Friday, July 19, 2013

သူရဦးရွှေမန်းနှင့် မိမိ သမ္မတအဖြစ် ယှဉ်ပြိုင်မည် ဆိုပါက မည်သူကမှ သာမည်ဟု မပြောနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


Saturday, July 20, 2013

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် မိမိ သမ္မတအဖြစ် ယှဉ်ပြိုင်မည် ဆိုပါက မည်သူကမှ သာမည်ဟု မပြောနိုင်သေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လွှတ်တော်ဝင်း အတွင်းရှိ ဇမ္ဗူသီရိဆောင်၊ မီဒီယာခန်းမ၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းဆွေတို့နှင့် မြန်မာဂျာနယ်လစ် ကွန်ရက်မှ အဖွဲ့ဝင် သတင်းထောက်များ၊ အယ်ဒီတာများနှင့် ဇူလိုင် ၁၈ ရက်က တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့သည် သမ္မတလုပ်လိုသည်ဟု နှစ်ဦးစလုံး ၀န်ခံထားကြသူများ ဖြစ်ပြီး နိုင်ငံရေးအရ မည်သူကမှ အမြဲတမ်း သာနေ၊ နာနေမည်ဟု မပြောနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံရေးမှာ လူတစ်ယောက်ဟာ အမြဲတမ်း သာနေ၊ နာနေတာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရဲ့ လိုအပ်ချက်အရ၊ ပြည်သူတွေရဲ့ လိုအပ်ချက်အရ ခေါင်းဆောင်လုပ်သူတွေရဲ့ အရည်အချင်းတွေက ပြောင်းသွားတတ်ပါတယ်...

''နိုင်ငံရေးမှာ လူတစ်ယောက်ဟာ အမြဲတမ်း သာနေ၊ နာနေတာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရဲ့ လိုအပ်ချက်အရ၊ ပြည်သူတွေရဲ့ လိုအပ်ချက်အရ ခေါင်းဆောင်လုပ်သူတွေရဲ့ အရည်အချင်းတွေက ပြောင်းသွားတတ်ပါတယ်။ အဲဒီတော့ ဘယ်သူကမှ ထာဝရ အစဉ်အမြဲ သာနေတယ်ဆိုတာ မရှိနိုင်ပါဘူး။ နောက်ဆုံးတော့ ပြည်သူလူထုက ရွေးချယ်မှာပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတအဖြစ် ရွေးချယ်ခံခွင့် မရှိဘဲ ယင်းအချက်ကိုလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အနေဖြင့် ၎င်းနှင့်ယှဉ်ပြိုင်ရဲသည် ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို လုပ်ပေးရမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အလုပ်တစ်ခုကို လုပ်မည်ဆိုပါက မှန်မှန်ကန်ကန်နှင့် ပြတ်ပြတ်သားသား လုပ်မည်ဆိုပါက လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရမည်ဟုသာ ယုံကြည်ထားကြောင်း၊ ယင်းသို့ ပြောကြားခြင်းမှာလည်း သူက သာခြင်း၊ ကိုယ်က သာခြင်းကြောင့် ပြောကြားခြင်း မဟုတ်ဘဲ ပြည်သူလူထု၏ ထောက်ခံချက် ရရှိအောင် မှန်မှန်ကန်ကန် လုပ်နိုင်မည်ဟု ယုံကြည်ခြင်းကြောင့်သာ ပြောကြားခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။

Eleven Media Group

No comments: