Thursday, July 18, 2013

“နာမကျန်းသည် အိုနှင်းဆီ”


July 18, 2013 at 10:45am
“ဘယ်သူတွေဘာပြောပြော ကိုယ်ထင်ရာကိုယ်လုပ်တဲ့ အိုဘယ့် မနှင်းဆီရယ်။ နင်ကပဲ လှသလား။ ငါကပဲ အသလား။ ခုတိုင်အောင် အဖြေမသိသေးတယ်။’ တဲ့။
             အဲသလိုသာ ဘိုထီးကို တလိုက်ချင်ပါတော့တယ်။ အရင်ရက်တွေတုန်းက ဖေ့စ်ဘုတ်ပေါ်သူများတွေ ရှဲထားလို့ လုံးစေ့ပတ်စေ့ ဖတ်ထားပြီးတဲ့ ကြော်ငြာကလေးကို မနှင်းဆီက လာကမ်းပေးတာကတော့ သူကပဲ ကံဆိုးချင်လို့လား ကိုယ်ကပဲ ကံဆိုးဖို့ဖန်လာသလားတော့ မသိပါဘူး။ ကဲပါလေ။ ဂလောက်တောင် ရေစက်ပါလာမှဖြင့်လည်း တွေ့တုန်းကြုံခိုက် ပုံရိုက်ပြီးတင်လိုက်ကြရအောင် အင်တာဗျူးခန်းလေး ဆက်ကြတာပေါ့။ တကယ်တော့ ရန်ကုန်ဆေးရုံကြီး လမ်းမတော်ဘက်ဝင်ပေါက်ကနေ ထီးမပါဘာမပါ လမ်းလျှောက်ပြီး ၀င်လာတဲ့ သည်ငနဲသားလေးကို ဆရာဝန်တစ်ယောက် ဖြစ်ကောင်းလိမ့်မယ် လုံးဝထင်မထားဘူး နဲ့ တူပါရဲ့။ အေးပေါ့လေ။ သည်ရုပ်သည်ရည်ကလည်း ဆရာဝန်လို့ ထင်စရာ မှမဟုတ်ပဲကိုး။ ဆရာဝန်ဆိုတာက ကားအသစ်ကလေးတွေနဲ့ မောင်းဝင်လာတဲ့ ၀တ်ကောင်းစားလှလေးတွေနဲ့ စတိုင်ကျကျ တရုတ်မျက်နှာနဲ့ ဆံပင်စုတ်ဖွားဖွား သားသားနားနားပုံလေးတွေ မဟုတ်လား။

            သူပေးလာတဲ့ ကြော်ငြာက King of Cancer ပါတဲ့။ ကိုယ်နားမလည်မှာစိုးလို့ ဘာသာပါ ပြန်ပေးထားတယ် ကင်ဆာဘုရင် တဲ့။ အောင်မယ်မင်း သိကြားမလို့ တွေ့ရပေတယ်။ ဆရာကြီးက ဆေးသိပ္ပံနိုဗယ်ဆုတင်ထားပြီးသားပါတဲ့။ မာမီမားသားမေမေလို ငြိမ်းချမ်းရေးနိုဗယ်ဆုတောင် မဟုတ်ဘူး။ တရုတ်ကားထဲကလို လက်သီးဆုပ်ပေါ် လက်ဝါးကလေးတင်ပြီး “ကုန်းရှိကွန်နျာ ကျွန်တော်ဆရာကြီးကို ဘယ်နေရာမှာ တွေ့နိုင်ပါသလဲ။” လို့ ထောက်လိုက်တော့ မနှင်းဆီက ယိုးဒယားမေးထိုးကလေးနဲ့ လမ်းဟိုဘက်က ကားပေါ်မှာ ဆရာကြီး နဲ့ ဆွေးနွေးနိုင်ပါသတဲ့။ “အော်ရယ် အော်ရယ်။ ကောင်းပါပြီ ကျုပ်နှမရယ်။ ဆရာကြီးကယ်တင်နိုင်တဲ့ ရောဂါအမျိုးအမည်ကလေးများကို မသိရဘူးလား။” လို့ နှပ်ကြောင်းကလေးအပေးမှာ အဓိကကတော့ ဟောသည်ဆေးရုံကြီးက ဆရာဝန်တွေ မကုနိုင် လက်လျှော့လိုက်ရတဲ့ ကင်ဆာဝေဒနာရှင်တွေရဲ့ အသက်ကို ကယ်တင်ပေးနေပါသတဲ့။ ကြည့်စမ်း ကြည့်စမ်း။ ဒါသက်သက် ငါ့ကိုဝုန်းနေတာပေါ့လေလို့တောင် မထင်ရက်ပါဘူး။ သူ့ခမျာ အင်နိုးဆင့်ရုပ်ခံကလေးနဲ့ စေတနာရှေ့ထား အကျိုးဆောင်နေတာဆိုတော့ ကိုယ်ကလည်း မျက်နှာသေလေးနဲ့ပဲ “ဟုတ်လား။ ဒါပေသိ လူနာက ဆေးရုံပေါ်တင်ထားတာလေဗျာ။ ကားပေါ်ခေါ်လာဖို့ မလွယ်တော့ ဘယ့်နှယ်လုပ်မတုန်း။” လို့ ပုစ္ဆေမိ မေးမြန်းရပါလေသတတ်။ အို ဒါလေးများ ဘာခက်တာ မှတ်လို့ လူနာမပါလည်း ဆရာကြီးက ကုတတ်ပါတယ်။ ဆေးရုံပေါ်မှာတင်ထားတဲ့ လူနာမှတ်တမ်းကလေးသာ မိတ္တူကူးပြီး ယူလာခဲ့။ ဆရာကြီးဖတ်ကြည့်လိုက်ရင် ဂွပ်ဆို ဓါတ်သွားရောဆိုပဲ။ ကိုယ့်ထက် အပုံကြီးကို တော်နေတာပဲကိုး။ သြော် သူတို့ဆရာကြီးက တစ်သျှူးဗေဒအဖြေများအလိုက်တောင် ကင်ဆာကို အမျိုးအစား ကွဲပြားစွာ ကုလေတယ်လား။ ကင်ဆာဌာနက တနယ်ဂျင်းဆြာမကြီးကိုတောင် ပြေးပင့်လိုက်ချင်လှသေးတော့။ ညည်းတို့ အဲသမှာဘာတွေ အချိန်ကုန်ခံနေကြတာတုန်း။

              “ကုတဲ့လူတွေ အများကြီးနေမှာပေါ့နော်။” ဆိုတော့ အများကြီးပဲ။ ပျောက်တဲ့သူတွေ တော်တော်များနေပတဲ့။ “သာဓုပါဗျာ။ သာဓုပါ။ ဆရာကြီးက ဘယ်အရပ်ကများ ကြွလာတော်မူပါလိမ့်။” လို့ မေးကြည့်တာ နေရပ်ကတော့ သန်လျင်ကျောက်တန်းမှာ ဆေးခန်းဖွင့်ထားသပေါ့လေ။ အခုတော့ လူနာအများရဲ့ ပန်ကြားတောင်းဆိုချက်အရ ဆေးရုံကြီးအ၀လာပြီး မော်တော်ယာဉ်တစ်စီးနဲ့ ဓါတ်ခန်းဝင် မှတ်တမ်းတင် မသန်းကြင်လုပ်ရပါသတဲ့။ သို့သော်ငြားလည်း စက်တဒေး ဆန်းဒေးတော့ သည်းညည်းခံငါ့ရှင်။ အထက်မြန်မာပြည် ရွှေမန်းမြို့ဆီက ဝေနေယျများကို ကယ်တင်ရန်အလို့ငှာ မန်းလေးဆေးရုံကြီးရှေ့မှာ ၀ီးကန်းကလင်းနစ်ကို ဂျင်ခြေလည်အောင် ဖွင့်ကုနေရပါသတဲ့။
အပွေးမြင် အပင်သိဆိုသလိုပေါ့ခင်ဗျာ။ ဂလောက်ဆိုရင်ဖြင့် ဆရာကြီးရဲ့ ပညာဂုဏ်တွေကို ရိပ်စားမိပါပြီ။ “စိတ်တော့ မရှိပါနဲ့ ခင်ဗျာ။ တစ်ခုတော့ ရှင်းလင်းအောင် မေးစမ်းပါရစီ။ ဆေးဖိုးဝါးခများက တော်တော်ပဲ ကုန်ကျပါသလား။” တော်တော်ကြာ ကုရင်းတန်းလန်း အိမ်ပေါင်ကားပေါင် မဖြစ်ရလေအောင် မေးထားရတာပေါ့။ ဆရာကြီးက အသပြာဆရာဝန်မှ မဟုတ်ပဲဗျာ။ ဆေးတစ်ဖုံ သုံးလေးသောင်းလောက်သာ ကုန်ပါသတဲ့။ အကုန်အကျနည်းဆို သဘာဝသစ်သီးသစ်ဥများ နဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ အော်ဂဲနစ်ပရောဒတ်စစ်စစ်မို့ အမေကြီးကန်ကတောင် အသိအမှတ်ပြုထားပြီးပတဲ့။ ဟွန့် ငါ့များတော့ သာကေတကလူတောင် အဖက်လုပ်ပြီး လာမပြဘူး။ ဆေးရုံကြီးလာတက်တဲ့သူတွေက ကိုယ့်ဆီရယ်လို့ လာတာ ဟုတ်ဘူးလေ။ ဆေးတွေအလကားရနေပြီဆိုလို့ ကြက်ပျံမကျ စည်ကားလာတာ။ ဆက်လက်ပြီးတော့ ကိုယ်လိုနလပိန်းတုံးကလေး နားလည်အောင် မနှင်းဆီက Herbal Medicine ဆိုတဲ့ တော့ပစ်ကို အင်တရိုဝင်ပါတယ်။

            “ကောင်းပါလေ့ဗျာ။ ဒါထက်စကားမစပ် ဘီပိုး စီပိုး ဟိုပိုးကလေးများရော မကုဘူးလား ခင်ဗျ။” လို့ စကားဆက်တော့ သိပ်ကိုကုတာပေါ့။ ပွဲတွေ့ မြစ်ချင်းပြီး ဆေးစွမ်းကောင်းတွေ ရှိတယ်။ အာမခံနဲ့ စာချုပ်ချုပ်ပြီးကို ကုတာ။ တစ်ခုတော့ ရှိသပေါ့။ အဲသလို ချည်ပြီးတုပ်ပြီး ကုချင်သူများကြတော့ ကိုယ်က အာမခံပေးရတာမို့ အာမခံကြေးယူတယ်။ သိန်းရာချီပြီး ကုန်ကျမယ်။ ဆေးကတော့ သုံးလေးသောင်းပေးရတဲ့ဆေးတွေနဲ့ အတူတူပါပဲ။ ဒါပေမယ့် သူတို့က ကြီးကျယ်တယ်လေ။ သိတယ် မဟုတ်လား။ စာချုပ်နဲ့ အာမခံရတဲ့အတွက် အာမခံကြေးကို ယူတာ။ တကယ်တော့ သုံးလေးသောင်း ဆေးလည်း ပျောက်တာချင်း အတူတူပဲတဲ့။ အင်း မနှင်းဆီကတော့ ကျုပ်ကို သုံးလေးသောင်းနဲ့ ကြေးဖြတ်ထားပြီ ထင်ပါရဲ့။ ဟုတ်တာပေါ့လေ။ ဒီရုပ်ကြီးက သိန်းတစ်ရာနှစ်ရာ ထွက်စရာလား။ တကိုယ်လုံး ချွတ်ရောင်းလို့တောင် ထောင်ဂဏန်းက မတက်နိုင်တဲ့အဆင်။ အောက်ခံဘောင်းဘီကလေး နဲ့ ရိုတစတိုင် ဓါတ်ပုံရိုက်စားရင်တောင် ဟိုသူငယ်လောက် စိတ်ဝင်တစား အဆဲခံရဖွယ်မရှိ။ တော်ပါသေးရဲ့ဗျာ။ ကိုယ့်ဥပဓိရုပ်ကြည့်ပြီး သူ့ကြော်ငြာထဲမှာပါတဲ့ ပန်းသေပန်းညှိုးသူများ လန်းရမည်။ ဂွတ်ရှယ် အားဆေးကြီးဆိုတာကြီး အတင်းထိုးမရောင်းပေလို့။

             ဘာပဲပြောပြော ကိုယ့်ကို တလေးတစား စိတ်ရှည်လက်ရှည် ရှင်းပြပေးနေတာမို့လို့ သူ့ပရော်ဖက်ရှင်ကို လေးစားသောအားဖြင့် ကလိသလိုရိသလို အငေါ်မတူးခဲ့ပါဘူး။ ဆရာဝန်တွေ သိချင်လို့ သွားမေးရင်တောင် သူ့လို စိတ်ရှည်လက်ရှည် ရှင်းပြမှာမှ မဟုတ်ပဲ။ (စာထဲမှာသာ ဖတ်ကောင်းအောင် ရွဲ့ရေးနေတာ။ အပြင်မှာသွားပြော ပါးကျိုးသွားမှာပေါ့။) ဆရာကြီးနဲ့ ဘာတော်ပါသလဲဆိုတော့ ဖခင်ပါတဲ့။ အင်းပေါ့။ ကိုယ်လည်းပဲ ကိုယ့်အဖေ တိုင်းရင်းဆေးဆရာလုပ်စားရင် ကိုယ့်ဆီကနေ စော်တကားမော်တကား အပြောခံချင်မှာ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်မသောက်ဖူးတဲ့ဆေးကို မကောင်းဘူး။ အန္တရာယ်ရှိတယ်။ သေတတ်တယ်။ လို့ ပြောစရာ သက်သေသက္ကာယလည်း ဘာမှ ရှိတာ မဟုတ်ဘူး။ ကိုယ်သင်ထားတဲ့ အနောက်တိုင်းဆေးပညာမဟုတ်လို့ အညာအ၀ါး အဖြီးအဖြန်း ဘာအစွမ်းမှ မရှိဘူးလို့လည်း မပြောနိုင်ဘူး။ ဒီကိစ္စကို တကယ်တမ်းသတ္ထုချကြည့်ရင် ကိုယ့်လူနာတွေက ကိုယ့်ထက်ပိုပြီး သူ့ကို ယုံကြည်လို့ သူ့ဆီမှာ ယုံယုံကြည်ကြည် အသက်ပင်သေသေ ငွေပင်ကုန်ကုန် သွားကုတာနေမှာပေါ့။ အခုကိစ္စမှာ ငါတို့ဆရာဝန်တွေဘက်က ဘာတွေများ လစ်ဟင်းချို့ယွင်းမိပါလိမ့် လို့ ကိုယ့်အမှား ကိုယ်ပြန်ရှာမိပါတယ်။

            မနှင်းဆီနဲ့ ကိုယ်နဲ့ လမ်းလယ်ခေါင် ခလုတ်တိုက်မိတဲ့အချိန်မှာ သူ့ဘက်က ကိုယ်သိချင်သမျှကို စိတ်ရှည်လက်ရှည် ရှင်းပြပေးတယ်။ လူပုံလူကဲခတ်လို့ သူ့အတွက်ဆိုရင် ဘယ်လောက်နှုန်းထားနဲ့ သင့်လောက်တယ် ခန့်မှန်းတွက်ချက်ထားတယ်။ လျှာရှည်လိုက်တာ။ မင်းကဆရာလား ငါကဆရာလားဆိုတဲ့ အထက်စီးကနေဆက်ဆံတာမျိုး မလုပ်ဘူး။ ရော့ သွေးသွားဖောက်ချည်ဦး။ အင့် ဆေးသွားဝယ်ချေဦး။ လာခဲ့ ဓါတ်မှန်ရိုက်ရအောင်။ ဘာမှန်းမသိညာမှန်းမသိ ၀ှီးချဲတစ်လုံးနဲ့ ဘယ်သူ့မျက်နှာကြည့်ရမှန်းမသိ ဟိုပြေးသည်ပြေး မပြေးရဘူး။ ကျုပ်တို့ဆရာဝန်တွေ သူ့လိုမျိုး ဆားဗစ်ပေးနိုင်ရဲ့လား ဆိုတာ အရင် စဉ်းစားကြည့်။ ရောဂါပျောက်ဖို့ဆိုတာက ကိုယ့်ဆီမှာ သေချာနေရင် သူ့ဆီ အဲဒီလူနာတွေ ရောက်မသွားဘူး။ ရောဂါမပျောက်တာချင်းအတူတူဆိုရင် သူ့ဆီသွားတာ ကိုယ့်ထက် စိတ်ချမ်းသာလို့များလား။

              ကိုယ်အလုပ်လုပ်နေတဲ့ရုံမှာ အတွင်းလူနာပျမ်းမျှ ၁၀၀ ၀န်းကျင်ရှိတယ်။ နေ့စဉ် အတက်အဆင်း နှစ်ဆယ် သုံးဆယ်၊ နေ့စဉ်ခွဲလူနာ ဆယ်ဂဏန်း၊ စမ်းသပ်စစ်ဆေးလူနာ လေး ငါးဆယ်ရှိတယ်။ မနက်ရှစ်နာရီခွဲမှာ စပြီးဝဒ်ထဲရောင်းရင် ဆယ့်တစ်နာရီလောက်မှ ပြီးတယ်။ Changes တွေက ဆယ့်နှစ်နာရီမလွန်ခင် အကုန်ပြီးအောင် လုပ်ရတာ။ ဒါကြောင့် လူနာတစ်ယောက်ချင်းကို ကုတင်ဘေးမှာထိုင်၊ လက်ကလေးကိုင်ပြီး “နေကောင်းလား။ ထမင်းစားပြီးပြီလား။ ဘာဟင်းနဲ့စားလဲ။” မလုပ်နိုင်ဘူး။ အရင်ဆုံး ခေါင်းထဲထည့်ရတာ ဒါဘာလူနာလဲ။ ဘာလုပ်ထားသလဲ။ ဘယ်နှစ်ရက်ရှိပလဲ။ ဘာလုပ်မလို့လဲ။ ဘာတွေမလုပ်ရသေးဘူးလဲ။ အခြေအနေ ဘယ်လိုရှိသလဲ။ အကုန်လုံးကို တမတ်တပ်တည်းနဲ့ မလစ်ဟင်းအောင် မေးမြန်းစမ်းသပ်။ ပြီးရင် သူဘာပြောချင်သလဲ။ သူ့မှာ ဘာပြောစရာရှိသလဲ နားထောင်ဖို့ ကြိုးစားရတယ်။ ဒီအခါမှာ သူတို့ဘက်က သိချင်လျက်နဲ့ မမေးလိုက်ရတဲ့အရာတွေ အများကြီး ကျန်ခဲ့တယ်။ ကိုယ်ကလည်း ရှည်ရှည်ဝေးဝေး မရှင်းပြနိုင်ဘူး။ ဒါဖြစ်တယ်။ ခွဲဖို့လိုအပ်တယ်။ မခွဲရင် ဘာဖြစ်မယ်။ ခွဲရင် ဘာဖြစ်မယ်။ လိုရင်းတိုရှင်းပဲ။ လေချည့်ပဲ ပေးနေလို့ မရဘူးလေ။ ပြီးရင် ခွဲခန်းပြေးရမှာ။ ကျောင်းသားတွေ စာသင်ရမှာ။ Round ပြီးမှ Changes က လုပ်ရဦးမှာ။ လူနာတွေဘက်ကကြည့်ရင် ရောဂါတော့ ပျောက်ချင်ပျောက်မယ်။ ကြေနပ်မှုကတော့ သိပ်ရမှာ မဟုတ်ဘူး။ မပျောက်ရင် ပိုဆိုးတာပေါ့။ ပိုက်ဆံတွေကလည်း သောက်သောက်လဲ ကုန်ပြန်သမို့လား။

             ဆရာဝန်တွေဘက်တော့ နေ့မအားညမအား အလကားလည်းကုပေးနေရသေး။ မကြေနပ်တော့လည်း ဘယ်တတ်နိုင်မတုန်း။ သဗ္ဗေသတ္တာ ကမ္မသကာပေါ့ လို့ သဘောထားကြမယ်ဆို မလွန်ပါဘူး။ ကိုယ့်ဘက်က စေတနာထားတာ အမှန်ပေမယ့် အဲသည်စေတနာတွေကို လူနာဘက်က မခံစားရဘူး နဲ့ တူပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်လောက်က ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက် ဆေးရုံလာတက်တယ်။ ဗိုက်ပေါ်မှာ အူအခွေလိုက်ဖောက်ပြီး နောက်ဖေးသွားနေရတာ ၁၉ ရက်သားကတည်းကလို့ဆိုတယ်။ တစ်နှစ်သားအရွယ်မှာ ဗိုက်ခွဲပြီး ပြန်ပိတ်ရမှာ ပိုက်ဆံမရှိလို့။ မိဘမဲ့မို့။ လုပ်ပေးမယ့်သူမရှိလို့၊ စသည်ဖြင့် ဇာတ်လမ်းပေါင်းစုံပြီးမှာ ကိုယ့်ဆီရောက်လာတာ။ လွယ်လွယ်ကူကူ မဟုတ်တော့ဘူး။ အချိန်တွေက လွန်နေပြီ။ ပြန်ပိတ်လိုက်လို့ အပေါက်က နဂိုအတိုင်း ပြန်မပွင့်ရင် ဇာတ်လမ်းကရှည်ဦးမယ်။ အခုတောင် ပိုက်ဆံရှိလို့လာတာ မဟုတ်ဘူး။ အလကားလုပ်ပေးနေတယ်ဆိုလို့လာတာ။ တစ်ခါနဲ့ပြီးရင်တော်ရဲ့ အခါခါပြန်ဖွင့်ရရင် နောက်ကွယ်က အားကိုးစရာ စပွန်ဆာရှာဦးမှတော်မယ်လေဆို နာရေးကူညီမှုက မရွှေဇီးကွက်တို့ဆီ လူကိုယ်တိုင်သွား။ သနားစဖွယ် အားငယ်တဲ့အမူအယာလေးနဲ့ မင်းသားကြီးကို ပြန်သရုပ်ဆောင်ပြရတယ်။ အမြဲတမ်းကူညီနေကျလူတွေမို့ လက်မနှေးပါဘူး။ ဒါပေမယ့် လူနာကိုတော့ ဘယ်ပြောရဲမတုန်း။ တော်တော်ကြာ သူ့ပြပြီး အလှူခံစားနေတယ် ထင်မစိုးလို့။ ဇာတ်လမ်းက မပြတ်သေးဘူး။ နည်းပညာပိုင်းအရ နိုင်ငံခြားမှာရောက်နေတဲ့ ကလေးခွဲစိတ်ဆရာဝန်ဆီ ဆက်သွယ်မေးမြန်း အကြံဥာဏ်များတောင်းရပြန်တယ်။ ရန်ကုန်မှာရှိတဲ့ ကလေးခွဲစိတ်အထူးကု ဆရာဝန်ကြီးကို ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းသိရတော့လည်း လူနာကို ဖွင့်ပြောလို့မှ မဖြစ်တာ။ သူ့ကို အစမ်းသပ်ခံဂီနီပစ်ကလေးလို သဘောထားတယ် ထင်နေမှာပေါ့။ လုပ်ထုံးလုပ်နည်းရှိတဲ့အတိုင်း သေချာတဲ့ အသားစအဖြေနဲ့ ရောဂါရှာဖို့ အရင်စနေတုန်းမှာ ကလေးအမေဆိုသူပေါ်လာပြီး ငိုကြီးချက်မနဲ့ တကောက်ကောက်လိုက်လာတယ်။ အိမ်မှာကလေးအငယ်နဲ့ လူနာစောင့်မယ့်သူမရှိ၊ ထမင်းစားစရာမရှိ။ ခွဲမှာဖြင့် မခွဲပဲ ဆေးရုံပေါ်တင်မထားပါနဲ့ ပြန်ဆင်းခွင့်ပေးပါတော့တဲ့။ အလကားလုပ်ပေးမှာပါ။ ဆံထုံးလည်းစိုက် ဆီလည်းစိုက်ပါ့မယ်ဆိုတာတောင် သူ့ဘက်က ရောဂါမစိုက်နိုင်လို့ ပြန်ဆင်းသွားတဲ့အဖြစ်။

              ကိုယ်တို့ဆရာဝန်တော်တော်များများရဲ့ဘ၀ဟာ အဲသလိုပဲ ရှိလိမ့်မယ် ထင်တယ်နော်။ ကိုယ့်ဘက်က ဘယ်လောက်ပဲ စေတနာတွေထားပြီး လုပ်ပေးသည်ဖြစ်ပစေ လူနာတွေက သူတို့နားမှာ ပီယ၀ါစာ ချစ်ဖွယ်သောစကားလေးများ မကြားရရင်၊ လေယာဉ်မယ်ကလေးများလို လောကွတ်ပြုံးကလေး မမြင်လိုက်ရရင် အဲဒီစေတနာတွေကို ခံစားနားလည်နိုင်ဖို့ ခဲယဉ်းသလားလို့။ အခြေခံအားဖြင့်တော့ ကိုယ့်တိုင်းသူပြည်သားများရဲ့ ဥာဏ်အတိမ်အနက်ပေါ်တည်တာပါပဲ။ သကာလေးများလူးထားရင် မချိုတဲ့မုသားဆိုတာလည်း မရှိဘူး။ ကျောချလို့တောင် ဓါးပြမှန်း သိချင်မှသိတာ။ သမားတုသမားယောင်တွေဆိုတာ အမြင်လည်းထည်တယ်။ အ၀င်လည်းဆွယ်တယ်။ အခုဆို ဆေးရုံကြီးဂိတ်ဝ ကြော်ငြာလာကမ်းတာ ဘာဟုတ်သေးတုန်း။ အင်္ဂလိပ်နံမယ်နဲ့ ဆရာဝန်တွေကိုယ်တိုင် ဦးစီးထုတ်လုပ်နေတဲ့ ဂျာနယ်သတင်းစာ မဂ္ဂဇင်းပေါင်းစုံမှာပါ စာမျက်နှာပြည့် ကြော်ငြာနိုင်တယ်။ လိပ်ခေါင်းကို မခွဲမစိတ်ပဲ စက်နဲ့ကုသပေးတယ် ဆိုတဲ့ဆီမှာ လေးငါးခြောက်သိန်းအကုန်ခံပြီး ကိုယ်တိုင်သွားအကုခံတဲ့ သူငယ်ချင်းဆရာဝန်မတစ်ယောက် ရှိဖူးတယ်။ ပျောက်သွားရင်တော့ ဘာအရေးလဲ။ သွေးတွေ သောက်သောက်လဲသွင်းလိုက်ရတာ ကံကောင်းလို့ မသေတယ်။ တကယ်ဆို ကိုယ်ကုနေတဲ့လူနာပဲ ကိုယ်တာဝန်ယူရမှာပေါ့။ ရုံထဲမှာ အဲဒီကလာတဲ့လူနာတွေ တွေ့ဖူးပေါင်းများပြီ။ ဒါမျိုး အလိမ်ခံလာရတော့ ဘယ်သူကမှလည်း မတိုင်ဘူး။ ရှက်လို့တဲ့။ ဆရာဝန်တွေများ အမှားလုပ်မိလို့ကတော့ မိုးမီးလောင်တာ ကြာပေါ့။ အခု ဒီစာမရေးခင် အရေးပေါ်မှာ လူနာတစ်ယောက် ၀င်ကြည့်ခဲ့သေးတယ်။ ဗိုက်ပေါ်မှာ ပန်းဂေါ်ဖီထုပ်ကြီးလောက် ကင်ဆာအနာကြီး ပွင့်ထွက်နေတယ်။ “ဘာလို့ခုမှလာသလဲ။ ဖြစ်နေတာ ဘယ်လောက်ကြာပလဲ” ဆိုတော့ “လေးနှစ်ရှိပြီ”တဲ့။ “ဗမာဆရာနဲ့ကုနေတာ။” တဲ့။ “ဟယ် ကျားသားမိုးကြိုး။ လေးနှစ်ကြီးများတောင် ကုနေပြီး သည်ကနေ့မှ ဘာတွေ သင်ခန်းစာရသွားလို့ပါလိမ့်။” ဆိုတော့ “သြော် ဒါလား။ အိမ်မှာနေရင် သွေးပေါင်ကျသွားလို့ သွေးလေးဘာလေးသွင်းရအောင် လာတာလေ။” “ဒါဖြင့် သွေးသွင်းပြီး အားပြည့်သွားရင် ပြန်ဆင်းမှာပေါ့နော်။” ဆိုတော့ လူနာက ပြုံးပြုံးကလေးဖြေတယ်။ “အင်း” တဲ့။

1 comment:

Anonymous said...

အများနဲ့ ဆက်ဆံရတဲ့လူတိုင်း ဒီလိုပဲခံစားကြရတာ