Thursday, July 18, 2013

စစ်တွေခရိုင် အင်ဂျင်နီယာအဖွဲ့ ဘင်္ဂါလီများ၏ တိုက်ခိုက်ခံရဟုဆို

စစ်တွေခရိုင် အင်ဂျင်နီယာအဖွဲ့ ဘင်္ဂါလီများ၏ တိုက်ခိုက်ခံရဟုဆို

ရန်ကုန်၊ ဇူလိုင် ၁၇

ရခိုင်ပြည်နယ် စစ်တွေမြို့ ဘောဒူဖ ဘင်္ဂါလီဒုက္ခသည် စခန်းတွင် ဆောက်လုပ်ထားသည့် ကယ်ဆယ်ရေး အဆောက်အအုံများ၏ အရည်အသွေး သွားရောက်စစ်ဆေးသည့် စစ်တွေခရိုင် အင်ဂျင်နီယာမှူးနှင့်အဖွဲ့ ဇူလိုင် ၁၇ ရက် နံနက် ၁၀ နာရီကျော်က ယင်းစခန်း၌ နေထိုင်သည့် ဘင်္ဂါလီ ၇၀ ခန့်၏ တိုက်ခိုက်မှု ခံခဲ့ရသဖြင့် စစ်ဆေးရေးအဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်သည်။

တိုက်ခိုက်မှုတွင် ဒဏ်ရာရရှိခဲ့သူတစ်ဦးဖြစ်သည့် ဦးခိုင်မင်းထွန်းသည် ၂၀၁၂ ခုနှစ် ဇွန်လက စစ်တွေပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်သူဖြစ်သည်ဟု ဘင်္ဂါလီများက အော်ဟစ်စွပ်စွဲပြီးလူ ၇၀ ဦးခန့်က ဝိုင်း၍ခဲဖြင့် ပစ်ပေါက်သည်ဟု ကနဦး စစ်ဆေးသိရှိရကြောင်း ယင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဖွဲ့စည်းထားသည့် ကယ်ဆယ်ရေး အဆောက်အအုံများ အရည်အသွေး စစ်ဆေးရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးကိုကိုအောင် ဦးစီးပြီး အဖွဲ့ဝင် ၁၄ ဦးခန့်သည် မော်တော်ယာဉ် နှစ်စီးဖြင့် နှစ်ဖွဲ့ခွဲကာ သွားရောက်စစ်ဆေးခဲ့ရာမှ ယင်းသို့ တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ယင်းဖော်ပြချက်တွင် ပါရှိသည်။

ဘင်္ဂါလီများက ခဲများဖြင့် ပစ်ပေါက်တိုက်ခိုက်မှုကြောင့် မြို့နယ်စာရင်းစစ်ရုံးမှအကူ ဦးခိုင်မင်းထွန်း နှာခေါင်း၌ ပေါက်ပြဲ ဒဏ်ရာတစ်ချက်၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ဟိန်း ယာဘက်ချိုစောင်း ပေါက်ပြဲဒဏ်ရာ တစ်ချက် ရရှိခဲ့ပြီး ၎င်းတို့အဖွဲ့ စီးလာသည့် ဟွန်ဒါကားရှေ့လေကာမှန် ခဲမှန်၍ အက်သွားခဲ့ကြောင်း၊ ယင်းစခန်းအနီးရှိ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက် ရှင်းလင်းခဲ့ရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်သည်။

စစ်တွေမြို့တွင် ဧပြီလ ၂၆ ရက်နေ့က ပြည်ထောင်စုအဆင့် စီမံချက်ချကာ ဘင်္ဂါလီ လူဦးရေ စာရင်းကောက်ခံရာ၌ ဘင်္ဂါလီနေရာတွင် ရိုဟင်ဂျာဟု ထည့်သွင်းရန် တောင်းဆိုမှုကို စာရင်းကောက်ခံသူများက ခွင့်မပြု၍ စာရင်းကောက်သည့်အဖွဲ့ကို ဘင်္ဂါလီများက တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သားတစ်ဦး၊ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦးတို့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး အခြားငါးဦးပါ ဒဏ်ရာရရှိခဲ့သဖြင့် လူဦးရေ စာရင်းကောက်ယူမှုကို ယာယီရပ်ဆိုင်းခဲ့ရသည်။

No comments: