Friday, July 19, 2013

ထိုင်းနိုင်ငံနှင့် ထိစပ်လျက်ရှိသော နယ်စပ်ဂိတ်ပေါက် သုံးခုကို သြဂုတ်လ ပထမပတ် စတင်ဖွင့်လှစ်မည်


Saturday, July 20, 2013

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော ထိုင်းနိုင်ငံ နယ်စပ်ဂိတ်ပေါက်များ ဖြစ်သော ကရင်ပြည်နယ်ရှိ မြ၀တီ-မဲဆောက်၊ ရှမ်းပြည်နယ်ရှိ တာချီလိတ်-မယ်ဆိုင်နှင့် တနင်္သာရီတိုင်းရှိ ကော့သောင်း-ရနောင်း စသည့် နယ်စပ်ဂိတ်ပေါက် သုံးခုကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ပထမပတ်တွင် ထိုင်းနိုင်ငံသားများနှင့် ကမ္ဘာလှည့် ခရီးသွားများ မြန်မာနိုင်ငံတွင်းသို့ လာရောက် လည်ပတ်နိုင်ရန် စတင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ နယ်စပ်ဂိတ်မှ ၀င်ရောက်လာသော ခရီးသွားများမှာ ကန့်သတ်ဒေသများမှ အပ မည်သည့်နေရာ ဒေသမဆို သွားလာနိုင်ကြောင်းလည်း သိရသည်။ ထိုကဲ့သို့ ထိုင်းနိုင်ငံနှင့် ထိစပ်လျက်ရှိသော နယ်စပ်ဂိတ်များ ဖွင့်လှစ်ရခြင်းမှာ ခရီးသွားလုပ်ငန်း တိုးတက်ရန် အတွက်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။ အဆိုပါ ခရီးသွားများမှာ နယ်စပ်ဂိတ်ပေါက်များမှ ၀င်ရောက်နိုင်ပြီး နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးလေဆိပ် အပါအ၀င် မည်သည့် ထွက်ပေါက်မှမဆို ပြန်လည်ထွက်ခွာခွင့် ပြုမည် ဖြစ်ကြောင်းလည်း သိရသည်။

ဗီဇာကြေး အပါအ၀င် အခွန်အခ ကောက်ခံနှုန်းထားများကို ယခင်သတ်မှတ်ချက်များ အတိုင်းသာ ပေးဆောင်ရမည်ဖြစ်ပြီး အသေးစိတ် အစီအစဉ်များကိုမူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

''အခု လောလောဆယ်မှာ အသေးစိတ် ကျွန်တော်တို့ မသိရှိသေးပါဘူး။ လက်ရှိမှာတော့ နိုင်ငံကူး လက်မှတ်တွေ၊ လုပ်ငန်း ဗီဇာတွေနဲ့ပဲ သွားလာနေကြပါတယ်'' ဟု ကော့သောင်း နယ်စပ်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မကဖ (၁၅) မှ အရာရှိ တစ်ဦးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင်းသို့ ကမ္ဘာလှည့် ခရီးသည်များနှင့် နိုင်ငံခြားသား ဧည့်သည်များအတွက် မဲဆောက်-မြ၀တီ နယ်စပ်အပြင် ကန်ချာပူရီ၊ လွိုင်ကော်၊ ထားဝယ်နှင့် အခြားသော နယ်စပ်ဝင်ပေါက်များမှ ၀င်ရောက်ရန် လွယ်ကူတော့မည် ဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ် ဧပြီလက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၏ ပြောကြားချက်အရ သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံတွင်းသို့ ရန်ကုန်လေဆိပ်မှ တစ်ရက်လျှင် ပြည်ပ ခရီးသွားဧည့်သည် ၁၅၀၀ ကျော် ၀င်ရောက်လျက် ရှိကြောင်း သိရသည်။

Eleven Media Group

No comments: