Sunday, March 17, 2013

ဘီဘီစီ သတင်းထောက် ဂျော်နသန် ဟက်ဒ်မှ ဒေါ်အောင်ဆန်းစုကြည်ပေါ်အမြင်

မြန်မာ့လူထုကြားမှာသာမက ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေနဲ့ လူထုတချို့ကြားမှာပါ ထင်ရှားတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ရည်ညွှန်းတဲ့ ပြယုဂ်အဖြစ်ကနေ မျက်မှောက်နိုင်ငံရေးအပြောင်းအလဲမှာ ရေချိန်တက်ကျရှိနိုင်တဲ့ နိုင်ငံရေးသမားတဦးဘ၀ကို ထဲထဲဝင်ဝင် ပြောင်းလဲခုန်ဝင်လာတယ်လို့ ဘီဘီစီ သတင်းထောက် ဂျော်နသန် ဟက်ဒ်က သုံးသပ်ပါတယ်။

သူက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေး ကော်မရှင် ဥက္ကဌအနေနဲ့ ဒေသခံတွေနဲ့ သွားတွေ့ခဲ့တာကို ထောက်ထားပြီး ပြောလာတာလည်း ဖြစ်ပါတယ်။

ရိုသေလေးစားမှုကိုသာ အမြဲတစေ ရနေကျ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါသတွေ အလွန်ထွက်နေကြတဲ့ ဒေသခံတွေရဲ့ ပြင်းပြင်းထန်ထန် တုန့်ပြန်ပုံကို ရင်ဆိုင်လိုက်ရတာဟာ တုန်လှုပ်စရာ ကောင်းတယ်လို့ သူက ဆိုပါတယ်။

ပြည်တွင်းပြည်ပ ဘယ်နေရာမှာဆို ဘယ်တွေ့ဆုံမှုမှာမဆို မြန်မာအမျိုးသမီးဝတ်စုံကို အမှားကင်းပြီး ကျော့ရှင်းအောင် အမြဲဝတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရရင် တော်ဝင်မင်းသမီးတပါး လာသလို ဒါမှမဟုတ် ဟောလီးဝုဒ် စူပါစတားတယောက်ကို ကြည့်ရသလို ဥပမာတခု ဆောင်ရရင် သံတမန်တွေ တောင် ဟန်ပန်တွေ ဘေးအသာထားလို့ အရမ်းသဘောကျလို့ ဓာတ်ပုံတပုံလောက် တွဲရိုက်ပါရစေလို့ အတောင်းဆို ခံရသူဟာ လက်ပံတောင်းမိုင်းတွင်းမှာတော့ အချေအတင် ပြောဆို ဝေဖန်စရာတွေ ရှိလာ ခဲ့ပါတယ်။

မိုင်းတွင်းကို အပြီးတိုင် ပိတ်ဖို့ဆိုရင် အင်အားကြီး အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ပြဿနာတက်မယ်၊ လျော်ကြေးကို ကာလပေါက်ဈေးနဲ့ ရစေမယ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ထိထိရောက်ရောက် လုပ်မယ်လို့ ကတိပေးတယ်၊ ဒါပေမဲ့ ဒီလို ရင်းနှီးမြှုပ်နှံမှုကတော့ တိုင်းပြည်အတွက် လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံတွေကို ပြောခဲ့ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို စုံစမ်းရေး ကော်မရှင်ဖွဲ့လို့ ကော်မရှင် ဥက္ကဌအဖြစ် လူထုအသည်းကျော် နိုင်ငံရေးသမား ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးအပ်လိုက်တာဟာ သမ္မတဦးသိန်းစိန်ရဲ့ ပါးနပ်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပေမယ့် ယုံကြည်တယ်ဆို နောက်မတွန့်ဘဲ လုပ်ဆောင်တတ်တဲ့ အလွန်ခေါင်းမာတဲ့ စိန်ခေါ်မှုကို သဘောကျတဲ့ ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်း ဒေသခံလူထုနဲ့ တွေ့လို့ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

တခါ ရခိုင်နဲ့ ကချင်အရေးမှာ ထဲထဲဝင်ဝင် မပါလို့ အရင် ထောက်ခံသူတွေကြား စိတ်ပျက်သံတွေ ကြားလာရသလို သူ့ ဖခင်ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်ကို အခင်အမင် မပျက် ချစ်ခင်လျက် ရှိပါတယ်လို့ အကြိမ်ကြိမ် ကျော့ပြောနေတာတွေက ပြည်သူတချို့ကို ဒေါသထွက်စေ ပြန်ပါတယ်လို့ ဂျောနသန် ဟက်ဒ်က သူ့ဆောင်းပါးမှာ ရေးပါတယ်။

ဒီနေရာမှာ စိတ်ဝင်စားဖို့ ကောင်းတာတခုက နောက်တက်မယ့် သမ္မတ လုပ်ဖို့ဆို မဖြစ်မနေ လိုအပ်တဲ့ တပ်ရဲ့ထောက်ခံမှုရဖို့ လိုနေတာကြောင့် တပ်ကို ခင်ပါတယ်လို့ ပြောနေတာမျိုး၊ မဲရာခိုင်နှုန်းကျနိုင်တဲ့ ထောက်ခံမှုလျော့နိုင်တဲ့ အရေးကိစ္စတွေကို ထဲထဲဝင်ဝင် ကိုင်တွယ်လာတာပါ။

ဒါတွေ ဘာကြောင့် လုပ်နေတယ်ဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည်မှာ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိမှာပါ၊ ဒါပေမဲ့ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားတဲ့ အမှန်တရားကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူတကာ သဲသဲလှုပ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြယုဂ်နေရာကနေ အတက်အကျ အနိမ့်အမြင့် ရွေ့လျားနေတဲ့ မျက်မှောက် မြန်မာ့နိုင်ငံရေး အခင်းအကျင်းသစ်ထဲက အားကြီးတဲ့ လူထုထောက်ခံမှုများတဲ့ လူသားဆန်တဲ့ တိုင်းပြည်နဲ့လူထုကို လှုပ်ကိုင်နိုင်တဲ့ နိုင်ငံရေးသမားအဖြစ် ပြောင်းလဲ ရောက်ရှိသွားပါပြီလို့ ဘီဘီစီ သတင်းထောက် ဂျော်နသန် ဟက်ဒ်က သုံးသပ်ပါတယ်။

No comments: