Wednesday, July 17, 2013

တလိမ်နှစ်လိမ်ပွေလိမ်ရှုတ်ကြတာ (ရှိနေကြလျှင်) ရပ်ကြစေချင်ပါပြီ…


July 17, 2013 at 7:28pm
ယနေ့မြန်မာနိုင်ငံရေးပြောင်းလဲမှုများဟာ လက်ရှိအစိုးရ၏ဦးဆောင်မှုနှင့်အတူ ရိုးသားမှုတွေသက်သက်ချည်းအရင်းခံပြီး ပြောင်းလဲနေတယ်လို့ အများထင်သလိုတော့ ယူဆလို့မရနိုင်ပါဘူး။  တလိမ်နှစ်လိမ်ပွေလိမ်ရှုတ်တဲ့အခြေအနေတွေကြောင့် နိုင်ငံရေးအဖွဲ့အသီးသီးမှခေါင်းဆောင်များ လူမျိုးစု အဖွဲ့အသီးသီးမှ ခေါင်းဆောင်များ ပညာတတ်များအပါအ၀င် တိုင်းသူပြည် သား လူအတော်များများဟာ မျက်စိလည်နေကြနေသေးတယ်လို့ယူဆမိပါတယ်။ အောက်ဖေါ်ပြပါအချက်များကို စဉ်းစားကြည့် ရင် မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေသည့် အပြောင်းအလဲတွေဟာ နိုင်ငံရေးအရ ကိုယ်ကျင့်တရားအရ မှုမှန်မှုမရှိဘူးဆို သလိုဖြစ်နေတယ်ဆိုတာကို တွေ့ ကြရပါလိမ့် မယ်။

၁။  
  • (က) ယနေ့ မြန်မာနိုင်ငံအစိုးရကလုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါသင့်သည့်သူများမပါရှိသေးခြင်း။ ဥပမာ-ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ နိုင်ငံရေးအရအစဉ်အလာရှိသောပုဂိုလ်များ နှင့် အခြားသော တိုင်းရင်းသားခေါင်းဆောင်များ၊ မပါရှိသေးပါ။   အရေးကြီးသူများကို ချန်ထားသလိုဖြစ်နေပါတယ်။ ဒါဟာအစိုးရမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်အားနည်းမှု (ထိုသို့မဟုတ်ခဲ့သော်) နိုင်ငံရေးအရမရိုးသားခြင်း ဖြစ်ပါသည်။
  • (ခ) အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မြန်မာငြိမ်းချမ်းရေးစင်တာ Myanmar Peace Center (MPC) ဆိုသည့် အဖွဲ့အစည်းကိုသုံးကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နောက်မှ ကြိုးကိုင်နေပါသေးတယ်။ ဒါဟာမရိုးသားတာဖြစ်ပါတယ်။ MPC မှာ ပညာတတ်များ.. တချိန်တုန်းက စစ်အစိုးရကိုဆန့်ကျင်ခဲ့သူများ ကြိုးကြိုးစားစားအားတက်တရော ပါဝင်လုပ်ဆောင်နေကြသော်လည်း ထိုသူများထဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုတည်ဆောက်ရေးလုပ်ငန်းများကို နိုင်ငံရေးအရ အတွေ့အကြုံအရ အတတ်ပညာ နည်းပညာအရ ယုံကြည်မှုအရ အာမခံပေးနိုင်မည့် အထင်ကရပုဂိုလ်များမပါရှိပါ။  အပစ်အခတ် ရပ်ဆဲရေးလုပ်ငန်းစဉ်တွေမှာ ဘာတွေဆွေးနွေးကြသလည်း ဆိုသည်ကိုလည်း ပြည်သူကိုချပြခြင်းမရှိပါ။   ဒါဟာအစိုးရမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်အားနည်းမှု (ထိုသို့မဟုတ်ခဲ့သော်) နိုင်ငံရေးအရမရိုးသားခြင်း ဖြစ်ပါသည်။
  • (ဂ) ထို့အပြင် တိုင်းရင်းသားအဖွဲ့များဟာ ပြည်တွင်းစစ်မှာ ကာလကြာရှည်စွာနစ်မြုတ်နေခဲ့တာကြောင့် ထိုအဖွဲများထဲတွင် တွေးခေါ်စဉ်းစားနိုင်သည့် ပညာတတ်များ ပညာရှင်များချို့တဲ့နေပြီး အပစ်အခတ်ရပ်ဆဲရေးလုပ်ခဲ့သည့် ထိုတိုင်းရင်းသားများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍. တွေးခေါ်စဉ်းစားဆုံးဖြတ်နိုင်မှုနှင့် နည်းပညာဆိုင်ရာ အတတ်ပညာဆိုင်ရာစွမ်းပကားများ ကိုမေးခွန်းထုတ်စရာဖြစ်ပါတယ်။  ထိုတိုင်းရင်းသားများကို အတတ်ပညာနည်းပညာ စဉ်းစားနိုင်မှုအရ အစိုးရမှ ၀န်းရံမှုမပေးနိုင်ခဲ့တာကိုလည်း မေးခွန်းထုတ်စရာဖြစ်ပါတယ်။ ဒါဟာအစိုးရမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်အားနည်းမှု (ထိုသို့မဟုတ်ခဲ့သော်) နိုင်ငံရေးအရမရိုးသားခြင်း ဖြစ်ပါသည်။
  • (ဃ) အစိုးရတည်ထောင်ပေး ကျားကန်ပေးထားသည့် MPC သည် ငြိမ်းချမ်းရေးလုပ်ငန်းများ အတွက် ထောက်ပံ့ ငွေကြေးများကို နိုင်ငံတကာမှ ရရှိထားသော်လည်းပဲ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ တို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းများကို လုပ်ဆောင်နေသော လူများအဖွဲ့အစည်းများကို ငွေကြေးအရ နည်းပညာအရထောက်ပံ့ခြင်း (သို့) ဆွေးနွေးတိုင်ပင်လုပ်ကိုင်ခြင်း မရှိကြပါ။ MPC မှအပ တိုင်းပြည်တွင် ငြိမ်းချမ်းရေး လုပ်ချင်သူများက ကိုယ့်စားရိတ်ကိုယ်စိုက်ပြီး ကိုယ့်လမ်းကိုယ်ဖေါက်ပြီး လုပ်နေကြရတာကိုတွေ့ရပါတယ်။ ဒါဟာအစိုးရမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်အားနည်းမှု (ထိုသို့မဟုတ်ခဲ့သော်) နိုင်ငံရေးအရမရိုးသားခြင်း ဖြစ်ပါသည်။
၂။  မြန်မာပြည်တ၀န်း နေရာအတော်များများမှာ အုတ်တံတိုင်းခတ်ထား (သို့) ကြံ့ခိုင်စွာ ခြံခတ်ထားသော မြေကွက်များမှာ တပ်ပိုင်မြေများဖြစ်ပါတယ်။ စိုက်ပျိုးနိုင်သောမြေများ အကွင်းအကွက်ကောင်းသောစီမံကိန်းမြေများအား အစိုးရတပ်မှသိမ်းပိုက်ထားပါတယ်။ ထို့ကြောင့်တပ်ဟာ မြန်မာနိုင်ငံမှာ အချမ်းသာဆုံးသော အဖွဲ့အစည်း လို့ဆိုရမှာဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိအစိုးရမှ တပ်မတော်ပိုင်မြေများနှင့်ပတ်သက်ပြီး အနာဂတ်တွင် ထိုမြေများကို မည်သို့မည်ပုံခန့်ခွဲကြမည် ဆိုတာကို ရှင်းပြခြင်းမရှိခြင်းသည် အစိုးရမှတိုင်းပြည်တည်ဆောက်ရေး ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင်အားနည်းမှု (ထိုသို့မဟုတ်ခဲ့သော်) နိုင်ငံရေးအရ ငွေကြေးအရ မရိုးသားခြင်း ဖြစ်ပါသည်။

၃) မြန်မာနိုင်ငံတွင်လက်ရှိလုပ်ကိုင်နေသော စီးပွားရေးစီမံကိန်းများကို ပြည်သူကို အတိအကျချပြခြင်း တင်ပြခြင်း ရှင်းလင်းခြင်းမရှိသေးပါ။ ဒါဟာ ဖုန်းကွယ်ခြင်းလိုဖြစ်နေပြီး အစိုးရမှ တိုင်းပြည်အပေါ်တွင် ဘဏ္ဍာရေးအရ ပွင့်လင်းမြင်သာမှုမရှိခြင်း
(transparency and accountability မရှိခြင်း) (ထိုသို့မဟုတ်ခဲ့သော်) မရိုးသားခြင်း ဖြစ်ပါသည်။ 

အကြံပြုခြင်း

ကျနော်တို့ပြည်သူပြည်သားတွေဟာ သည်းခံခွင့်လွတ်တတ်ကြပြီး အမုန်းတရားကိုလက်ကိုင် ထားကြသူများမဟုတ်ပါ။ ထို့အတူတိုင်းပြည်အကောင်းဖက်ကိုပြောင်းလဲလာသည်ကိုလည်းတွေ့မြင်ချင်ကြသူများဖြစ်ကြပါသည်။ ထို့ကြောင့်လည်း သမတကြီးဦးသိန်းစိန်နှင့် အစိုးရတာဝန်ရှိသူများ အလုပ်တွေ လုပ်ကြတာ ကိုတွေ့ရသည့်အခါ ပြည်သူများမှအားပေးကြချီးမြှောက်ကြပါတယ်။ သို့သော်လည်း တိုင်းပြည်ကို လျှင်မြန်စွာပြုပြင်ပြောင်းလဲချင်သည်ဆိုပါက ရိုးသားမှုကို အခြေခံပြီး ပြည်သူ့အကျိုးစီးပွားကို ဆထက်တပိုးရွက်ဆောင်အကောင်အထည်ဖေါ်ရန်လိုပါကြောင်း ကျနော်နေဦးမှ ပြည်သူများကိုယ်စား ရိုးသားစွာ ထောက်ပြ အကြံပြုပါသည်။  အထက်ပါတင်ပြခဲ့သော အချက်များကို ပြန်လည် စီစစ်ပြီး ပြည်သူအကျိုးစီးပွားကိုရှေ့ရှုကာ လိုအပ်သည်များကို အလျှင်အမြန် ပြန်လည်ပြင်ဆင်လုပ်ကိုင်ဆောင်ရွက် ခြင်းအားဖြင့် ပြည့်သူ့အကျိုးကိုဆောင်သော ရိုးသားသော အစိုးရအဖြစ်အသွင်ပြောင်းလဲပါရန် ရိုးသားစွာ ထောက်ပြ အကြံပြုပါတယ်။

မေတ္တာများစွာဖြင့်...

နေဦး

No comments: