by Aung Zaw Bo (Notes) on Saturday, March 16, 2013 at 8:05pm
လက်ပံတောင်းတောင်အစီရင်ခံစာနှင့် Oil Sands Mine
ဒီနေ့ အလုပ်မှာ အပြင်ထွက်ပြီး လက်ပံတောင်းတောင်အစီရင်ခံစာထဲက မိုင်းရဲ့အားနည်းချက်တွေ အကြံပြုချက်တွေထဲမှာပါတဲ့ တူညီနေတဲ့ Oil Sands Mining စီမံကိန်းထဲက တချို့ကို -24C အောက်မှာ ဓါတ်ပုံတချို့ရိုက်ဖြစ်ခဲ့ပါတယ်။
ရေနံတူးတယ်ဆိုပေမယ့် ကျနော်တို့တွေ မြင်နေ တွေ့နေကျပုံစံမျိုးနဲ့ ရေနံကမြေအောက်မှာ မြေအောက်ရေလို အိုင်အဖြစ်နဲ့ ခိုအောင်းနေတာ မဟုတ်တဲ့အတွက် ပိုက်ကိုမြေကြီးအောက်တူးထည့်ပြီး ထုတ်လို့မရပါဘူး။ ရေနံက မြေကြီးထဲမှာ ရောနှောနေတာပါ။ အဲ့ဒီရေနံတွေရောနှောနေတဲ့ မြေကြီးကို အစီရင်ခံစာထဲမှာပါတဲ့ open pit ပုံစံနဲ့တူးယူပြီး စက်ရုံမှာ မြေကြီးထဲကနေ ပြန်ထုတ်ယူတာဖြစ်ပါတယ်။ အရင်တုန်းက အနုမြူဗုံးအပျော့စားနဲ့ မြေအောက်မှာခွဲပြီး အပူပေးဖျော်ယူဖို့ လုပ်ပါသေးတယ်။ ကန့်ကွက်ကြလို့ မလုပ်ဖြစ်ပါဘူး။ အခုနောက်ဆုံး မြေအောက်ကို ပိုက်လိုင်းသွယ်ပြီး ရေနွေးငွေ့လွှတ် ပျော်ဝင်နေတဲ့ ရေနံတွေကို ဖျော်ထုတ်ပြီး ထုတ်ယူဖို့နည်းလမ်းကို ကြံဆနေကြပါတယ်။
open pit နဲ့ တူးနေတာပါ.. အစီရင်ခံစာ ၈၃- က (၁၅) မှာ- သဘာဝရှုခင်း၊ မြင်ကွင်းများ၏ (Aesthetic Value) ပျောက်ကွယ်မသွားစေရန်နှင့် အက်ဆစ်မှုန်များ၊ ဖုန်မှုန့်များ၊ ဖုန်မှုန့်များနှင့် အသံဆူညံမှုများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းသွားစေရန်အတွက် တစိတ်တပိုင်း ဟင်းလင်းပွင့်နည်းလမ်း ( Semi-open pit ) ကိုကျင့်သုံး၍ သတ္တုတူးဖော်သင့်ပါသည်။ တနည်အားဖြင့် ကြေးနီမထွက်သော အနားစပ်ရှိ တချို့အစိတ်အပိုင်းများ ( Periphery ) ကိုချန်လှပ်၍ ကြေးနီတူဖော်သည့်လုပ်ငန်းကို ဆောင်ရွက်သင့်သည်ဟု အကြံပြုအပ်ပါသည်။ လို့ရေးထားတဲ့အတွက် အခုလိုကြီးဖြစ်တော့မှာ မဟုတ်ပါဘူး။
ဟင်းလင်းပွင့်တွင်းတူးထုတ်တော့ အပေါ်ယံမြေဆီလွှာကို အမျိုးအစားခွဲပြီး ပုံထားတာပါ။ ဥပမာ- သစ်မြစ်၊ သစ်ဖုနဲ့ micro organism တွေကြွယ်ဝတဲ့ အပေါ်ဆုံးမြေကြီး ၆လက်မကို သတ်သတ်ခွဲပြီးပုံပါတယ်။ နောက်ပြီးတော့ ရေ၊ မြေ၊ ရာသီဥတု၊ အပင်တွေကို သုတေသနလုပ်ထားပြီး စီမံကိန်းပြီးရင် လိုက်လျောညီထွေဖြစ်အောင် ပြန်ပျိုးထောင်ပါတယ်။ ဒီနေရာမှာပဲရှိတဲ့ သစ်စေ့တွေကို အတတ်နိုင်ဆုံးစုဆောင်းထားပြီး ပြန်စိုက်ပါတယ်။
အစီရင်ခံစာထဲမှာ- ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုအကဲဖြတ်ဆန်းစစ်ခြင်း အစီရင်ခံစာဟာ ၁၉၉၆မှာ ပြုစုထားပြီး အခုခေတ်နဲ့ ကိုက်ညီမှုမရှိတော့ဘူးလို့ သုံးသပ်ပြထားပါတယ်။ တူးဖော်ထားတဲ့ မြေကြီးတွေကိုလည်း မြေဆီလွှာသပ်သပ်ခွဲမထားပဲ အကုန်လုံးစုပုံထားတယ်။ စီမံကိန်းပြီး ပတ်ဝန်းကျင်ထိန်းသိမ်းမှုပြန်လုပ်ရင် ပြန်သုံးဖို့ ခွဲခြားထားသင့်တယ်လို့ အကြံပြုထားပါတယ်။
တူးဖော်ပုံ အဆင့်ဆင့်ပါ။ နောက်ဆုံးအဆင့်မှာ မြေကြီးတွေကို အဆင့်ဆင့် အလွှာလိုက်ဖို့ပြီး အပင်ပြန်စိုက်ပါတယ်။
အစိုးရနဲ့ အစိုးရမဟုတ်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ စီမံကိန်းလုပ်တဲ့ ကုမ္မဏီက ပူးပေါင်းလုပ်ဆောင်ရပါတယ်။
အစိုးရနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေက အလျဉ်းသင့်သလို စစ်ဆေးပါတယ်။ ကုမ္မဏီက ၁၀၀% တာဝန်ယူလုပ်ဆောင်ပေးရပါတယ်။ အခုစီမံကိန်းတွေကတော့ လူသူမရှိတဲ့နေရာ၊ စိုက်ပျိုးမြေမရှိတဲ့ နေရာမှာ ဖြစ်နေတဲ့အတွက် လူမှုဘ၀ပြသနာရှိတာ မတွေ့ရှိရပါဘူး။
လက်ပံတောင်းတောင်အစီရင်ခံစာထဲက အကြံပြုချက်ထဲက တချို့ကို ကျနော့်ပတ်ဝန်းကျင်မှာ ထိတွေ့နေလို့ တင်ပေးလိုက်ခြင်းဖြစ်ပါတယ် ခင်ဗျာ..

No comments:
Post a Comment