်တော့တဲ့ စီနီယာကြီးက လူတွေ ကွယ်ရာမှာ ကျွန်တော့်ကို လက်ကုပ်ပြီး ပြောတယ်။
]]ကျုပ် တစ်သက်လုံး လုပ်လာတဲ့ နိုင်ငံရေးအတွေ့အကြုံက ကွဲအက်ရေးမှ ခွဲထွက်ရေးပဲဗျ။ အခြေခံသဘောထားချင်း တူသလား၊ တူအောင်ညှိလို့ရသလား၊ တူအောင်ညှိတယ်ဆိုတာကလည်း ကျုပ်တို့ပါတီက ပြောတာကို ဆွေးနွေးဘက် ပါတီက လက်ခံဖို့ညှိတာပဲ။ လက်မခံနိုင်ဘူးဆိုရင် သွားပေတော့။ သူမထွက်ရင် ကိုယ်ထွက်ပဲ။ ညီညွတ်ရေးဆိုတာ တံတွေးနဲ့ ဆွတ်ပြီး ကပ်ထားသလို လုပ်လို့မရဘူး။ ဒီမြို့မှာ ခုအတိုင်းဆို ဖွဲ့စည်းရေး ဘယ်လိုမှ လုပ်နိုင်မှာ မဟုတ်ဘူး}}လို့ ပြောပါတယ်။
ကျွန်တော်က ကျွန်တော်နည်းနည်း ကြိုးစားကြည့်ချင်သေးတယ် ပြောတော့ သူက ခင်ဗျား စမ်းချင် စမ်းကြည့်လေလို့ ခွင့်ပြုပါတယ်။ ဒီတော့ ကျွန်တော်က အုပ်စုကွဲ လေးငါးခုက သပိတ်ခေါင်းဆောင်တွေကို အစည်းအဝေး တစ်ခုတည်းမှာ မျက်နှာချင်းမဆိုင်ခိုင်းဘဲ တစ်အုပ်စုချင်းနဲ့ သီးခြားစီ တွေ့ပါတယ်။ ပြီးတော့ သူတို့ ဘယ်သူတွေနဲ့ဆို တွဲလုပ်နိုင်တယ်၊ ဘယ်သူတွေနဲ့ တွဲမလုပ်နိုင်ဘူးဆိုတာ သဘောထားရအောင် မေးပါတယ်။ နောက်ဆုံး တွဲလုပ်နိုင်သူတွေချည်းပဲကို စည်းအဖွဲ့ အမှုဆောင်များအဖြစ် ရေးချပြီး သူတို့ သဘောတူကြောင်း လက်မှတ်ထိုးခိုင်းပါတယ်။ အဲဒီစာရင်းကို ကြေညာ လိုက်တော့ကာ မကျေနပ်တဲ့ အုပ်စုတချို့က လူနည်းစုတွေလောက်ပဲ တစ်ခြားပါတီတွေကို ၀င်သွားကြတယ်။ ကျွန်တော်တို့ဆီမှာတော့ အပြန်အလှန်သည်းခံပြီး လက်တွဲလုပ်နိုင်တဲ့ လူကောင်းတွေကို ရလိုက်ပါတယ်။ ဒီအပေါ်မှာ ကျွန်တော့်စီနီယာက မှတ်ချက်ပေးပါတယ်။ ]]ခင်ဗျားနည်းက အလုပ်တော့ ဖြစ်သားပဲ။ ဒါပေမယ့် ကိုယ့်အုပ်စုကနေ ခွဲထွက်လာပြီး စည်းအဖွဲ့ထဲမှာ ပူးပေါင်းတဲ့လူတွေဟာ ခိုင်မာမှု ရှိမရှိ မသေချာဘူး။ သူတို့ကို သတိထားရမယ်}}လို့ ပြောပြန်ပါတယ်။
အမြင်အမျိုးမျိုး လုပ်နည်း အမျိုးမျိုး
အခု ကျွန်တော်ပြောပြတဲ့အတွေ့အကြုံဟာ လက်ရှိတိုင်းပြည် အခြေအနေကို ထင်ဟပ် ပြောချင်တာ မဟုတ်ပါဘူး။ နိုင်ငံရေးမှာ အမြင်အမျိုးမျိုး လုပ်ထုံး လုပ်နည်း အမျိုးမျိုး ရှိတတ်တာကို ပြောချင်တာပါ။
အထူးသဖြင့် ယခုအချိန်အခါလို ဗုံမဟုတ် ပတ်မဟုတ်၊ တော်လှန်ရေးလား တည်ဆောက်ရေးလား ဝေခွဲရန် ခက်နေသူတွေ ရှိနေသေးတဲ့အခြေအနေကို အမြတ်ထုတ်ဖို့ ကြိုးစားနေသူတချို့ကိုလည်း ကျွန်တော်ကတော့ မြင်နေရသလိုပဲဗျ။ နိုင်ငံရေးအခြေအနေတွေ ပြောင်းလဲလာတယ်ဆိုတာကို ရိုးရိုးသားသား လက်မခံနိုင်တဲ့သူ၊ စစ်အာဏာရှင်တွေဟာ မျက်လှည့်အကွက်ဆန်းတစ်မျိုး တီထွင်ပြီး ပြနေတာဖြစ်တယ်လို့ ရိုးရိုးသားသားမြင်နေတဲ့သူတွေကို ကျွန်တော် ဘာမှ မပြောလိုပါဘူး။ သူတို့ ကတော့ လက်ရှိအခြေအနေကို အကောင်းမြင်ကြမှာ မဟုတ်ပါဘူး။ လူတိုင်းမှာ လွတ်လပ်စွာ ထင်မြင်ယူဆပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် နိုင်ငံရေးအခြေအနေတွေ တကယ် ပြောင်းလဲသွားခဲ့ရင် သူတို့ လက်ရှိရထားတဲ့ စည်းစိမ်ဥစ္စာတွေ၊ လုပ်ပိုင်ခွင့်အာဏာတွေ ဆုံးရှုံး ဒါမှမဟုတ် လျော့ပါးသွား တော့မလားဆိုတဲ့ စိုးရိမ်ပူပန်စိတ်နဲ့ အခြေအနေတွေကို တမင်သက်သက် မငြိမ်မသက် ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေအောင် လုပ်နေတဲ့သူတွေလည်း ရှိနိုင်တယ်လို့ ကျွန်တော် ယူဆတယ်ဗျ။ သူတို့ ဟာ ကိုယ်တိုင် မီးရှို့လို့ ရရင်ရ၊ မရရင်လည်း သူ့ဖာသာသူ ပေါ်လာတဲ့ မီးစ ကလေးတွေကို မီးတောက်ကြီး တွေဖြစ်လာအောင် ဓာတ်ဆီဝင်လောင်းပေးနေကြတယ်လို့ ကျွန်တော် ခံစားနေရတယ်ဗျာ။
ရိုးရိုးသားသား အမြင်သဘောထားမတူတဲ့သူတွေကိုတော့ ဒီမိုကရေစီ ရဲ့ သဘာဝမို့ ဘာမှ ပြောစရာမရှိပေမယ့် အဲသလို မရိုးသားတဲ့ ရည်ရွယ်ချက်နဲ့ ဖျက်လိုဖျက်ဆီးလုပ်ချင်နေသူတွေရဲ့ အကွက်ထဲ မ၀င်မိအောင် ရှောင်ရှားနိုင်ဖို့ ကတော့ ဒီမိုကရေစီဘက်တော်သားတိုင်းသတိထားသင့်တယ်လို့ နှိုးဆော်လိုက်ရ ကြောင်းပါဗျာ။
၂၄ ၀၂ ၂၀၁၃
maungwuntha@gmail.com

No comments:
Post a Comment