ထန်းတပင်ရွာမှအပြန်
လက်က တဆစ်ဆစ်ကိုက်နေတယ်။
အဖျားရှိန်ကြောင့် မျက်လုံးတွေပူပြီး၊
ခေါင်းတွေ မူးနောက်နေတယ်။
ချော်လဲထားတဲ့ အရှိန်နဲ့
ကိုယ်ခန္ဓာဗယ်ဘက်တခြမ်း အောင့်နေတယ်။
ဒါပေမယ့် စာရေးလိုစိတ်ဆန္ဒကို
ကျွန်မ ထိန်းလို့ မရဘူး။
အဖြစ်က ဒီလိုပါ။
ဒီနေ့ ဒဂုံဘက်က သီလရှင်သင်ပညာရေးကျောင်းတခုကို
သြစတြေးလျနိုင်ငံ၊ တက္ကသိုလ်တခုမှ ဆရာမတဦး ခေါ်သွားပြီး၊ လိုအပ်တာတွေ တတ်နိုင်သမျှ ကူညီပံ့ပိုးပေးဖို့
needs assessment သွားလုပ်ဖြစ်ကြတယ်။ အဲဒီမှာ ကလေးတွေရဲ့ ပညာသင်ယူရတဲ့ ဘ၀အခြေအနေလေးတွေကို
လေ့လာမိရာက ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေရဲ့ ပညာရေးကိုပါ ထည့်သွင်းဆွေးနွေး မိသွားကြတယ်။
ဒါနဲ့ပဲ ပါလာတဲ့ ဆရာမတယောက်က
လှည်းကူးဘက်မှာ အကောင်အထည်ဖော်နေတဲ့ ကျောင်းပြင်ပ ကလေးတွေကို ပညာသင်ကြားပေးရေး စီမံချက်တခုကို
လိုက်ပြပေးမယ်လို့ အကြံပြုလာတယ်။ ပညာရေးနဲ့ ပတ်သက်ရင် လေ့လာလိုစိတ်ရှိသူတို့ရဲ့ ထုံးစံအတိုင်း
ဘယ်သူငြင်းကြပါ့မလဲ။
ဒီလိုနဲ့ ချက်ချင်းကားစီစဉ်ရတော့
ကားက နောက်ဘက်အမိုးဖွင့်။ ဒဂုံဘက်ကနေ မြောက်ဥက္ကလာ ဘက်ရောက်ချိန်အထိ ရာသီဥတုက အကောင်းသား။
မြောက်ဥက္ကလာကျော်လာတော့ ရန်ကုန်မိုးက ဇာတိပြပါလေရော။
ပါလာတဲ့ ထီးတွေ ထုတ်ဆောင်းတော့လဲ
လေနဲ့တွေ့။ ကားပေါ်မှာခင်းထားတဲ့ အခင်းပေါ်မှာ မိုးရေတွေက ကျပြီး၊ ကားထဲမှာတင် ရေကြီးနေတော့
လူတွေလဲ ရွှဲရွှဲစို။
ဒီလိုနဲ့ လှည်းကူးရောက်ပြီး၊
ထန်းတပင်ရွာရောက်တော့ ကားကို လမ်းမပေါ်ရပ်ပြီး၊ ရွာထဲလျှောက်ဝင်ရတယ်။ အဲဒီမှာတင် ဇာတ်လမ်းက
စတော့တာပါပဲ။ ရွံ့စေးတွေနဲ့ချော်ပြီး ဗိုင်းခနဲပစ်လဲသွားလိုက်တာ ကိုယ့်ဘာသာကိုယ် ဘာဖြစ်မှန်းတောင်
မသိလိုက်ဘူး။ ဘေးက လူတွေ လာထူမှပဲ သတိပြန်ဝင်လာတော့တယ်။ တကိုယ်လုံးလဲ ရွံ့တွေပေလို့။
ကျောင်းရောက်ရောက်ချင်း ရေစည်ပိုင်းပြတ်ထဲကနေ
ရေလောင်းပြီး ရွံ့တွေကို ဆေးလိုက်ရတယ်။ အ၀တ်ပိုကလဲ ကျောင်းမှာမရှိလေတော့ ကိုယ်ပေါ်မှာတင်
အ၀တ်လျှော်လိုက်ရပြီး၊ ရေစိုအ၀တ်နဲ့ပဲ ကလေးတွေနဲ့တွေ့ရတော့တယ်။
ကလေးအများစုက လက်ဖရည်ဆိုင်မှာ
အလုပ်လုပ်ကြရတာပါ။ တလနှစ်သောင်းခွဲဆိုတဲ့ လုပ်ခလစာနဲ့ နံနက်လေးနာရီအိပ်ယာထ၊ ဆယ့်နှစ်နှစ်ရီအထိ
အလုပ်လုပ်၊ နေ့လည် ဆယ့်နှစ်နာရီကနေ နှစ်နာရီ ဆိုင်လူပါးချိန်မှာ ခဏနား၊ နေ့လည်နှစ်နာရီကနေ
ညဘက်ဆိုင်သိမ်းချိန် ဆယ်နာရီအထိ အလုပ်တွေ တောက်လျှောက် လုပ်ကြရရှာပါတယ်။ ဒီကြားထဲက
သူတို့အားတဲ့နေ့လေးတွေမှာ စာလာသင်နေကြရှာတာ။ တချို့ကျတော့ ပန်းရောင်းကြရရှာတယ်။ အသက်ဆယ့်နှစ်နှစ်အရွယ်
ကလေးလေးဆို ခုမှ နှစ်တန်းစာ သင်ခွင့်ရတာ။
ပြည်ပမှာ အလုပ်တဘက်၊ ကျောင်းတဘက်
ဘ၀တွေတုန်းက ကိုယ့်ကိုကိုယ် ပင်ပန်းပြီ ထင်လှတာ။ ခုလို ကလေးလေးတွေနဲ့ တွေ့တော့မှပဲ
တခါတရံ ပင်ပန်းတယ်လို့ ငြီးငြူခဲ့မိတာကို ရှက်စိတ်ဝင်မိသွားသလို ခံစားလိုက်ရတယ်။
ကလေးလေးတယောက်ဆို အိတ်ခ်ျအိုင်ဗီရောဂါသည်
မိခင်ကို ရှာကျွေးနေရရှာတာ။ အသက်မေးလိုက်တော့ ဆယ်နှစ်။ မတန်တဆ ဆေးဘိုးတွေ၊ ကုန်ဈေးနှုန်းတွေကြားထဲမှာ
မိခင်ကို ဆေးကုရင်း၊ မိသားစုရဲ့ စားဝတ်နေရေး တာဝန်ကို ထမ်းဆောင်ရင်းက စာရေးတတ်၊ ဖတ်တတ်ဖို့
ကြိုးပမ်းနေရှာတဲ့ ဒီကလေးလေးရဲ့ အတွေးတွေထဲမှာ ကလေးသဘာဝ ကစားချင်စိတ်လေးတောင် ရှိပါတော့မလားမသိဘူး။
ဒီလိုနဲ့ပဲ ကျောင်းပြင်ပရောက်
ကလေးငယ်လေးတွေကို အိမ်အောက်ထပ်လေးမှာ နေရာပေးပြီး၊ တီဗွီရောဂါ ခံစားနေရရာက အားတင်းရင်း
စာသင်ပေးနေတဲ့ ဆရာမလေးနဲ့ မိသားစုရဲ့ တာဝန်တွေကို တဘက်က ထမ်းဆောင်ရင်း၊ တတန်း၊ နှစ်တန်းစာလေးတွေကို
ခုမှ သင်နေရရှာတဲ့ ဆယ်နှစ်၊ ဆယ့်နှစ်နှစ်အရွယ် ကလေးငယ်လေးတွေကို တတ်နိုင်သမျှ အားပေးစကားတွေပြောပြီး၊
ပြန်လာဖြစ်ခဲ့ကြပါတယ်။
အမိုးနောက်ဖွင့်ကားပေါ်မှာ
ညနေစောင်းလေတ၀ူးဝူးနဲ့ ပြန်စီးလာလိုက်တာ၊ ညစာစားတဲ့ ဆိုင်လဲရောက်ရော၊ အဖျားအစွမ်းက
စတင်ပြပါလေရော။
နောက်တနေ့မှာ ပညာရေးဆိုင်ရာ
အလုပ်ရုံဆွေးနွေးပွဲနဲ့ ဆက်မီနာများ ပြုလုပ်ဖို့ ခရီးရှည်ထွက်ရမယ်ဆိုပြီး၊ ဘယ်လိုပဲ
ကြိုးစားအိပ်ပေမယ့်၊ အိပ်လို့က မပျော်နိုင်။
တဲတန်းရှည်လေးထဲမှာ အကန့်လေးတွေခွဲပြီး
ပညာရှာရင်း၊ အိမ်သာတလုံးထဲကို သူငယ်တန်းကနေ ဆယ်တန်းအထိ လူလေးရာကျော် အသုံးပြုနေကြရရှာတဲ့
ဆင်ခြေဖုံးရပ်ကွက် သီလရှင်ပညာသင် ကျောင်းက ကလေးငယ်လေးတွေ၊ မိသားစုဝန်ကို တဘက်က ထမ်းရင်း
စာရေး၊ စာဖတ်သင်နေကြရရှာတဲ့ ကျောင်းပြင်ပရောက် ကလေးငယ်လေးတွေက ကျွန်မရဲ့ အတွေးအာရုံတွေကို
ဆွဲယူဖမ်းစားနေခဲ့တယ်။
သူတို့လေးတွေကို ဆင်းရဲသားကလေးငယ်လေးတွေ၊
လက်ဖက်ရည်ဆိုင် စားပွဲထိုးလေးတွေ၊ လမ်းဘေးဈေးသည်လေးတွေလို့ အချို့က မြင်ကြပါလိမ့်မယ်။
ဒါပေမယ့် သူတို့လေးတွေက မြန်မာနိုင်ငံရဲ့ အနာဂတ်မျိုးဆက်သစ်လေးတွေပါ။
အလွန်တရာ ညစ်ပတ်တဲ့ စစ်ပွဲတွေလို့
သတ်မှတ်လေ့ရှိကြတဲ့၊ ကိုယ့်အမျိုးသားအချင်းချင်း တိုက်ပွဲဆင်နွှဲကြရသော ပြည်တွင်းစစ်ကို
ဆယ်စုနှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ ဒီတိုင်းပြည်ကြီးမှာ တိုင်းပြည်ကို စနစ်တကျ ထူထောင်ရမယ့်
အခွင့်အလမ်းတွေ နည်းပါးခဲ့ရပါတယ်။
စစ်ပွဲတွေ၊ နိုင်ငံရေးပဋိပက္ခတွေကြားမှာ
အနာဂတ်မျိုးဆက်သစ်များစွာ အသက်တွေ ပျောက်ခဲ့ကြရတယ်။ ဘ၀တွေ ကြွေလွင့်ပျက်စီးခဲ့ရတယ်။
စစ်ပွဲကနေ တိမ်းရှောင်ရတဲ့ ကလေးငယ်လေးတွေ အိမ်နီးချင်းနိုင်ငံမှာ အမှိုက်ကောက်နေကြရတယ်။
အမျိုးသမီးငယ်လေးတွေ ပြည့်တန်ဆာဖြစ်ခဲ့ကြရတယ်။
နိုင်ငံရပ်ခြားမှာ မိဘတွေက
အခြေချပြန်တော့လဲ၊ ကလေးငယ်လေးတွေက မြန်မာပြည်ကို ခပ်စိမ်းစိမ်း ဖြစ်သွားခဲ့ကြတယ်။ ဧည့်သည်အဖြစ်
အလည်ပြန်ဖို့က လွဲလို့ စိတ်မ၀င်စားကြတော့ဘူး။ အနာဂတ်ပျောက်နေတဲ့ လူငယ်လေးတွေက ပြည်ပကို
ထွက်ဖို့ပဲ တာစူကြတယ်။ ပြည်ပ ရောက်တော့လဲ ဟိုမှာပဲ အခြေချရင်း၊ မြန်မာပြည်ပြန်လာဖို့အတွက်
ပြည်ပလူနေမှုဘ၀အခြေအနေနဲ့ နှိုင်းယှဉ်ဆန်းစစ်လာကြရာက၊ အပြီးပြန်လာ အခြေချဖို့ ခဲယဉ်းသွားကြရပြန်တယ်။
ပြည်တွင်းမှာကျတော့လဲ သိန်းနဲ့ချီတဲ့
ကလေးလေးတွေက စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဈေးဆိုင်တွေမှာ ပြည့်နေတာပဲ။ ဒီကလေးလေးတွေရဲ့
အနာဂတ်တွေ ပျောက်နေတယ်။ ရပိုင်ခွင့်တွေ ဆုံးရှုံးနေတယ်။ ကလေးလုပ်သားနဲ့ ပတ်သက်ပြီး၊
စစ်တမ်းကောက်ယူထားမှု၊ ကလေးလုပ်သား မှတ်ပုံတင်မှု၊ ကလေးလုပ်သား အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု
စတဲ့ ကဏ္ဍတွေမှာ လိုအပ်ချက်တွေ အများအပြား ရှိနေဆဲပါ။
တကယ်တမ်းကျတော့ ဒါတွေဟာ တိုင်းပြည်တခုရဲ့
အနာဂတ်မျိုးဆက်ဆိုင်ရာ ပြဿနာတွေပါ။ စေ့စေ့တွေးရင်၊ ရေးရေးပေါ်ဆိုသလို စဉ်းစားကြည့်ရင်
အင်မတန်ကြောက်မက်ဖွယ်ရာကောင်းတဲ့  အရေးပါ။
ထန်းတပင်ရွာက အပြန်မှာ ကျွန်မရဲ့
လက်လဲ နာနေတယ်။ ကိုယ်ခန္ဓာလဲ နာနေတယ်။ ခေါင်းလဲကိုက်နေတယ်။ ဒီထက် ပိုဆိုးတာက ရင်လဲနာနေတယ်။
နောင်အနှစ်လေးဆယ်မှာ မြန်မာဆိုတဲ့
ကျွန်မတို့ တိုင်းပြည်ကြီးကို ဘယ်သူတွေရဲ့ လက်ထဲမှာ ကျွန်မတို့ ထားခဲ့ကြမလဲ။
ခင်မမမျိုး (၁၇၊ ၇၊ ၂၀၁၃)
No comments:
Post a Comment