Saturday, March 2, 2013

အာဏာပိုင်ဆိုင်ပြီး မရိုင်းစေချင်



March 1, 2013Home, ဆောင်းပါး

မရောက်တာကြာပြီဖြစ်သော အစ်မ၀မ်းကွဲရှိရာ အညာမြို့လေးသို့ လုပ်ငန်းကိစ္စတစ်ခုနှင့် သွားခဲ့သည်။ သည် မြို့သည် ကာလတစ်ခုက ကျော်ကြားခဲ့ သော၊ အာရုံစိုက်ခံခဲ့ရသော မြို့လေးဖြစ် ၏။ မန္တလေးသို့ ကားဖြင့်သွားလေတိုင်း ဖြတ်သန်းသွားနေကျ မြို့ကလေးပါ။ အခုတော့ နှစ်အနည်းငယ်အတွင်းမှာ လမ်းတွေ၊ တံတားတွေ၊ အဆောက်အအုံ တွေ ဖွံ့ဖြိုးသစ်လွင်ကာ တောက်ပရှင်း သန့်နေသော မြို့လေးကို ကြည့်ပြီး ပီတိ ဖြစ်ရ၏။ မြို့၏မြောက်ဘက်အတွက် စိမ်း မြသော တောင်ခြေတွင် ဆောက်တည် ထားရှိသည့် တက္ကသိုလ်ပရ၀ုဏ်က လည်း အေးချမ်းခန့်ထည်လှပေသည်။
ကျွန်မရည်ရွယ်ရာဌာနသို့ ရောက် သောအခါ ဂိတ်ဝမှာ ၀င်းတံခါးပိတ် ထားသည်။ အတွင်းဘက်အ၀င်ဝမှာ လုံခြုံရေးအဆောက်အအုံလေးကို တွေ့ ရ၏။ ကျွန်မက ကားပေါ်မှဆင်းပြီး ၀င်းတံခါးရှိ လူဝင်ပေါက်မှဝင်၍ လုံခြုံ ရေးတာဝန်ယူထားသူနှင့်တွေ့ဆုံကာ အကျိုးအကြောင်းပြောပြသည်။ ကားဝင် သာရန် ၀င်းတံခါးဖွင့်ပေးဖို့ ချေငံစွာ ပြောဆိုသောအခါ ထိုသူ၏ နှုတ်မှ တစ်စုံတစ်ခုကို ပြန်ပြော၏။ ကျွန်မနား ထဲမှာ မသဲကွဲ၍ ပြန်မေးလိုက်သောအခါ သူက ပီပီသသထပ်ပြောပါသည်။
“လက်ဖက်ရည်ဖိုးပေးပါ”တဲ့။
ကျွန်မ အံ့သြသွားသည်။ စောစော က လမ်းတစ်လျှောက်မှာ ကြည်လင်လန်း ဆန်းလာခဲ့ရသမျှ ခံစားမှုများလည်း ပျောက်သွား၏။
အပြန်လမ်းမှာတော့ ကျွန်မ ကိုယ့် အတွေးနှင့်ကိုယ် နစ်မျောနေ၏။ အလာ တုန်းကလို လယ်ကွင်းတွေ၊ စေတီတွေ၊ သစ်ပင်တွေ၊ သဘာဝရှုမျှော်ခင်းတွေကို သတိမထားနိုင်တော့သည်မှာ အစ်မ၏ အိမ်ကို ပြန်ရောက်သည်အထိဖြစ်၏။ ကျွန်မစိတ်ထဲမှာ ငယ်ငယ်က နားစွဲခဲ့ရ သော ရွှေမန်းတင်မောင်၏ တံခါးမှူး ဒတ္တ ဇာတ်ကို သတိရနေခြင်းကြောင်းဖြစ် သည်။
သြော် ရွှေမန်းတင်မောင်သာ ကွယ် လွန်သွားခဲ့တာကြာပေါ့။ လာဘ်ပေး လာဘ်ယူမှုတွေက မကွယ်လွန်သေး၊ နေရာဌာနတိုင်းမှာ၊ အဆင့်အတန်းတိုင်း မှာ ရှိနေသည့် ဓလေ့ထုံးစံက လက်ဖက် ရည်ဖိုး ယဉ်ကျေးမှုကြီးအဖြစ် ထွန်းကား နေလေပြီ။
ကျွန်မသည် ကိုယ်က လာဘ်ယူ သည့် နေရာမှာ မရောက်ချင်သလို လာဘ်ပေးသည့်နေရာကိုလည်း မရောက် ချင်ပေ။ လာဘ်ယူသူကသာ ရှက်စရာ ကောင်းသည်မဟုတ်၊ လာဘ်ပေးသူကိုယ် တိုင်လည်း ရှက်ဖွယ်ဖြစ်၏။ လာဘ်ပေး သူသည် မသမာမှုကို အားပေးအား မြှောက်ပြုသူ၊ မလျော်ကန်သည့်ကိစ်္စကို ထောက်ခံသူ၊ မကောင်းမှုကို ဖွံ့ဖြိုးအောင် လုပ်သူ၊ အချောင်းသမားစိတ်ဓာတ်ကို လမ်းကြောင်းသူ၊ နိုင်ငံကို နာမည်ကျော် ကြားအောင် ပျိုးကြဲသူ ဤသို့ပင် ခံယူ ထားသည်။
ခံစားမျှဝေစရာတွေက သည်မျှနှင့် မပြီးသေးပါ။ နောက်တစ်နေ့မနက်မှာ ပြန်တော့မည်မို့ မနက် ၈ နာရီတွင် ကားဂိတ်သို့သွားသည်။ ကားဂိတ်သို့ မရောက်မီ လမ်းဆုံတစ်နေရာမှာ ယာဉ် ထိန်းရဲတစ်ဦး တာဝန်ထမ်းဆောင်နေ သည်ကို လှမ်းမြင်ရသည်။
ထိုအချိန်တွင် ဘယ်ဘက်လမ်း ကြောမှ အမျိုးသမီးတစ်ဦးမောင်းနှင်လာ သည့် ဆိုင်ကယ်က ယာဉ်ထိန်းရဲ၏ ထိန်း သိမ်းလမ်းညွှန်မှုထက် ဆန်္ဒစောစွာ ရှေ့ ကိုထွက်လာသဖြင့် ဘရိတ်အုပ်လိုက် ရသည်ကိုတွေ့လိုက်သည်။ သည်အခါ မှာ ရှေ့တူရူသို့ ဦးတည်သွားနေသော ကျွန်မတို့ဆိုင်ကယ်က ယာဉ်ထိန်းရဲ၏ ရှေ့ကအဖြတ်…။
““……””
အဆိုပါယာဉ်ထိန်းရဲသည် ဒေါမာန် ပြင်းလှစွာသော အသံဖြင့် ဆဲရေးတိုင်း ထွာလေသည်တကား။ ကျွန်မအံ့သြလှ စွာ ထိုယာဉ်ထိန်းရဲ၏ မျက်နှာကို ကြည့် လိုက်မိသည်။ အို ခက်ထန်မာကျောလှ ပေစွ။
ယာဉ်ထိန်းရဲဟူသည် အများပြည် သူကို ဆဲရေးခွင့်ရှိသူပေလား။ ကားဂိတ် ကိုရောက်ပြီးနောက် ကျွန်မစီးနင်းလိုက် ပါရမည့် ကားထိုးဆိုက်လာသည်အထိ၊ ထို့နောက် ကားပေါ်မှာ လိုက်ပါလာ သည်အထိ၊ ကျွန်မသည် စဉ်းစားတွေး တောစရာတွေ ပြည့်သိပ်နေခဲ့သည်။
အားလုံးသည် အပြောင်းအလဲတစ် ခုဆီသို့ ညီညီညာညာ ရှေးရှုနေကြပြီ ဖြစ်ရာ တိုးတက်မှုကို လိုလားလက်ခံ သောသူတိုင်းက မျက်မှောက်ကာလနှင့် မလျော်ညီတော့သော အရာမှန်သမျှကို စွန့်လွှတ်ပြုပြင်ရမည်သာဖြစ်သည်။
သည်အခါမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ် ပိုင်းဆိုင်ရာအားလုံး ညစ်ထေးနေသည် များကို သန့်စင်ပစ်ရမည်။ ဟောင်းနွမ်း နေသည်များကို သစ်လွင်မှုဖြင့် အစားထိုး ရမည်။ ယိုင်နဲ့နေသည်များကို ခိုင်ခံ့စေရ မည်။ ဆွေးမြေ့နေလျှင် တောင့်တင်းခိုင် မာအောင် ပြောင်းလဲနိုင်ရမည်။
မြို့ကလေး၏ သစ်လွင်လှပမှုကို အကျဉ်းတန်စေသော လက်ဖက်ရည်ဖိုး တောင်းသည့် ၀န်ထမ်းလို၊ ပြည်သူကို ဆဲရေးတိုင်းထွာသောယာဉ်ထိန်းရဲလို မိမိတာဝန်ကို ခုတုံးလုပ်၍ အခွင့်အရေး လိုချင်သူ၊ တာဝန်ဝတ္တရားနှင့် မဆီမဆိုင် အာဏာပြချင်သူ၊ လုပ်ငန်းခွင်မှာ စေတနာမပါသူတွေက သည်မြို့လေးမှာ မှမဟုတ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေအတွက် အဘယ်မျှ ရှိနေပါသေး သနည်း။
နိုင်ငံကို ရုပ်ပိုင်းဆိုင်ရာတွေ ပြုပြင် တည်ဆောက်လိုက်ရုံဖြင့်တော့ ဖွံ့ဖြိုးတိုး တက်သည်ဟု မဆိုနိုင်သေးပေ။ နိုင်ငံ အတွင်းမှာ မှီတင်းနေထိုင်ကြသော သူအများထဲမှာ စိတ်ပိုင်းဆိုင်ရာ နိမ့်ကျ မှုတွေကို ပြုပြင်ပြီးမှသာ ဖွံ့ဖြိုးတိုးတက် သည်ဟု သတ်မှတ်နိုင်မည်ဖြစ်ပေသည်။



တင်မိခိုင်

အေးချမ်းမွန်မှ ( The Hot News ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

No comments: