Friday, July 19, 2013

ရုပ်သေး

အခန်း (၅) ရုပ်သေး
အပိုင်း(၁)

ဦးစိန်လွင် နုတ်ထွက်ပြီး ရက် အနည်းငယ် ကြာသည်အထိ ရန်ကုန်မြို့တွင် တုန်လှုပ် ခြောက်ခြားနေကြဆဲ ဖြစ်သည်။ လမ်းများပေါ်တွင် ၈ရက်နေ့ ညကတည်းက သွေးညှီနံ့နှင့် ယမ်းနံ့များ မပြယ်သေးဘဲ ရှိနေသည်။ အိမ်များတွင် သေဆုံးသူတို့၏ မိသားစု များမှာလည်း ဝမ်းနဲ ပူဆွေး နေကြဆဲပင်။ အစိုးရ အဖွဲ့၌ ရာထူးကြီးကြီး ရထားသူတို့မှာမူ နေအိမ်ကို ပစ်ခွာပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် အတွင်း ၌ ခိုလှုံလျက် ရှိကြသည်။ အေးအေးဆေးဆေး လုံခြုံ စိတ်ချပုံရသော နေရာ တစ်ခုမှာကား သစ်ပင်များ စီတန်းနေသည့် အင်းလျား ကန်နံဘေးမှ အိမ်ကြီးတစ်အိမ်ပင် ဖြစ်သည်။ ထို အိမ်ကြီးတွင် စစ်အင်အား ၇၀၀ ဖြင့် ဦးနေဝင်းသည် အသက် ၂၅ နှစ် အရွယ် ရခိုင်ပျိုမေတစ်ဦးနှင့် မင်္ဂလာပွဲ နွဲပျော်လျက်ရှိသည်။ ဦးနေဝင်းနှင့် ရခိုင်မလေးတို့မှာ တရားဝင် လက်ထပ်ခြင်းတော့မဟုတ်။ တိုင်းပြည်ပြိုကွဲခြင်းမှ ကာကွယ်ရန် ယတြာချေသည့် သဘောမျှပင်ဖြစ်သည်။

ရန်ကုန်မြို့ရှိ လမ်းများပေါ် ၌ အလွန်ကြမ်းကြုတ်သော လူသတ်ပွဲများ ဖြစ်ပွားနေချိန် ၁၀ရက်နေ့ညတွင် ဦးနေဝင်းမှာ သူ၏ ခမ်းနားလှသော အေဒီလမ်းနေအိမ်ကြီးတွင် အနီးစပ်ဆုံး လုပ်ဖေါ်ကိုင်ဖက်များကို ခေါ်ယူပြီး အပျင်းပြေ ‘စကရယ်ဘယ်လ်’ ကစားလျက်ရှိသည်။ ဦးနေဝင်းနှင့် အတွင်းလူများဖြစ်သော ဦးစိန်လွင်၊ ဦးအေးကို၊ ဒေါက်တာမောင်မောင် နှင့် အခြားသူများသည် ထုံးစံအတိုင်း ရယ်မော နောက်ပြောင်လျက်ရှိသည်။ လတ်တလော သွေးထွက်သံယို ဖြစ်မှုများမှာ သူတို့နှင့် မည်သို့မှ မပတ်သက်သလိုပင်၊ တနည်း ဆိုရသော် သူတို့၏ ဖိနှိပ် အုပ်ချုပ်မှုအောက်မှ ပေါက်ကွဲ ထွက်ပေါ်လာသည့် ပြည်သူတစ်ရပ်လုံး၏ အမျက်ဒေါသများက သူတို့၏ စည်းစိမ်ရာထူးများကို ခြိမ်းခြောက် နေပြီ ဆိုသည်ကိုလည်း တွေးပင် တွေးမိကြပုံ မရချေ။

အစုလိုက် အပြုံလိုက် သတ်ဖြတ်နေသည့် တိုင်အောင် ပြည်သူတို့၏ စိတ်ဓာတ်များမှာ ပြိုကွဲ မသွားပေ။ နေအိမ်များရှိ သာမန် လူများအားလုံးလိုလိုမှာ တစ်စုံ တစ်ဦး၏ ခေါင်းဆောင်မှု အောက်တွင် ကန့်ကွက် ဆန္ဒပြမှု အသစ်တဖန် လုပ်ဆောင်ရန် စောင့်မျှော်နေကြ၏။ ပုဂ္ဂလိက ဥပဒေ လုပ်ငန်းများ တည်ရှိရာ ရန်ကုန်မြို့ ဘားလမ်းတွင် ရှေ့နေတစ်စုနှင့် ဥပဒေ အကျိုးဆောင် များက ဖြစ်ပွားလျက် ရှိသည့် အခြေအနေအပေါ် ဆွေးနွေး တိုင်ပင်လျက်ရှိသည်။ ၁၅ ရက်နေ့တွင် သူတို့က တရားဝင် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။ ထိုကြေညာချက်တွင် ဥပဒေ အသုံးအနှုန်းများ ပါဝင် သော်လည်း ရှင်းရှင်းလင်းလင်း ဖေါ်ပြထားသည်။

၈-၈-၈၈ နေ့တွင် စတင်ခဲ့သော ပြည်သူများ၏ အထွေထွေ သပိတ်ကြီးနှင့် ယင်းနေ့ရက် မတိုင်မီ အာဏာပိုင် အဖွဲ့အစည်း များ၏ လုပ်ဆောင်မှုများအပေါ် သေချာစွာ ဆန်းစစ်လေ့လာပြီးနောက် ဗဟိုရှေ့နေများ ကောင်စီ၊ ရှေ့နေ များနှင့် ဥပဒေ ဝန်ထမ်းများသည် သူတို့၏ တွေ့ရှိချက်များကို အောက်ပါအတိုင်း တင်ပြခဲ့သည်။

“၈-၈-၈၈ နေ့မှ စခဲ့သည့် ပြည်သူတို့၏ ဆန္ဒပြပွဲများမှာ အကြမ်းဖက်မှု တစ်စုံတစ်ရာမျှ မရှိဘဲ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် အညီ အဆိုပါ ဆန္ဒပြပွဲများကို ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့ကြပြီး သူတို့၏ အခွင့်အရေးများကို တောင်းဆိုခြင်းဖြစ်သည်။ အာဏာပိုင်များသည် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူများကို အကြမ်းဖက် နှိမ်နင်းသည့်အခါ မလိုလားအပ်သော ဖြစ်ရပ်များ ပေါ်ပေါက်စေခဲ့သည်။ ၉-၈-၈၈ နေ့တွင် ရန်ကုန်၊ စစ်ကိုင်းမြို့ကြီးများနှင့် အခြားသောမြို့ကြီးများ၌ လုံခြုံရေးတပ်သားများက ကလေးသူငယ် ကျောင်းသားနှင့် ပြည်သူတို့ကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ လှံစွပ်ဖြင့် ထိုးသတ်ခြင်းတို့မှာ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် ၎င်း၊ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနှင့် ၎င်း လုံးလုံးလျားလျား ဆန့်ကျင်လျက်ရှိသည်။
ရန်ကုန်ဆေးရုံကြီးမှအမှုထမ်းများ၊ နေအိမ်များတွင် အေးချမ်းစွာ နေထိုင်ကြသူများနှင့် လက်ဘက်ရည်ဆိုင်များ၌ ထိုင်နေကြသူများကို ပစ်ခတ်ခြင်းတို့မှာ လုံးဝ ဥပဒေမဲ့ လုပ်ရပ်ပင် ဖြစ်ကြောင်း” ဖြင့် ကြေညာချက်တွင် ပါရှိသည်။

ထုတ်ပြန်ကြေညာချက်ကို ရှေ့နေ များ ကောင်စီ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်က လက်မှတ်ရေးထိုးခဲ့သည်။ မတရားမှုကို ပထမဦးဆုံးမြန်မာရှေ့နေ များက ဆန့်ကျင် ပြောဆိုလိုက်သည်မှာ အံ့သြစရာတော့မဟုတ်ချေ။ အိန္ဒိယ နိုင်ငံနှင့် အိမ်နီးချင်းဖြစ်၍ မြန်မာ့ ထုံးတမ်းစဉ်လာအရ ခိုင်မာသော လူမှု ဘဝ ဥပဒေများ ရှိခဲ့ပြီး ကိုလိုနီခေတ်တွင် ဗြိတိသျှ ဥပဒေ ကျင့်သုံးမှုတို့က ဥပဒေ အမြင်ကို ပိုမို အားဖြည့် ပေးခဲ့သည်။ ထို့အပြင် ရှေ့နေများမှာ ၂၆နှစ် စစ်အုပ်ချုပ်ရေး၏ မတရားမှု အမြောက်အများကို ဦးစွာ လေ့လာခဲ့ကြသည်။

ထိုနေ့၌ ဦးကျော်ထင်ဆီသို့ နောက်ထပ် စာတစ်စောင် ပေးပို့ခဲ့သည်။ ဦးကျော်ထင်မှာ စိန်လွင် နှုတ်ထွက်သွားပြီး နိုင်ငံ့ အကြီးအကဲအဖြစ် ခေတ္တတာဝန်ယူထားသူဖြစ်သည်။ ထို စာကို လက်မှတ် ရေးထိုးခဲ့သူမှာ မြန်မာ့လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ သူမအား ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့် သမ္မတ ဟောင်း မန်းဝင်းမောင် အပါအဝင် နိုင်ငံ့ခေါင်းဆောင် ဟောင်း အတော်များများက ထောက်ခံခဲ့ကြသည်။ အဆိုပါစာ၌ “ဗမာပြည်လွတ်လပ်ရေး ရပြီးနောက် အရုပ်ဆိုးအကျဉ်းတန်သော အခြေအနေတစ်ရပ်မှာ တိုင်းပြည်တစ်ပြည်လုံးတွင် ပေါ်ပေါက် ခဲ့သည်” ဟု ရေးသားထားသည်။ ယင်းအရေးအခင်းကို ဖြေရှင်းနိုင်ရန်အတွက် ပြည်သူ့ အတိုင်ပင်ခံ ကော်မတီတစ်ရပ် ဖွဲ့စည်းပေးရန် အကြံပြုခဲ့သည်။

ထိုအချိန်ထိ အုံကြွမှုကြီးမှာ အလိုအလျောက် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး သင့်မြတ် မှန်ကန်သော ခေါင်းဆောင်မှု မရှိဘဲ ဖြစ်နေသည်။ အမေရိကန်တွင် နေထိုင်လျက်ရှိသော ဗိုလ်ချုပ်အောင်ဆန်း၏ သားဖြစ်သူ ဦးအောင်ဆန်းဦး မြန်မာပြည်သို့ ပြန်လာပြီး အုံကြွမှုကို ခေါင်းဆောင်လိမ့်မည်ဟု ပြည်သူများက မျှော်လင့် တောင့်တလျက်ရှိသည်။ မိသားစုနောက်ခံကို ပြန်ကြည့်လျှင် နိုင်ငံရေးနှင့် မကင်းခဲ့သော်လည်း အောင်ဆန်းဦးမှာ နိုင်ငံရေး၌ စိတ်ပါဝင်စားမှု နည်းခဲ့သည်။ သူသည် အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားကာ ကယ်လီဖိုးနီးယားရှိ စန်ဒီယေးဂိုမြို့ တွင် အေးဆေးစွာ အခြေချ နေထိုင်လျက်ရှိသည်။ ဒုတိယသား အောင်ဆန်းလင်းမှာ ငယ်စဉ်က တာဝါလိန်းလမ်း အိမ်ဝင်းအတွင်းမှ ရေကန်ထဲတွင် ရေနစ်သေဆုံးခဲ့သည်။

၁၉၆၀ ခုနှစ်၌ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် အိန္ဒိယနိုင်ငံ သံအမတ် ခန့်အပ်ခံခဲ့ရစဉ် ကတည်းက ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သည်။ ဒေါ်ခင်ကြည်သည် မြန်မာပြည်၏ အထင်ကရ ပုဂ္ဂိုလ်များထဲ၌ ပါဝင်သူ တစ်ယောက်ဖြစ်သည်။ သူမသည် ပါလီမန်အမတ်အဖြစ် လုပ်ကြံခံရသူ ခင်ပွန်း နေရာကို ရရှိခဲ့သော်လည်း မိခင်နှင့် ကလေး ဖူလုံရေး အဖွဲ့၏ ညွှန်ကြားရေးမှူး ရာထူးခံယူရန် ၁၉၄၈ ခုနှစ်တွင် ပါလီမန် အမတ်အဖြစ်မှ နှုတ်ထွက်ခဲ့သည်။ နောက်ပိုင်း၌ လူမှုစီမံကိန်း ကော်မရှင်နှင် လူမှုလုပ်ငန်းကောင်စီ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ သူမသည် ဥရောပ၊ အမေရိကန်၊ တရုတ်နှင့် အရှေ့တောင်အာရှ နိုင်ငံများသို့ ကျယ်ပြန့်စွာ ခရီးထွက်ခဲ့သည်။ ဒေါ်ခင်ကြည်သည် မြန်မာပြည်၏ ပထမဦးဆုံးသော အမျိုးသမီး အမတ်လည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမမိခင်နှင့် အတူ အိန္ဒိယသို့ ရောက်ရှိလာခဲ့စဉ်က အသက် ၁၅အရွယ်သာ ရှိသေးသည်။ အထက်တန်းကျောင်းသို့ တက်ရောက်ခဲ့ပြီးနောက်ပိုင်း နယူးဒေလီရှိ လေဒီရှရီရမ်ကောလိပ် (Lady Shri Ram Collage) တွင် ဆက်လက် ပညာ သင်ကြားခဲ့ရာ အတန်းထဲ၌ အမြဲ ပထမရရှိသူ တစ်ဦးဖြစ်ခဲ့သည်။

ဥာဏ်ထက်မြက်သော ဒေါ်အောင်ဆန်းစုကြည်သည် အောက်စဖို့ရှိ စိန့်ဟယူးကောလိပ် (St.Hugh’s College)တွင် အထက်တန်းပညာရပ်များကို ဆက်လက် ဆည်းပူးခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် သူမသည် ဒဿနိကဗေဒ၊ နိုင်ငံရေးနှင့် စီးပွားရေး ဘာသာရပ်တို့တွင် ဝိဇ္ဇာဘွဲ့ ရခဲ့သည်။ ငါးနှစ် အကြာတွင် တိဘက်သမိုင်းပညာရှင် ဒေါက်တာ မိုက်ကယ်အဲရစ္စ(Dr. Michael Aris) နှင့် အိမ်ထောင်ကျခဲ့သည်။ ၁၉၆၇ခုနှစ် ကတည်းက ဟိမဝန္တာတောင်တန်းမှ ဘူတန်တော်ဝင် မိသားစုကို စာသင်ပေးနေသူ၊ ဘူတန်နိုင်ငံ ဘာသာပြန်ဌာန အကြီးအကဲ အဖြစ် တာဝန်ထမ်းဆောင်နေသူ ခင်ပွန်းနှင့် အတူ နေထိုင်ခဲ့သည်။ သူမအနေနှင့်မူ ဘူတန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ သုတေသန အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ကုလသမဂ္ဂ ရေးရာဝန်ကြီး၏ အကြံပေး ပုဂ္ဂိုလ်အဖြစ် အထူး တာဝန်ယူပေးရသည်။ သူတို့ ဇနီးမောင်နှံသည် ၁၉၇၅ ခုနှစ်တွင် အောက်စဖို့စ်သို့ ပြန်လာခဲ့ကြသည်။

ဆောင်းပါးရှင် ရော်ဂျာမက်သယူးစ် (Rogger Matthews)က ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၂၄ရက်နေ့ထုတ် ဖိုင်နယ်ရှားတိုင်းစ်(Finantial Times) သတင်းစာ၌ ဒေါ်အောင်ဆန်းစုကြည် အကြောင်းကိုခြုံငုံရေးသားခဲ့ရာတွင် “သူမသည် ဘူတန်၊ စကော့တလန်နှင့် အောက်စဖို့တို့တွင် နေထိုင်ခဲ့ပြီး သားနှစ်ယောက် မွေးဖွားခဲ့သည်။ သူမသည် တိဘက်စကားကို လေ့လာ သင်ကြားခဲ့ပြီး သားငယ်ကို ခေါ်ကာ ကျိုတိုမြို့တွင် နေထိုင်၍ သားအမိ နှစ်ယောက်စလုံး ဂျပန်ဘာသာ စကားကို သင်ကြားခဲ့သည်။ အိန္ဒိယနိုင်ငံ ဆင်းမလားမြို့တွင် ဇနီးမောင်နှံ ပြန်လည်ဆုံတွေ့ကြပြီး ၁၉၈၈ ခုနှစ် ဧပြီလတွင် သူမ၏ မိခင် မကျန်းမမာ ဖြစ်နေစဉ် အချိန်၌ လန်ဒန် ရှိ အရှေ့တိုင်း နှင့် အာဖရိကန်ဘာသာ လေ့လာရေးကျောင်း (School of Oriental and African Studies)တွင် ဘွဲ့လွန် ‘ကျမ်း’စာ တစ်စောင်ကို စတင်ပြုစုလျက်ရှိသည်။

ဧပြီလအတွင်း၌ ဒေါ်ခင်ကြည်၏ ကျန်းမာရေး အခြေအနေ ပို၍ဆိုးလာသောအခါ မိခင်ကို ပြုစု စောင့်ရှောက်ရန် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်သို့ ပြန်လည် ရောက်လာခဲ့သည်။ မိခင် တက်ရောက်လျက်ရှိသော ဆေးရုံ၌ပင် နေထိုင်ကာ ၄လနီးပါး အနီးကပ် ပြုစု ခဲ့သည်။ ဇူလိုင်လ နှောင်းပိုင်း၌ ခင်ပွန်းမိုက်ကယ် အဲရစ္စနှင့် သားနှစ်ယောက်ဖြစ်သော မြင့်ဆန်းအောင် (Alexander)နှင့် ထိန်လင်း (Kim)တို့ ရန်ကုန်သို့ ရောက်လာသည့်အခါ ဒေါ်အောင်ဆန်းစုကြည်သည် မိခင်အား တက္ကသိုလ် ရိပ်သာလမ်းရှိ မိသားစု နေအိမ်သို့ ရွှေ့ပြောင်း၍ နေထိုင်ခဲ့သည်။ ထိုစဉ်ကာလတွင် ဗမာတစ်ပြည်လုံး၏ အခြေအနေမှာ ပေါက်ကွဲထွက်လာခဲ့ပြီး ဦးနေဝင်းမှာလည်းရာထူးမှနုတ်ထွက်ကာ နောက်ဆက်တွဲ ဖြစ်ရပ်များ ဖြစ်ပေါ်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမမိခင်ကဲ့သို့ နိုင်ငံရေးတက်ကြွမှု မရှိခဲ့သော်လည်း မြန်မာနိုင်ငံသားအဖြစ် ခံယူထားဆဲဖြစ်ကာ မြန်မာပြည်သို့ အချိန်မှန် လာရောက်လည်ပတ်တတ်သည်။ သူမ၏ သားနှစ်ယောက်ကို မြန်မာနိုင်ငံ ဘုန်းကြီးကျောင်းတစ်ကျောင်း၌ ရှင်ပြုစေခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ကလေးများအတွက် စာအုပ်တစ်အုပ် ရေးသားပြုစုခဲ့သည်။ ဗမာပြည်ကို သွားလည်ကြစို့ (Let’s Visit Burma)ဟု အမည်ပေးထားသော စာအုပ်မှာ ရိုးစင်းသော အင်္ဂလိပ်ဘာသာ ဖြင့် ရေးသားထားသည်။ သူမ ဆယ်ကျော်သက် အရွယ်က ခွဲခွာ လာခဲ့ရသည့် အမိ နိုင်ငံအပေါ် သစ္စာ ခိုင်မြဲစွာဖြင့် ရေးသားထားသည် ကတော့ ပေါ်လွင် လျက်ရှိသည်။ စာအုပ်ပါ အခန်းတစ်ခန်းတွင် အောက်ပါအတိုင်းဖေါ်ပြအဆုံးသတ်ထားသည်။

“စီးပွားရေးကို ကောင်းမွန်စွာ မစီမံ မလုပ်ကိုင်တတ်သဖြင့် မြန်မာပြည်သည် ကြီးပွားသော နိုင်ငံဖြစ်မလာခဲ့၊ သို့သော် မြန်မာပြည်၏ သဘာဝ သယံဇာတ ကြွယ်ဝချမ်းသာမှုက အနာဂတ်အတွက် မျှော်လင့်ချက် ထာဝစဉ် ရှိနေသည်။ ယင်းအနာဂတ် မှာလည်း ပြည်သူတို့ လက်ထဲတွင် ရှိသည်”

မရည်ရွယ်ဘဲ သူမကိုယ်တိုင်မှာ အထက်က ဆိုခဲ့သည့် အနာဂတ်ကာလတွင် အရေးပါသူ တစ်ဦးဖြစ်လာခဲ့သည်။ အုံကြွမှုကြီးအားယူနေစဉ်ကာလ၌ သူမသည် ကြားနေသူ တစ်ယောက်သာ ဖြစ်ခဲ့သည်။ သို့သော် သြဂုတ်လ သတ်ဖြတ်ပွဲ အပြီးတွင် သူမအနေနှင့် အရေးအခင်းကို ဖြေရှင်းနိုင်ရန် တက်ကြွသော အခန်းမှ ပါဝင်သင့် သည်ဟူသော ဖိအားက သူမကို အရေးအခင်းဆီသို့ တွန်းပို့ခဲ့သည်။ တစ်နိုင်ငံလုံးမှ ဆန္ဒပြပွဲများတွင် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများက သူမ၏ ဖခင်ရုပ်ပုံများကို ကိုင်ဆောင်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း နာမည်မှာ ဒဏ္ဍာရီ ဆန်သော်လည်း မြန်မာနိုင်ငံ အတွက် လွတ်လပ်ခြင်း၊ ဒီမိုကရေစီ ရှိခြင်း၊ အောင်မြင်ကြီးပွားခြင်းစသည့်လက္ခဏာဆောင်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမဖခင်၏ အမွေအနှစ်ကို ဆက်ခံလိုက်လေပြီ။ သြဂုတ်လတွင် သူမ နိုင်ငံရေး စင်မြင့်ပေါ်သို့ ထွက်လာသည့်အခါ ပြည်သူတို့၏ စိတ်ကို လှုပ်ရှားစေခဲ့ပြီး မြင့်မားသော မျှော်လင့်ချက်ကို ဖြစ်ပေါ်စေခဲ့သည်။
ပထမ လှုပ်ရှားမှုများ အပြီးတွင် ထပ်မံရင်ဖွင့် ပြောကြား လာသည့် ပြည်သူများမှာ များသည်ထက်များလာခဲ့သည်။

၁၆ရက် နေ့တွင် မြန်မာဆရာဝန်အသင်းက ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် ၁၉၈၈ခု သြဂုတ်လ ၁၀ရက်နေ့က ရန်ကုန်ဆေးရုံကြီး အတွင်း၌ ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများကြောင့် သူနာပြုဆရာမများ ဖြစ်ကြသော မစိန်စိန်ရီ၊ မသောင်းခင်နှင့် အထူး သူနာပြုဆရာမ မစန်စန်းအေး၊ အမျိုးသား သူနာပြု သင်တန်းသား မောင်မျိုးသန့်တို့မှာ ထိခိုက်ဒဏ်ရာ ရရှိပြီး လူအုပ်ထဲမှ နှစ်ဦးမှာ သေဆုံးခဲ့ကြသည်။ သို့ဖြစ်၍ ပြည်သူများကို ကုသ စောင့်ရှောက်နေကြသော ကျန်းမာရေး ဝန်ထမ်းများရှိရာ ဆေးရုံများတွင် အလားတူ ပစ်ခတ်မှုများ မပြုလုပ်ရန် မြန်မာနိုင်ငံ ဆရာဝန်အသင်းက အလေးအနက်ထား၍ မေတ္တာ ရပ်ခံလိုက်ကြောင်း ဖေါ်ပြထားသည်။

ရန်ကုန်ဆေးရုံကြီးမှ ဝန်ထမ်းများ၏ ပြောဆိုချက်ကို ငြင်းဆိုလိုက်သည့် ချိနဲ့သော ကြိုးစားမှုမှာ မြန်မာ့အသံမှ ကြေညာချက်ပင်ဖြစ်သည်။ မြန်မာ့အသံမှ ဆရာဝန်အသင်းမှ မည်သည့် ထုတ်ပြန်ချက်မျိုးမှ မရှိကြောင်း၊ ထွက်ပေါ်လာသည့် ထုတ်ပြန်ချက်မှာအမည်မသိလူတစ်စုမှထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုအခါ ရန်ကုန်ဆေးရုံကြီးမှ ဝန်ထမ်းများက ချက်ချင်းပင် ခိုင်မာသော ကြေညာချက် အသစ်တစ်စောင်ကို ထပ်မံ ထုတ်ပြန်လိုက်သည်။ ထိုကြေညာချက်တွင် ဆေးရုံဝင်းအတွင်း ပစ်ခတ်မှုကို ရှုတ်ချလိုက်ပြီး လက်နက်မဲ့ ရဟန်းသံဃာ၊ ကလေးသူငယ်၊ ကျောင်းသားများနှင့် လမ်းသွားလုပ်သားပြည်သူများ သေဆုံးရခြင်းနှင့် ဒဏ်ရာရခြင်းတို့အတွက် နက်နက်နဲနဲ ကြေကွဲရပါကြောင်းဖြင့် ဖေါ်ပြပါရှိခဲ့သည်။

ထိုနေ့ မွန်းလွဲပိုင်း၌ ရန်ကုန်ဆေးရုံကြီး အပြင်ဘက်တွင် ပြည်သူ ၅၀၀ကျော် စုဝေးခဲ့ကြသည်။ ရဟန်းသံဃာတို့က ဆန္ဒပြပွဲများတွင် ကျဆုံးသူတို့အား ဂုဏ်ပြုပွဲ အခမ်းအနားတွင် သရဏဂုံတင်ပေးခဲ့ကြသည်။ အနီးအနားရှိ တပ်ဖွဲ့များက လူအုပ်ကြီးကို ထိတ်လန့်စွာဖြင့် ကြည်ရုံသာကြည့်နေကြပြီး ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ခဲ့ပေ။ တစ်ချိန်တည်း၌ မဟာဗန္ဓုလ ပန်းခြံနှင့် မျက်နှာချင်းဆိုင်ရှိ ကုန်သည်လမ်းမပေါ်မှ အမေရိကန်သံရုံး၏ အပြင်ဖက်တွင်လည်း လူများစုဝေးလျက်ရှိကြသည်။ သြဂုတ်လ ၁၀ရက်နေ့၌ အခရာကျသော အမေရိကန်လွှတ်တော် အမတ် ဒင်နီယယ်မွိုင်နီဟန် (Daniel P Moyniham) က ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများအပေါ် ရှုတ်ချသည့် အဆိုတစ်ရပ်ကို အမေရိကန်လွှတ်တော်သို့ တင်သွင်းခဲ့ပြီး မြန်မာနိုင်ငံတွင် တစ်ပါတီ စနစ် အဆုံးသတ်ရန် တောင်းဆိုခဲ့သည်။ ထိုအဆိုကို အက်ဝပ်ဒ်ကနေဒီ (Edward Kennedy)အပါအဝင် အခြားလွှတ်တော် အမတ် ၅ဦးက ထောက်ခံခဲ့ကြသည်။ နောက်တစ်နေ့တွင် ထိုထောက်ခံမှုကို လွှတ်တော်က တညီတညွတ်တည်း သဘောတူ အတည်ပြုခဲ့သည်။ အမေရိကန် ဆီးနိပ်လွတ်တော်၏ ထုတ်ပြန်ကြေညာချက်ကို မြန်မာပြည်သူများက ဗွီအိုအေ အမေရိကန် အလံ မြန်မာပိုင်း အစီအစဉ်မှ ကြားသိခဲ့ရသည်။ မိမိတို့ နေအိမ် အပြင်ဘက်၌ စစ်တပ်က ပစ်ခတ်မှုများ ဆက်လက်ပြုလုပ်နေစဉ်တွင် ပြည်သူများက သူတို့နားသောတဆင် လျက်ရှိသော ဗွီအိုအေ သတင်းအပေါ် နစ်ထောင်းအားရ ဖြစ်ကြရသည်။ ယင်းမှာ မြန်မာနိုင်ငံမှ သတ်ဖြစ်မှုများ အပေါ် နိုင်ငံတကာ၏ ပထမဦးဆုံး ရှုတ်ချချက်ပင်ဖြစ်သည်။

မြန်မာပြည် ဒီမိုကရေစီ လှုပ်ရှားမှုနှင့် အမေရိကန်လိုလားသည့် စိတ်ဓါတ်များ ပြည်သူများ အကြား၌ ပြန့်နှံ့ခဲ့သည်။ သြဂုတ်လ ၁၇ ရက်နေ့တွင် ပါကစ္စတန် နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် အာနိုးလ်ရေဖီယယ် Arnold Raphel , ပါကစ္စတန် သမ္မတ ဇီရာအူလ်ဟတ် နှင့် အတူ လေယာဉ်ပျံ ပျက်ကျ သေဆုံးသည့်အခါ လှုပ်ရှားမှုများက ပို၍ ပင် ပြင်းထန်လာတော့သည်။ လေယာဉ်ပျံပျက်ကျသည့် သတင်းများ ရရှိခဲ့သည်နှင့် ကမ္ဘာတလွှားရှိ အမေရိကန်သံရုံးများ(ရန်ကုန်ရှိ သံရုံး အပါအဝင်)က သူတို့၏ အလံများကို တိုင်တဝက် လွှင့်ထူခဲ့ကြသည်။ ကုန်သည်လမ်းပေါ်ရှိ အမေရိကန်သံရုံး အပြင်ဘက်မှ လူထုကြီးက အလံတဝက်လွှင့်ထူလိုက်ခြင်းမှာ မကြာသေးမီက ဖြစ်ပွားခဲ့သည့်ဆန္ဒပြပွဲများတွင် သေဆုံးသွားကြသော မြန်မာပြည်သူပြည်သားတို့အား စာနာသည့် အထိမ်းအမှတ် ဖြစ်သည်ဟု ချက်ချင်းပင် ယူဆခဲ့ကြသည်။ အစိုးရတပ်ဖွဲ့များက အနီးရှိ လမ်းဆုံတစ်ခုတွင် နေရာယူကာ သေနတ်ဖြင့် ပစ်ခတ်ရန် အသင့် ဖြစ်နေစဉ် သံရုံး အပြင်ဘက်ရှိ လူအုပ်ကြီး ရပ်စောင့်နေကြသည်။ သူတို့အချင်းချင်း နားလည်စွာဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။ ထိုစဉ် အသက် ၁၄နှစ် အရွယ် ယောက်ျားလေး တစ်ဦးက လူအုပ်ကြီးထဲမှ တစ်ယောက်ထဲ ခွဲထွက်လိုက်ကာ ရှေ့သို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။ သူ့လက်ထဲ၌ ကြီးမားသော ခွပ်ဒေါင်းအလံတစ်ခုကို ကိုင်ထားသည်။ စစ်သားများရှေ့တွင် သူကလေးက ခွပ်ဒေါင်းအလံကို လမ်းမပေါ် စိုက်ထူလိုက်ပြီး သူ့အင်္ကျီကျယ်သီးများကို တစ်လုံးခြင်းဖြုတ်လျက်ရှိသည်။ စစ်သားတစ်ဦးက သူ့သေနတ်ကို မြှောက်လိုက်သည်။ ကောင်လေးက ဆုံးဖြတ်ချက်ချ ပြီးလေပြီ။ သူက စစ်သားများရှေ့တွင် အင်္ကျီကို ချွတ်လိုက်ပြီး ရင်ကိုကော့ပေးထားသည်။

ထိုစစ်သားက ကောင်လေးကို သေနတ်ဖြင့် အသေအချာ ချိန်ရွယ်ထားသော်လည်း စက္ကန့်အနည်းငယ်မျှတုံ့ဆိုင်းနေသည်။ ပြီးမှ သေနတ်ကို အောက်သို့
ပြန်ချလိုက်သည်။ ကောင်လေးက နောက်ထပ် တစ်မိနစ်မျှ မလှုပ်မရှား ရပ်နေပြီး စစ်သားများ၏ အပစ်ကို စောင့်နေ၏။ မည်သို့မျှ ဖြစ်မလာသည့် အခါတွင် လူအုပ်ကြီးက ရှေ့သို့ချီတက်လာပြီးအလံများ၊စာတန်းများကို ဝှေ့ယမ်း၍တက်ကြွစွာ အော်ဟစ်လျက်ရှိကြသည်။ ဆန္ဒပြပွဲများ ထပ်မံဖြစ်ပွားပြန်လေပြီ။


* * * * *

မမျှော်လင့်ဘဲ ဦးစိန်လွင် နှုတ်ထွက်ခဲ့ပြီး နောက်ပိုင်းရက်များ၌ အစိုးရက မြန်မာပြည်၏ အခြေအနေ ပုံမှန်ပြန်ရောက်လာပြီဟူသော အမြင်မျိုး ပေါ်လွင်လာစေရန် အတတ်နိုင်ဆုံး လုံးပမ်း ခဲ့သည်။ ၁၄ ရက်နေ့တွင် မြန်မာ့အသံကထုတ်ပြန်ကြေညာရာ၌ မြောက်ဥက္ကလာပ ပြည်သူများက အခြေအနေဆိုးဝါးနေသော သူတို့မြို့နယ်တွင် ငြိမ်းချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး ပြန်လည် ရရှိလာစေရန် အတွက် တပ်မတော်က အကူအညီ တောင်းခံခဲ့ကြောင်း ပြောကြားခဲ့သည်။ နောက် ၂ရက် အကြာ၌ မြန်မာ့အသံက ကျောင်းသား ခေါင်းဆောင်တစ်ဦးဆိုသော အမျိုးသားတစ်ဦးကို တွေ့ဆုံ မေးမြန်းမှု ပြုလုပ်ခဲ့သည်။

ထို ကျောင်းသား ခေါင်းဆောင်ဆိုသူက ၈ရက်နေ့တွင် အစိုးရအား ဆန့်ကျင် ဆန္ဒပြရာ၌ ရာပေါင်းထောင်ပေါင်းများစွာသော ပြည်သူလူထုကို အတင်းအဓမ္မ စည်းရုံးခဲ့သည်ဟု ထွက်ဆိုခဲ့သည်။ နောက်ဆုံး၌ သူ၏ မှားယွင်းသော လုပ်ရပ်များကို ခွင့်လွှတ်ရန် တောင်းပန်ခဲ့သည်။

နေ့စားလုပ်ခ ၆ကျပ် ပြား ၅၀ မှ ၈ကျပ် ပြား ၅၀ သို့ တိုးမြှင့် ပေးပြီး နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းကိုလည်း ယခင်ကဲ့သို့ တင်းကြပ်မှုများ မထားရှိတော့ဘဲ လျော့ပေါ့ ပေးခဲ့သည်။ မြန်မာ သင်္ဘောသားများအား မြန်မာပြည်၌ နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့်ကိုလည်း ပေးခဲ့သည်။ အံ့သြစရာအကောင်းဆုံးမှာ သြဂုတ်လ ၁၇ရက်နေ့ထုတ် လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာတွင် ဂျပန်၊ သြစတြေးလျ၊ စင်္ကာပူတို့မှ သက်ဆိုင်ရာ ပုဂ္ဂိုလ် များ အနေနှင့် ရန်ကုန်၊ မန္တလေးနှင့် ပုဂံတို့တွင် ကမ္ဘာလှည့် ခရီးသည်တို့အတွက် ဟော်တယ် အမြောက်အမြား ဆောက်လုပ်ပေးမည်ဟူသော သတင်းပင်ဖြစ်သည်။ ယခုအခါ မြန်မာပြည်တွင် ဆူပူမှုများ ပြီးဆုံးသွားပြီဖြစ်၍ ကမ္ဘာလှည့် ခရီးသည်များ မြန်မာပြည်သို့ အစုလိုက်အပြုံလိုက် လာလည်ကြဦးမည်ဟု ဆက်လက်ရေးသားထားသည်။

သို့သော် အစိုးရ၏ အရေးကြီးဆုံးလုပ်ငန်းမှာ ဦးစိန်လွင့် နေရာကို အစားထိုး ရွေးချယ်ရန်ဖြစ်သည်။ မဆလပါတီ ဗဟိုကော်မတီနှင့် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေးများကို ရန်ကုန် ၌ ပြုလုပ်နေချိန်တွင် ပြည်သူများ လမ်းပေါ်သို့ ထွက်၍ ဆန္ဒပြခြင်းများကို တားဆီးနိုင်ရန် တပ်ဖွဲ့များ ဘရင်းကယ်ရီယာ အကူအညီဖြင့် ရန်ကုန် အလယ်ပိုင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ လွှတ်တော် အစည်းအဝေးကို တစ်နေ့တည်းနှင့် ပြီးအောင် ခပ်မြန်မြန် ပြုလုပ်ခဲ့ကြပြီးနောက် ၁၉ရက် နေ့တွင် ပါတီ ဥက္ကဋ္ဌ သစ်နှင့် နိုင်ငံတော် သမ္မတသစ်ကို ရွေးချယ်ခဲ့သည်။ ရက်စက်ကြမ်းကြုတ်သည့် ဦးစိန်လွင်ကို ရွေးချယ်ခဲ့ရာ မအောင်မြင်ခဲ့သဖြင့် ယခုတစ်ကြိမ်၌ ရွေးချယ်ရမည့်သူမှာ ပျော့ပြောင်းသူ ဖြစ်ရမည်။ ထို့ကြောင့် နိုင်ငံတော် ကောင်စီ ဥက္ကဋ္ဌနှင့် ပြည်သူ့တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ အသက် ၆၄နှစ်ရှိ ဒေါက်တာမောင်မောင်အား ရွေးချယ်ခဲ့ကြသည်။

သူသည် အနောက်နိုင်ငံတွင် ဥပဒေ ပညာများ သင်ယူခဲ့သူဖြစ်ပြီး စာရေးဆရာနှင့် သတင်းစာဆရာလည်း ဖြစ်သည်။ ၁၉၆၂ခုနှစ် အာဏာသိမ်းပြီးကတည်းက နိုင်ငံတော် ကောင်စီနှင့် ပါတီ တွင် ထိပ်တန်း နေရာ အတော်များများ ကို ရယူခဲ့သူ ဖြစ်သည်။ သူ့အား ခက်ထန်သော စစ်ဘက် အာဏာပွဲစားများ အကြားမှ အရပ်သား ပညာတတ်တစ်ဦး အဖြစ် သိထားကြပြီး တစ်ခါတစ်ရံ သူ့ကို တမူထူးသည့် စာရင်းတွင် ပါဝင်သော လူတစ်ဦး အဖြစ် ဝေဖန်ကြသည်။ သို့သော် နိုင်ငံခြားမှ လေ့လာသူများကမူ ဒေါက်တာမောင်မောင်သည် အမှန်တကယ် စစ်မှုထမ်း တစ်ဦးဖြစ်ခဲ့ပြီး စစ်ဘက်နှင့် နီးနီးကပ်ကပ် အစဉ် ဆက်ဆံမှု ရှိသူတစ်ဦးအဖြစ် ယူဆကြသည်။ သူသည် ၁၉၄၂ ခုနှစ်တွင် BDA ထံသို့ ဝင်ရောက်ခဲ့ကာ ဂျပန်ခေတ်တွင် ဗိုလ်သင်တန်းတက်ခဲ့ဖူးသည်။

စစ်ပြီးဆုံးသွားသည့်အခါ တပ်မတော်မှ အနားယူခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် စစ်ဘက် အရာရှိ များနှင့် အတွင်းကျကျ နီးကပ်မှု ရှိခဲ့သည်။ ဒေါက်တာမောင်မောင် သည် ၁၉၇၁ ခုနှစ်တွင် သူ၏သား မေမြို့ စစ်တက္ကသိုလ်မှ ဆင်းလာသည့်အခါ ‘စစ်သည်သားသိ’ု့ အမည်ရှိ စာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့သည်။ ယင်းစာအုပ်ထဲတွင် စစ်တပ်ကို ဂါရဝ ပြုထား၍ တပ်မတော်ကိုလည်း သူ၏ ဒုတိယအိမ်အဖြစ် ရည်ညွှန်းထားသည်။ မြန်မာနိုင်ငံသမိုင်းကို လေ့လာသူ ရှမ်းအမျိုးသား စိုင်းစန့် က ဒေါက်တာမောင်မောင်သည် ဦးနေဝင်းကို လေးစားသူ ပညာတတ်လူနည်းစုတွင် တစ်ယောက်အပါအဝင် ဖြစ်သည်ဟု ဖေါ်ပြခဲ့သည်။

ထိုလေးစားမှုကိုဒေါက်တာမောင်မောင်သည် ၁၉၆၈ခုနှစ်တွင် သူရေးသားခဲ့သော ‘မြန်မာပြည်နှင့် ဗိုလ်ချုပ်နေဝင်း’ ဟူသော ဦးနေဝင်းကို ချီးမွမ်းခန်း ဖွင့်ထားသည့် ကိုယ်ရေးအထုပ္ပုတ္တိတွင် ရှင်းလင်းစွာ ဖေါ်ပြထားသည်။ ၁၉၇၄ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြုစု ရေးသားခဲ့ရာ၌ အဓိက ပါဝင်ရေးသားခဲ့သူ တစ်ဦး အဖြစ် လူတိုင်းက သိထားကြသည်။ ထိုဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပေးရန် လူတိုင်းက တောင်းဆိုလျက်ရှိသည်။ လူပျော့ ဒေါက်တာမောင်မောင်သည် မည်သူကမျှ လက်မခံသော အတွင်းကြိတ်သမားတစ်ဦးဖြစ်လေသည်။ သူ့အား ဦးနေဝင်းရှေ့ မှာရပ်ပေးသူ နောက်ထပ် အာဏာမဲ့တစ်ဦး အဖြစ် မြင်ကြသည်။ ဦးစိန်လွင်ကို သားသတ်သမားအဖြစ် တစ်ပြည်လုံးက သိထားကြပြီး သူ့ကို ‘ရုပ်သေး’ဟူ၍ ရိုးရိုးလေးပင် နာမည်ပေးထားကြသည်။

သူ့အား ခန့်အပ်ကြောင်း အများသိအောင် မြန်မာ့အသံမှ ကြေညာခဲ့ပြီးနောက် မကြာမီတွင် ရန်ကုန်မြို့ရှိလမ်းများပေါ်၌ နောက်တစ်ကြိမ် ကန့်ကွက် ဆန္ဒပြသူများနှင့် ပြည့်ကြပ်သွားသည်။ အလွှာအသီးသီးမှ ထောင်ပေါင်းများစွာသော ပုဂ္ဂိုလ်များနှင့် ရဟန်းသံဃာများက ဒေါက်တာမောင်မောင်အား ခန့်အပ်မှုကို ရှုတ်ချကြပြီး တစ်ပါတီစနစ် အဆုံးသတ်ရန် တောင်းဆိုကြသည်။ တစ်နေ့ထက်တစ်နေ့ ဆန္ဒပြပွဲများ အင်အားခိုင်မာ တိုးပွားလာခဲ့သည်။ အုပ်ချုပ်သူများက သူတို့နောက်လိုက်မည့်သူ ကို ရွေး၍ သူတို့ကိုယ်စား ခန့်အပ်ထားခြင်းမှာ ပြည်သူတို့အတွက် အရေးမကြီးပေ။

တိကျပြတ်သားသော ကြွေးကြော်တောင်းဆိုချက်များ ရရန်သာ အဓိက ဖြစ်သည်။ ဒီမိုကရေစီနှင့် မဆလ အစိုးရ ဆင်းပေးရေးတို့ကို သာ လိုလားကြောင်း သိသာထင်ရှားနေပေသည်။ ကြားဖြတ် အစိုးရ ဖွဲ့စည်းပေးရေး တောင်းဆိုမှုကို ဖိအားပေးရန်အတွက် ၂၂ရက် နေ့တွင် ပြည်လုံးကျွတ် အထွေထွေ သပိတ်မှောက်ရန်ကြေညာလိုက်သည်။ သို့နှင့် နိုင်ငံနှင့် အဝှမ်း အစိုးရ ယန္တရား အားလုံး ရပ်ဆိုင်းသွားတော့သည်။


* * * * * *

မကြာမီ တစ်နိုင်ငံလုံးရှိ မြို့များနှင့် မြို့ကြီးများရှိ လမ်းများတွင် ပြည်သူများ ပြန်လည် ထွက်ပေါ်လာခဲ့ကြသည်။ တနင်္သာရီတိုင်း၏ တောင်ဘက်အစွန်းရှိ ကော့သောင်း (သို့) ဝိတိုရိယအငူမှ မြောက်ဖျားရှိ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား ထိတိုင်အောင် သပိတ်စခန်းများ ဖွင့်လှစ် ခဲ့ကြသည်။ မန္တလေး၌ ပြည်သူ တစ်သိန်း ချီတက် ဆန္ဒပြကာ မဆလ အစိုးရ ထွက်ပေးရန် တောင်းဆိုမှုတွင် လက်တွဲပါဝင်ခဲ့ကြသည်။ စစ်ကိုင်းမြို့ ရဲစခန်းအပြင်ဘက်တွင် လူအုပ်ထဲသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ မဆလ အရာရှိ သူရကျော်စွာကို မန္တလေးရှိ ရဟန်းပျိုတရားရုံးက သေဒဏ်ချမှတ်ခဲ့သည်။ ပြီးနောက် ရှောင်တိမ်းနေသော သူရကျော်စွာ၏ ဦးခေါင်းကို ဖြတ်ပေးနိုင်သူအား ဆုငွေ ၃သိန်း ပေးမည်ဟု ကြေညာခဲ့သည်။

ဆန္ဒပြပွဲသစ်များကို နေရာအနှံ့အပြား၌ ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့ကြသည်။ မော်လမြိုင်မြို့ တစ်မြို့သာ ချွင်းချက်ဖြစ်၏။ သြဂုတ်လ ၂၁ရက်နေ့တွင် မော်လမြိုင်မြို့ မွန် စာကြည့်တိုက်ရှေ့၌ လူအုပ်ကြီး စုရုံးလျက်ရှိစဉ် ပြည်သူ့ကောင်စီဝင် ဦးစိုးလှိုင်နှင့် ပါတီယူနစ်ခေါင်းဆောင် ဦးဟန်ရင်တို့က တပ်ဖွဲ့တစ်ဖွဲ့အား ဦးဆောင်လာနေသည်ကို တွေ့မြင်လိုက်ရသည်။

“ဦးစိုးလှိုင်နဲ့ ဦးဟန်ရင်က လူအုပ်ထံသေနတ်နဲ့ပစ်ဖို့ စစ်သားတွေကို အမိန့်ပေးခဲ့တယ်။ ထိခိုက်သေဆုံးတဲ့ လူဦးရေကို တွက်ကြည့်တော့ ရဟန်း ၄ပါး အပါအဝင် စုစုပေါင်း ၄၇ဦး သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့တယ်။ အဲ့ဒီအချိန်မှာ ထောင်ချီတဲ့ ပြည်သူတွေက ဒေါသထွက်ပြီး ကျွန်တော်တို့နှင့်အတူ အရာရှိ နှစ်ဦး အိမ်ဝင်စီးကြတယ်။ အဲ့ဒီအရာရှိနှစ်ဦးဟာ အနီးအနားမှာ ရှိတဲ့ စစ်တပ်ထဲ ထွက်ပြေးသွားကြတယ်။ ကျွန်တော်တို့ သူတို့အိမ်က ကျပ်၉သိန်းဖိုးလောက် ရှိတဲ့ ပစ္စည်းတွေကို သိမ်းယူခဲ့ကြတယ်။ TVတွေ၊ Video ပြစက်တွေနဲ့ မှောင်ခိုပစ္စည်းမျိုးစုံ ပါတယ်။ အဲဒီ ပစ္စည်းတွေကို ကျွန်တော်တို့ သပိတ်ကော်မတီ ရံပုံငွေ အတွက် မော်လမြိုင်မှာ ရှိတဲ့ လမ်းပေါ်ဈေးမှာ ဈေးချိုချိုနဲ့ဘဲ ရောင်းပစ်ခဲ့တယ်”ဟု အသက် ၂၀ရှိ ဓါတုဗေဒကျောင်းသား မင်းဝင်းထွဋ်က ပြန်ပြောပြသည်။
မြို့နေလူများက သိမ်းပိုက်ခဲ့သည် မြို့များတွင် မော်လမြိုင်မြို့သည် ပထမဦးဆုံးဖြစ်သည်။ မြို့ရှိ ရုပ်ရှင်ရုံကြီးတစ်ရုံ၏ အပြင်ဘက်တွင် မြို့နေလူများက တောက်ပစွာ ရေးချယ်ထားသော ရုပ်ရှင်ပိုစတာနှင့် တူသည့် ပိုစတာတစ်စောင် ကပ်လိုက်ကြသည်။

ပိုစတာပေါ်မှာ ကြောက်ရွံ့ထိတ်လန့်နေသော လူနှစ်ဦးနောက်သို့ ဒေါသထွက်နေသော လူစု လူဝေးကြီးက ပြေးလိုက်နေသည့်ပုံ ဖြစ်သည်။ ပိုစတာ၏ အမည်မှာ ‘ပြေး’ ဟူ၍ ဖြစ်သည်။ ထွက်ပြေးနေသူနှစ်ယောက်၏ ပုံမှာ ဦးစိုးလှိုင်၊ ဦးဟန်ရင်တို့နှင့် တထေရာတည်း တူနေသည်ကို အံ့သြစွာ တွေ့ရသည်။
ရန်ကုန်တွင် အာဏာပိုင်များ ချဉ်းကပ်ပုံ နည်း အသစ်မှာ အဓမ္မဆန်လွန်းလှသည် မဟုတ်ပေ။ ဥက္ကဋ္ဌ ဦးတင်အောင်ဟိန်း အပါအဝင် အဖွဲ့ဝင် ၁၁ဦးပါရှိသည့် ပြည်သူ့ဆန္ဒလေ့လာ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းလိုက်သည်။ ထို့နောက် မေးမြန်းလွှာများကို ရိုက်နှိပ်ကာ မြို့ထဲတွင် ဖြန့်ချီခဲ့သည်။

ဤသည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ကူးကို အတုယူခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့အတိုင်ပင်ခံ ကော်မတီ တစ်ရပ် ဖွဲ့စည်းရန် အဆိုပြုလွှာကို ၁၅ရက် နေ့က အထက်သို့ တင်ပြခဲ့ပြီးဖြစ်သည်။ သို့သော် ၁၅ရက် သာကြာလိုက်ပြီး ဦးတင်အောင်ဟိန်း၏ ကော်မရှင်မှာရပ်ဆိုင်းသွားတော့သည်။ ကော်မရှင်ကို နေ့စဉ်နှင့်အမျှ ထောင်ပေါင်းများစွာသော ပြည်သူများက လာရောက်ဝိုင်းကြပြီး မဆလ အစိုးရအပေါ် မကျေနပ်ချက်များကို အော်ဟစ်ခဲ့ကြသည်။


* * * * *
၂၄ရက်နေ့တွင် မမျှော်လင့်ဘဲ ရန်ကုန်နှင့် ပြည်မြို့တို့၌ မာရှယ်လော စစ်ဥပဒေကို ရုပ်သိမ်းခဲ့သည်။ ရန်ကုန်မြို့လမ်းများပေါ်တွင် စောင့်ကြပ်လှည့်လည်နေသည့် စစ်သားများကို ပြန်လည် ရုပ်သိမ်းသွားသည့်အခါ ဆန္ဒပြသူ ထောင်ပေါင်းများစွာ တို့၏ဝမ်းသာအားရ အော်ဟစ်သံများကဆူညံသွားတော့သည်။ ပျော်ရွှင်နေသော ပြည်သူများက အောင်ပွဲခံကာ ကြွေးကြော်သံများ ဟစ်ကြွေးသူက ဟစ်ကြွေး၊ အလံများ ဝှေ့ယမ်းသူက ဝှေ့ယမ်းကြပြီး စစ်ကားများ မြို့ထဲမှ မောင်းနှင် ထွက်ခွာသွားကြသည့်အခါ ပြည်သူတစ်ရပ်လုံးက ဆူညံစွာ သြဘာပေးခဲ့ကြသည်။

နောက်တစ်နေ့တွင် ဇူလိုင် ၂၉ရက်နေ့က ဖမ်းဆီးခြင်းခံခဲ့ကြရသော အစိုးရဆန့်ကျင်ရေးသမား ဦးအောင်ကြီးနှင့်အတူ အေပီသတင်းထောက် ဦးစိန်ဝင်းနှင့် အခြားပုဂ္ဂိုလ်များ ပြန်လည် လွတ်မြောက်လာကြသည်။ ဦးအောင်ကြီးက သူ့နေအိမ်အနီးရှိ စန်းချောင်း ပဒုမ္မာကွင်းတွင် ပရိသတ် ၃၀၀၀၀ ခန့်ကို မိန့်ခွန်းပြောကြားခဲ့သည်။ စင်မြင့်ပေါ်တွင် သူ့အနီး၌ ရဲဘော်သုံးကျိပ်ဝင် တစ်ဦးဖြစ်သော ဗိုလ်မှူးအောင် ရှိနေခဲ့သည်။ ဦးအောင်ကြီး မိန့်ခွန်းကို ပထမတွင် ပြည်သူများက သြဘာပေးကြသော်လည်း “တပ်မတော်သားတိုင်းဟာ အလံကို ကိုင်ပြီး သစ္စာပြုရတယ်။ တပ်မတော်သည် တိုင်းပြည်အတွက် ဖြစ်ရမည်တဲ့။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူလူထုဟာ တပ်မတော်ကို လေးစားရမယ်။ တပ်မတော်မရှိရင် တိုင်းပြည်ဆိုတာ ကမ္ဘာမှာ မရှိဘူး။ ဗမာပြည်မှာ ရှိတဲ့ တပ်မတော်ဟာ အင်မတန် အစဉ်အလာကြီးတယ်။ ကျွန်တော်တို့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်မဲ့လူတွေ၊ ပြည်သူလူထု အတွက် ပြုလုပ်မယ့်တပ်မတော် ဖြစ်တယ်။ ဒါကြောင့် တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့” ဟူ၍ ပြောလိုက်သည့်အခါ ပရိသတ်ကြီးမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။

လူအုပ်ကြီး ငြိမ်ကျသွားသည့်အခါ ဦးအောင်ကြီးသည် ပရိသတ်များ စိတ်ပြောင်းစိတ်လွဲ ဖြစ်သွားသည်ကို သတိပြုမိလိုက်သည်။ ပါးနပ်သော ဦးအောင်ကြီးက ထိုအခိုက်တွင် သူ့မိန့်ခွန်းကို ခေတ္တ ရပ်လိုက်ပြီး ပရိသတ်ကို ဒီမိုကရေစီ ကြွေးကြော်သံများ တိုင်ပေးလိုက်ရာ ပရိသတ်ကြီး၏ သြဘာပေး လက်ခုပ်သံများ ပြန့်လွင့်သွားပြန်သည်။

ရန်ကုန်မြို့လယ်တွင် ဆန္ဒပြသူများ ပို၍ အတင့်ရဲလာကြသည်။ မျက်နှာတွင် စီးထားသည့် လက်ကိုင်ပုဝါများကို ဖြုတ်ပြစ်လိုက်ကြပြီး လမ်းဒေါင့်တိုင်းတွင်လည်း အစိုးရ ဆန့်ကျင်ရေးတရား ဟောမည့်သူများအတွက် တရားဟော စင်မြင့်များ တည်ဆောက် ကြသည်။ များမကြာမီ အဖွဲ့ အသီးသီးက ကိုယ့်အဖွဲ့နှင့် ကိုယ် ချီတက် ဆန္ဒပြကြသည်။ ရှေ့နေများက ရှေ့နေ ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး ဆရာဝန်နှင့် သူနာပြု ဆရာမများကလည်း အဖြူရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ ဘဏ်ဝန်ထမ်း၊ ကုန်သည်များ၊ အလုပ်သမားများ၊ စာရေးဆရာများ၊ ပန်းချီအနုပညာရှင်များ၊ ရုပ်ရှင်သရုပ်ဆောင်များ၊ ဝန်ကြီးဌာနအသီးသီးမှ အစိုးရ ဝန်ထမ်းများ အပြင် အိမ်ရှင်မ အဖွဲ့ကလည်း အိုးခွက်များကို စည်းချက်ကျကျ ထုနှက်ကာ ဒီမိုကရေစီ တောင်းဆိုကြလေတော့သည်။ ရှည်လျားသော ဆိုက်ကားတန်းကြီးမှာ အနှေးယာဉ် ဝန်ထမ်းတို့ ချီတက်လာကြခြင်းဖြစ်ပြီး ဘာသာရေး အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကလည်း ပါဝင်ဆင်နွှဲကြသည်။ ခရစ်ယာန်ဘုန်းကြီးများက

“ယေရှုဘုရားသခင် ဒီမိုကရေစီကို ချစ်မြတ်နိုးပါသည်”

ဟု ကြွေးကြော်ချီတက်ခဲ့ကြသည်။ ဒီမိုကရေစီ ချစ်မြတ်နိုးသည့် မျက်မမြင်အဖွဲ့ကလည်း မညီမညာ ချီတက်လာကြသည်။ ထို့အပြင် အလှ ဖန်တီးရှင်များ အဖွဲ့ကလည်း တူညီသော အခွင့်အရေးကို တောင်းဆိုရင်း ချီတက်လာကြသည်။ ညီညွတ်မှုကို ပြသရန် ဆန္ဒပြသူအများစုမှာ အနီခံ၌ အဖြူရောင် ချိုးငှက်ပါရှိသော ခေါင်းစီးများကို ပတ်ထားကြသည်။ ဤသည်တို့မှာ ဖိလစ်ပိုင်နိုင်ငံမှ ကာဒီနယ်လ်စင် (Cardinal Sin)၏ မှတ်သားဖွယ် စကားအရ စစ်မှန်သော ‘လမ်းများပေါ်မှ လွှတ်တော်’ (Parliament of the streets)ပင်ဖြစ်တော့သည်။

ရှမ်းပြည်နယ်တောင်ကြီးမြို့၌ ရဲတပ်သားများ၊ ဆရာဝန်များ၊ ဒေသခံကုန်သည်များ၊ အစိုးရဝန်ထမ်းများအပြင် လယ်သမားများကလည်း နွားလှည်းများ မောင်းနှင်ကာ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြ၏။

စုစုပေါင်း ပြည်သူတစ်သိန်းနီးပါးမှာ မြို့၏ ပျော်ပွဲရွှင်ပွဲ ကျင်းပသည့်နှယ် ပါဝင်ဆင်နွဲခဲ့ကြသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်မှ ဟင်္သာတနှင့် ပုသိမ် ရေနံမြေမှ ချောက်နှင့် ရေနံချောင်း၊ မြန်မာပြည် အလယ်ပိုင်းမှ ပြည်၊ မကွေး၊ တောင်ငူ၊ ပျဉ်းမနား နှင့် မိတ္ထီလာမြို့များတွင် ပြည်သူ သန်းပေါင်းများစွာတို့မှာ မဆလ အစိုးရကို ချီတက် ဆန္ဒပြ ခဲ့ကြသည်။ မြန်မာပြည်၏ မြို့နယ်ပေါင်း ၃၁၄ခုတွင် သပိတ်စခန်းပေါင်း ၂၀၀ကျော် ဖွင့်လှစ်ခဲ့ကြသည်။ ကျေးလက်မှ လယ်သမားကြီးများ ဆန္ဒပြပွဲများတွင် ပါဝင်ရန် နီးရာမြို့များသို့ လော်လီကားများ၊ နွားလှည်းများဖြင့် တစ်သုတ်ပြီး တစ်သုတ် ရောက်လာကြသည်။ အချို့မှာ ခြေလျင်ခရီးနှင် ခဲ့ကြသည်။ မြို့နှင့် ကျေးလက် တောရွာများမှ ပြည်သူအားလုံးလိုလိုပင် တိုင်းပြည်ကို နှစ်ပေါင်း ၂၀ကျော် အသက်ရှုကြပ်စေခဲ့သည့် စစ်တပ်ကြီးစိုးဝံ့သော တစ်ပါတီစနစ် အဆုံးသတ်ရန် တညီတညွတ်တည်း တောင်းဆိုခဲ့ကြသည်။
လူမျိုးရေး ပဋိပက္ခစိတ်များ မေ့ပျောက်ကုန်ပြီး တစ်ခုတည်းသော အရေအတွက် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားများနှင့် နိုင်ငံရေး အဖွဲ့အစည်းများ အားလုံး လက်တွဲညီညီ ချီတက်ခဲ့ကြသည်မှာ အခုအကြိမ်သည် ပထမဦးဆုံးအကြိမ် ဖြစ်ပေလိမ့်မည်။ ဗုဒ္ဓဘာသာနှင့် မူဆလင် ဘာသာရေး တင်းမာမှုများ အချိန်ကြာရှည် ဖြစ်ပွားလျက်ရှိသည့် ရခိုင်ပြည်နယ်၌ မတူညီသော ဘာသာရေးအဖွဲ့အစည်း နှစ်ခုမှာ ယခုအခါ လက်ချင်းတွဲ၍ အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်အော်လျက် ချီတက် ဆန္ဒပြခဲ့ကြသည်။ အဝါရောင် ဗုဒ္ဓသာသနာ အလံက လခြမ်း အမှတ်အသားပါရှိသည့် အစိမ်းရောင် အစ္စလာမ်ဘာသာအလံနှင့် ယှဉ်တွဲကာ လေထဲ၌ တလူလူ လွှင့်လျက် ရှိနေခဲ့သည်။

သြဂုတ်လ ၂၂ရက်နေ့တွင် ရခိုင်ပြည်နယ်၏ မြို့တော်၌ လူထုစည်းဝေးပွဲကြီး ပြုလုပ်ခဲ့သည်။ လူငယ်မြောက်မြားစွာနှင့် အသက်ကြီး ပုဂ္ဂိုလ် များစွာတို့အပြင်၊ မေ့လျှော့နေကြပြီဖြစ်သော နိုင်ငံရေးသမားဟောင်းကြီးများပင် ပေါ်ထွက်လာကြပြီး အရေးတော်ပုံ အောင်မြင်ရန် ဟစ်ကြွေးနေကြသည်။ ယင်းနိုင်ငံရေးသမားဟောင်းများတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀က ရခိုင်ရိုးမ၌ ပျောက်ကြားစစ်ဆင်နွှဲခဲ့သူ ‘ဘုံပေါက်သာကျော်’ ၁၉၈၂ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာခဲ့စဉ်က အလင်းဝင်ခဲ့သော ရခိုင်ကွန်မြူနစ် ပါတီခေါင်းဆောင် ‘ကျော်ဇံရွှီး’ အပြင် ဂျပန်ခေတ်က ဒေသဆိုင်ရာ ဘီအိုင်အေ တပ်တွင် တပ်မှူး ဖြစ်ခဲ့ဖူးသော ‘ဘိုဂရီး ကရာလှအောင်’ တို့ ပါဝင်သည်။ ရှေ့နေ၊ကျောင်းဆရာ ဆရာမများနှင့် ကျောင်းအုပ်ဆရာကြီးများ ပင်ပါဝင်ခဲ့သည်။ရခိုင်ပြည်နယ်မန်အောင်ကျွန်းတွင် ဒေသခံလယ်သမားများနှင့်
ရေလုပ်သားများက တရားမဝင်တော့သည့် ၇၅ကျပ်တန် ငွေစက္ကူများနှင့် တန်ဆာဆင်ထားသည့် နေဝင်းနှင့် စိန်လွင်ဟု အမည်တပ်ထားသော အလောင်းနှစ်လောင်း ထမ်းကား မြစ်ကမ်းဘေး၌ သဂြိုလ်၍ သရော်ခဲ့ကြသည်။


*********

ရန်ကုန်ဆေးရုံကြီးနှင့် အမေရိကန်သံရုံးတို့မှာ နေ့စဉ်လူထု ဆန္ဒပြပွဲများအတွက် စုဝေးရာနေရာများ ဖြစ်သည်။သို့သော်၂၅ရက်နေ့ နေ့လည်တွင် ထောင်ပေါင်းများစွာသော ပြည်သူတို့သည် ရွှေတိဂုံဘုရား အနောက်ဘက်ရှိ ကွင်းပြင်၌ စတင်စုဝေးခဲ့ကြသည်။ တချို့မှာ အိပ်ယာလိပ်များ ယူလာကြပြီး တချို့မှာ မိသားစုများနှင့် ဝိုင်းဖွဲ့ကာ ညနေစာထမင်းစား သုံးလျက်ရှိကြသည်။ ပြည်သူတို့အား ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည်ဟူ၍ ကြေညာထားသဖြင့် စောစီးစွာ နေရာဦးထားမှ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။ ၂၆ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူလူထုမှာ တဖြေးဖြေး များလာပြီး အနည်းဆုံး လူငါးသိန်းခန့်ရှိကာ အသက်အရွယ်ပေါင်းစုံ၊ လူမျိုးပေါင်းစုံပါဝင်ခဲ့သည်။ အသက် ၂၃နှစ်အရွယ် ရှိ အောင်ဝင်းလည်း ပါဝင်ခဲ့သည်။

“လူတွေ အားလုံးပျော်နေကြတယ်။ ဒါပေမဲ့ ဟောပြောပွဲကြီး မစတင်မီ ဗုံးခွဲမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့် ပရိသတ် အထိတ်တလန့်ဖြစ်ခဲ့ကြရတယ်။ ကျွန်တော်တို့ မနက် ၇နာရီမှာ ရောက်လာကြပြီး စင်မြင့် အနီးတဝိုက် အသေအချာ ရှာဖွေခဲ့ကြတယ်။ ၃ နာရီကျော်ကျော် ကြာခဲ့တယ်။ မသင်္ကာတဲ့ လူတွေကိုလည်း စစ်ဆေးခဲ့တယ်။ ရွှေတိဂုံ အပြင်ဘက် ကွင်းပြင် တစ်ခုလုံးမှာတော့ လူတွေ ပြည့်ကြပ်နေတာဘဲ။ ဦးဝီစာရလမ်း တဝိုက်မှာလည်း လူတွေပြည့်နေတာဘဲ။ ကျောင်းသားတွေနဲ့ ရဟန်းတွေက လုံခြုံရေးအတွက် တာဝန်ယူကြရတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ဟောပြောမယ့် စင်မြင့်ကြီးကို ကျွန်တော်တို့အားလုံး လက်ချင်းချိတ်ဆက်ပြီး စောင့်ကြပ်ခဲ့ပါတယ်” ဟု အောင်ဝင်းက ပြောပြသည်။

ဟောပြောမည့် စင်မြင့် အထက် နောက်ခံနံရံပေါ်၌ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်ုး ဓါတ်ပုံကြီးကို ဒုတိယ ကမ္ဘာစစ်အတွင်းက တော်လှန်ရေး အလံနှင့် ယှဉ်တွဲ ချိတ်ဆွဲထားသည်။ အသံချဲ့စက် များကို လူအုပ်ဘက်လှည့်ထားသည်။ ဒေါ်အောင်ဆန်းစုကြည် ရောက်လာသောအခါ ပရိသတ်မှာ အလွန်များပြားသောကြောင့် သူမ၏ကားကို ဟောပြောပွဲ နေရာအပြင်ဘက်တွင် ရပ်ထားခဲ့ရသည်။ သူမ စင်မြင့် ရှိရာသို့ ဦးတည်လျှောက်လာသောအခါ လက်ခုပ်သံများ သြဘာသံများ နားကွဲလုမတတ် ပေါ်ထွက်လာသည်။ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီး ဦးထွန်းဝေက ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများနှင့် မိတ်ဆက်ပေးလိုက်ပြီး မငြိမ်မသက်ဖြစ်နေသော ပရိသတ်ကို ထိုင်ကြရန်နှင့် မိန့်ခွန်း နားထောင်ကြပါရန် ပန်ကြားလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်က စကားပြောခွက်ကို ယူလိုက်ပြီး ပဏာမ မိန့်ခွန်းဖြစ်သော ညီညွတ်မှုနှင့် စည်းကမ်းရှိမှုဖြင့် ဒီမိုကရေစီရရှိရေး မိန့်ခွန်းပြောကြားပြီး သူမကိုယ်ရေး ရာဇဝင်နှင့် ပတ်သက်သည့် အကြောင်းများ ဆက်လက်ပြောကြားခဲ့သည်။

“ကျွန်မ ဒီကနေစပြီးတော့ ပြည်သူလူထုနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံပါရစေ။ ကျွန်မ နိုင်ငံခြားမှာ နေခဲ့တယ်ဆိုတာလည်း မှန်ပါတယ်။ နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျ တယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမဲ့ ဒါလေးအတွက်ကြောင့် ကျွန်မ တိုင်းပြည်အပေါ်မှာ ထားတဲ့ မေတ္တာ ဘယ်လိုနဲ့မှ ကျဆင်းမသွားနိုင်ပါဘူး”
“နောက်တစ်ခု ကျွန်မဟာ ဗမာပြည်နိုင်ငံရေး အကြောင်း ဘာမှ နားမလည်ဘူးတဲ့။ တကယ်တော့ နားလည်လွန်းလို့ ခက်နေတာဘဲ”
“ဗမာပြည်နိုင်ငံရေးဟာ ဘယ်လောက်ရှုပ်ထွေးတယ် ဒီ ရှုပ်ထွေးမှုဒဏ်ကို ဖေဖေဘယ်လောက်ခံစားခဲ့ရတယ်ဆိုတာ ကျွန်မတို့ မိသားစုက အသိဆုံးပါဘဲ”
“ဒါကြောင့်မို့လို့လည်း လွတ်လပ်ရေး ရပြီးတဲ့ အခါ ကျလို့ရှိရင် ထပ်ပြီးတော့ အာဏာလုတဲ့ နိုင်ငံရေးမျိုးကို ဆက်မလုပ်ချင်ဘူး ဆိုတာ ဖေဖေ အတိအလင်း ပြောသွားပါတယ်”
“ဒီလို ပြောသွားတာမျိုး ကြောင့်မို့လို့ ကျွန်မလည်း နိုင်ငံရေးလောကနဲ့ ဝေးဝေးကင်းကင်း နေခဲ့ချင်ပါတယ်။ အဲဒီလို ဝေးဝေးကင်းကင်း နေချင်ခဲ့လျက်သားနဲ့ အခုမှ ဘာဖြစ်လို့ ဒီအရေးအခင်းထဲမှာ ဝင်ပါနေသလဲလို့ မေးစရာ လည်း ရှိပါတယ်”
“အဲဒီဟာကတော့ ဒီအရေးအခင်းဟာ တတိုင်းပြည်လုံးနဲ့ ဆိုင်တဲ့ အရေးအခင်း ဖြစ်နေပါတယ်။ ကျွန်မမှာလည်း ဖေဖေ့ရဲ့ သမီးလုပ်ပြီး ခေါင်းရှောင်နေလို့ မဖြစ်တော့ဖူး။ ဒီအရေးအခင်း ဟာ တကယ်တော့ ဒုတိယ လွတ်လပ်ရေးတိုက်ပွဲကြီးလို့ ခေါ်ရင်လည်း ဖြစ်ပါတယ်”
ရာပေါင်းထောင်ပေါင်းများစွာသော လူထု ပရိသတ်ကြီးက လက်ခုပ်တီး သြဘာ ပေးကြသည်။ သူမမိန့်ခွန်း အဆုံးသတ် သည့်အခါ၌ သြဘာသံများက အုံးအုံးကြွက်ကြွက် ဆူညံသွားတော့သည်။

သူမမိန့်ခွန်း လာရောက်နားထောင်ကြသည့် ပြည်သူအများစုမှာ သူမအား ကြည့်လိုကြသူကများသည်။ ဗမာပြည် ထိပ်တန်း ခေါင်းဆောင်၏ သမီး အသက် ၄၃နှစ် ရှိ ဒေါ်အောင်ဆန်းစုကြည်မှာ မိန့်ခွန်း ပြောကြားနေစဉ်တွင်ပင် ပြည်သူများ၏ ချစ်ခင်မှုကို ရရှိခဲ့သည်။ သူမက နိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး တောင်းဆိုမှု ပြုလုပ်ခဲ့သော အတိုက်အခံ ခေါင်းဆောင်တစ်ဦး အဖြစ် ပေါ်ထွက်လာခဲ့လေသည်။
“ကျွန်တော်တို့အားလုံး အံ့အားသင့် သွားကြတယ်။ သူမဟာ သူမ အဖေနဲ့ ရုပ်ချင်း တူယုံသာမက ဘူး။ စကားပြောတာလဲ သူ့အဖေနဲ့ တပုံစံထဲဘဲ။ တိုတိုနဲ့ လိုရင်းကို ပြောတယ်” ဟု အောင်ဝင်းက ပြောပြသည်။

နောက်တစ်နေ့ (၂၇ရက်)တွင် ထင်ရှားသော ပုဂ္ဂိုလ် တစ်ဦးဖြစ်သူ ကာကွယ်ရေး ဝန်ကြီးဟောင်း ဦးတင်ဦး မိန့်ခွန်း ပြောကြားခဲ့ပြန်သည်။ သူသည် စစ်တပ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရကာ ၁၉၇၆ ခုနှစ်တွင် အထိန်းသိမ်းခံခဲ့ရသည်။ ရန်ကုန်ဆေးရုံကြီး အပြင်ဘက်၌ သူမိန့်ခွန်း ပြောကြား နေစဉ် ပရိသတ် ၄၀၀၀ကျော်မျှ တက်ရောက်နားထောင်ခဲ့သည်။ သူကဒေါက်တာမောင်မောင် ၏ ၁၉၅၀ ခုနှစ်များက အတွေးအခေါ်အဟောင်းကို ကိုးကား၍ ပြောကြားခဲ့သည်။

“အခု သမ္မတ တက်လုပ်နေတဲ့ စာရေးဆရာ၊ ဒေါက်တာ သူစာတမ်းပြုစုပြီး ဒေါက်တာဘွဲ့ ယူထားတဲ့ စာအုပ်တွေ ကျွန်တော် အများကြီး ဖတ်ဖူးပါတယ်။ အဲဒီတုံးက သူရေးခဲ့တဲ့ စာတမ်းမှာ ၁၉၄၇ခု ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ တစ်ပါတီ စနစ်ဟာ ပြည်သူတွေကို အရုပ်ပမာ ကျင့်သုံးတဲ့ စနစ်ဆိုးဘဲတဲ့။ ဒီတော့ ကျွန်တော်တို့ရဲ့ ဖွဲ့စည်း ပုံဟာ ပါတီစုံ ဒီမိုကရေစီကို ပေးထားတဲ့ အတွက် လွတ်လပ်ရေး၊ ညီမျှရေး၊ တရားမျှတရေး Liberty Equality Justice ရှိတာမို့ အင်မတန်ကို ဒေါသတရားကင်းတဲ့ ဒီမိုကရေစီ ဆိုတာ ဖြစ်ပါတယ်တဲ့။ အခုတော့ သူက ဘယ်လိုဖြစ်တယ် ကျွန်တော်မသိဘူး။
တစ်ခါထဲ တစ်မျိုးကြီးကို ဖြစ်နေတာဘဲဗျာ”
ပရိသတ်များ၏ ရီသံများ ထွက်ပေါ်လာပြီး သြဘာပေးကြသည်။

၁၉၈၀ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်အပြင် ရောက်ခဲ့ပြီး ဦးတင်ဦးသည် ဥပဒေ စာပေးစာယူသင်တန်း တက်ခဲ့သည်။ မဆလ အစိုးရကို ဆန့်ကျင်ရန် စတင်ဖွဲ့စည်း ခဲ့သော မြန်မာများ ထဲက အင်အားစုများအား သူ၏ စာနာ ထောက်ထားမှုကို လျှို့ဝှက်စွာ ပြောကြားခဲ့သည်။ ပြည်သူများ အကြား၌ သူ့နာမည် ပြန်လည် ပေါ်ထွက်လာသည့်အခါ ပြည်သူအများစုက သူ့ကို မျှော်လင့် အားထားလျက်ရှိကြသည်။ သြဂုတ်လ ၈ရက်နေ့တွင် ဆန္ဒပြသူများက စစ်သားများကို သူတို့ဘက်ပါအောင် ဆွယ်ခဲ့ကြသေးသော်လည်း မအောင်မြင်ခဲ့ပေ။ သို့သော် ယခုတွင်မူ ကာကွယ်ရေးဝန်ကြီးဟောင်းနှင့် စစ်ဦးစီးချုပ်ဟောင်းက ဒီမိုကရေစီ အရေးအခင်းထဲ ပူးပေါင်း ဝင်ရောက်လာခဲ့ပေပြီ။ သူ့တွင် စစ်တပ်ထဲမှ သူ့တပည့် နောက်လိုက်များ ရှိနေသေးသည်ဟူ၍ အများက ယုံကြည်လျက် ရှိကြသည်။ ယင်းယုံကြည်မှုမှန်လျှင် ဖြစ်ရပ်များအပေါ် အရေးပါသော လွှမ်းမိုးမှု သက်ရောက်နိုင်မည် ဖြစ်လေသည်။

နိုင်ငံရေးသမား များစွာတို့သည် ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံသည့် ကြေညာချက်များ တစ်ဦးပြီး တစ်ဦး ထုတ်ပြန်ကြလေတော့သည်။ အသက် ၈၀ အရွယ် ဦးနုမှာ သူ့အသက်ကိုပင် မငဲ့ညှာတော့ဘဲ နိုင်ငံရေး နယ်ထဲ ပြန်လည် ဝင်ရောက်လာခဲ့သည်။ သြဂုတ်လ ၂၈ရက်နေ့တွင် သူသည် တစ်ပါတီ အုပ်ချုပ်မှုကို ဆန့်ကျင်ကာ ၂၆နှစ် အတွင်း မြန်မာပြည်၏ ပထမဆုံး လွတ်လပ်သည့် နိုင်ငံရေး အဖွဲ့အစည်း တစ်ခုကို တည်ထောင်လိုက်ပေသည်။ ပါတီ၏ အမည်ကို ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး (ယာယီ) ပါတီဟု အမည်ပေးခဲ့သည်။ ၁၉၅၀ခုနှစ်များ၏ ပါလီမန် ဒီမိုကရေစီခေတ်က သူ့လုပ်ဖော်ကိုင်ဖက် ဟောင်း နိုင်ငံရေးသမားကြီးများက ဝန်ကြီးချုပ်ဟောင်း ဦးနုအား ထောက်ခံကြောင်း ကြေညာခဲ့သည်။

မထင်မရှား မေ့မေ့ပျောက်ပျောက် ဖြစ်နေသော သခင်ချစ်မောင်၊ သခင်လွင်၊ သခင်တင်မြ၊ ဦးရဲထွဋ်နှင့် အခြားလက်ဝဲ ခေါင်းဆောင်များလည်း ထွက်ပေါ်လာကြသည်။ တစ်ချိန်က ရဲရဲတောက် ဖြစ်ခဲ့သော သခင်စိုးသည်လည်း ပြန်လည် ရှင်သန်လှုပ်ရှားလာခဲ့သည်။ အသက် ၈၃နှစ်ရှိ မကျန်းမမာ ဖြစ်နေသော အလံနီ ကွန်မြူနစ် ပါတီ ခေါင်းဆောင်က ဆေးရုံမှ နေ၍ အုံကြွမှုကြီးကို ထောက်ခံသည့် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
တစ်နိုင်ငံလုံးရှိ မဆလ ပါတီဝင်များက ပါတီမှ အစုလိုက် အပြုံလိုက် နှုတ်ထွက်ကြသည်။ ဒေသဆိုင်ရာပါတီရုံးများသို့ သွားကြပြီး အဖွဲ့ဝင် ကတ်ပြားများကို ပြန်လည် အပ်နှံကြသည်မှာ နေ့စဉ် နေ့တိုင်းဖြစ်သည်။ ရက်သတ္တပတ်အတွင်း၌ မဆလ ပါတီကြီး ပြိုကွဲပျက်စီးသွား တော့သည်။ လက်ရှိ အရည်အချင်း ပြည့်သော တချို့ကျောင်းသား စည်းရုံးရေးသမားများမှာ ယခင်က လမ်းစဉ်လူငယ် ခေါင်းဆောင်ဟောင်းများ ဖြစ်ကြသည်။

နှစ်ကာလကြာရှည်စွာ လမ်းစဉ်လူငယ် စည်းရုံးရေး မှူးတစ်ဦး ဖြစ်ခဲ့ဖူးသူ ကိုလင်းက “ကျွန်တော်တို့ထဲက ပုဂ္ဂိုလ် အနည်းအကျဉ်းလောက်သာ ဘယ်အမှုကိစ္စကိုမဆို မဆလပါတီ အတွေးအခေါ်ကို လေးလေးနက်နက် ခံယူခဲ့ကြတာပါ။ လမ်းစဉ်လူငယ်အဖွဲ့ဟာ ကင်းထောက် အဖွဲ့အစည်းနဲ့ ပိုပြီး တူပါတယ်။ ကျွန်တော်တို့ အတွက် တောင်တန်းများမှာ ရှိတဲ့ နွေရာသီစခန်းများကို သွားရောက်ဖို့၊ တခြားလူငယ်တွေနဲ့ ရင်းနှီးဖို့ အထောက်အကူ ပြုခဲ့ပါတယ်။
၂၆နှစ်မျှ ငြိမ်သက်နေပြီးနောက် မြန်မာ့ တီထွင်ဖန်တီးမှု အစဉ်အလာ စိတ်ဓာတ်များ ပြန်လည် ရှင်သန်လာခဲ့သည်။ သြဂုတ်လ ကုန်ပိုင်းလောက်တွင် ရန်ကုန်မြို့တစ်မြို့ထဲ၌ လွတ်လပ်သည့် သတင်းစာနှင့် မဂ္ဂဇင်း စုစုပေါင်း စောင်ရေ ၄၀မျှ ထွက်ပေါ်လာပြီး နိုင်ငံရေး ဝေဖန်ချက် ပြည့်ပြည့်စုံစုံ၊ ပညာသား ပါသည့် ကာတွန်းများ၊ ထိမိသော သရော်စာများနှင့် ကာတွန်းများက မဆလပါတီနှင့် စစ်တပ်နောက်လိုက် အုပ်ချုပ်သူများကို အရူးလုပ်ခဲ့ကြသည်။

အစိုးရသတင်းစာများ ဖြစ်ကြသည့် လုပ်သားပြည်သူ့နေ့စဉ်နှင့် ဂါးဒီးယန်း သတင်းစာတို့တွင် လူပြောများသည့် နိုင်ငံရေးဆောင်းပါးများ ပါရှိလာပြီး ဆန္ဒပြပွဲ ဓါတ်ပုံများ စာမျက်နှာ ပြည့်လုနီးပါး ပါရှိလာခဲ့သည်။ အာရုဏ်ဦး၊ လွတ်မြောက်ရေးနေ့စဉ်၊သတင်းထူး အောင်ပွဲသစ်၊ သတင်းလွှာ စသည့် အသက်ဝင်သော သတင်းစာသစ်များလည်း ပေါ်ထွက် လာကြသည်။ တချို့မှာ နေ့စဉ်ထုတ်အဖြစ်၎င်း၊ တချို့မှာ ရက်ခြားထုတ်ပေးခဲ့ကြသည်။ အာဏာပိုင်များက ထိုသတင်းစာများ ထွက်ပေါ်လာသည်ကို သည်းခံနေပုံရသည်။ နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာန မှာ ပြောင်းလဲမှု မရှိခဲ့ပေ။ သို့သော် သတင်းစာ ဆရာများ ကဲ့သို့ပင် တူညီသော အခွင့်အရေး ရရှိရန် တောင်းဆိုခဲ့ကြသော အသံလွှင့်ဌာန ဝန်ထမ်းများ အလုပ်ထုတ်ခြင်း ခံကြရသည်။ တချို့က ဝါဒဖြန့်သတင်း ဆက်လက် မထုတ်လွှင့်တော့ဟုဆိုကာ သပိတ်မှောက်ကြသည်။

ညဘက်တွင် ပြည်သူများက ဘီဘီစီ သတင်းကို ဖမ်းယူနားထောင်ကြသည်။ ဗွီအိုအေ အမေရိကန် အသံထက် ဘီဘီစီ အင်္ဂလိပ် အသံကို ပိုမို နားထောင်ကြသည်။ ဘီဘီစီသည် မြန်မာပြည်သူများ အတွက် ယုံကြည်စိတ်ချရသော ပြည်ပသတင်းဌာနတစ်ခုဖြစ်ပြီး လူကြိုက်များသည်မှာ အငြင်းပွားဖွယ်မရှိချေ။ သို့သော် စစ်တပ်များတွင် ဘီဘီစီကို ရှုတ်ချထားသည့် စာအုပ်ငယ်များ လက်ကမ်းစာရွက်များကို ထောက်လှမ်းရေးဌာနက ဖြန့်ချီခဲ့သည်။ စစ်သားများ အနေနှင့် ကေလဟာလများကို မယုံကြည်ကြရန် တိုက်တွန်းထားသည်။

အုပ်ချုပ်သူနောက်လိုက်များက ဖြန့်ဝေခဲ့ခြင်း ဖြစ်ဟန်တူသည့် သတင်းမှာ ဦးနေဝင်းတိုင်းပြည်မှ ထွက်ခွာ တော့မည့် သတင်းပင် ဖြစ်သည်။ တခြား အသံတစ်ခုက စန္ဒာဝင်း၏ ခင်ပွန်း အေးဇော်ဝင်း ထံမှ ထွက်လာခဲ့သော်လည်း ယင်းသတင်းမှန်မှာ ကာကွယ်ရေးဝန်ကြီးကောင်း ဦးကျော်ထင်၏ သားထံမှ ထွက်ပေါ်လာခဲ့သည်ဟု သိရပြန်သည်။ အသေးစိတ် ကျသော အဆိုပါ သတင်းတစ်ပုဒ်က ဦးနေဝင်းသည် ကိုးကိုးကျွန်းမှ တဆင့် စင်္ကာပူနှင့် အနောက်ဂျာမဏီ သို့ ထွက်ခွာသွားခဲ့သည်ဟု ဆို၏။

ပြည်သူများက ခေါင်းဆောင် အိုကြီးများ တိုင်းပြည်မှ ထွက်ခွာသွားကြမည့် အချိန်ကို စောင့်မျှော်နေကြစဉ် လူရွှင်တော် ဇာဂနာက ရန်ကုန်ဆေးရုံကြီး အပြင်ဘက်တွင် ထိမိသော ပြက်လုံးများ သရော်ချက်များဖြင့် ပရိသတ်ကို ဖျော်ဖြေလျက်ရှိသည်။ ရန်ကုန်မြို့ လမ်းထောင့်များတွင် နာမည်ကြီး ခေတ်ပေါ် တေးဂီတအဖွဲ့နှင့် အဆိုတော်များက ကြွေးကြော်သံများဖြင့် ဆန္ဒပြချီတက်လာသော ပြည်သူများကို သီချင်းများဖြင့် ကြိုဆိုကြသည်။ လူတိုင်းက ကန့်ကွက် ဆန္ဒပြကြပြီး စက်ရုံ၊ အလုပ်ရုံနှင့် ရုံးများ ရှိ ဝန်ထမ်းများက လွတ်လပ်သော သမဂ္ဂများ ဖွဲ့စည်းလိုက်ကြသည်။ ယင်းလုပ်ရပ်မှာ ၂၆နှစ်အတွင်း မည်သူမှ မတွေးဝံ့၊ မစဉ်းစားဝံ့ကြသည့် လုပ်ရပ်ပင် ဖြစ်သည်။ ဗမာပြည် မီးရထား အလုပ်သမား သမဂ္ဂ က အာဏာရှင်နှင့် တစ်ပါတီ စနစ်အတွက် အထူး ရထားများ မပြေးဆွဲပေးတော့ဟု ကြေညာလိုက်သည်။ မိုးလေဝသ ဝန်ထမ်းများကလည်း မိုးလေဝသ ခန့်မှန်းချက်များကို တစ်ပါတီ အာဏာရှင် စနစ်အတွက် မဟုတ်ဘဲ အများပြည်သူအတွက်သာ သတိပြန်ပေးမည်ဟု ကြေညာခဲ့သည်။ ဒီမိုကရေစီ လှုပ်ရှားမှုကို တညီတညာထောက်ခံခဲ့သည့် သာဓက တစ်ခုမှာ သြဂုတ်လ နှောင်းပိုင်းတွင် ဖြန့်ဝေခဲ့သည့် ဖုန်းမော် ဂျာနယ်တွင် ပါလာသော သတင်းတစ်ပုဒ်ပင် ဖြစ်သည်။ ထိုသတင်းမှာ အရှေ့မြောက် ဆင်ခြေဖုန်း အရပ်ဖြစ်သော တာမွေ သင်္ချိုင်းမှ ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ အစိုးရက သြဂုတ်လ ၉ရက်မှ ၁၂ရက်နေ့ သတ်ဖြတ်မှုများ ပြီးသည့်နောက် တာမွေသင်္ချိုင်း၌ မီးသင်္ဂြိုလ်ခြင်း သို့မဟုတ် သရဏဂုံ တင်ခြင်းပင် မပြုလုပ်ဘဲ လူသေအလောင်းများကို အစုလိုက် အပြုံလိုက် တွင်းတူး မြုပ်နှံ ခဲ့ကြသည်။

ယင်းသို့ ပြုလုပ်ခဲ့ပြီး သည့်နောက်ပိုင်းတွင် သန်းခေါင်ယံ အချိန်၌ သရဲတစ္ဆေများက ဒီမိုကရေစီ ကြွေးကြော်သံများ အော်ဟစ်၍ ညတိုင်း ဆန္ဒပြခဲ့ကြောင်း ဖုန်းမော် ဂျာနယ်က ရေးသားခဲ့သည်။ သရဲများ၏ ကြွေးကြော်သံ အသစ်ကိုလည်း ထပ်မံဖေါ်ပြခဲ့သည်။ ထိုကြွေးကြော်သံမှာ “မဆလပါတီဝင်တွေရဲ့ အလောင်းဆိုရင် ဒီကို ဝင်မလာနဲ့” ဟူ၍ ဖြစ်သည်။ ဖုန်းမော်ဂျာနယ်မှာ မတ်လတွင် ပထမဦးဆုံးအသတ်ခံခဲ့ရသော စက်မှုတက္ကသိုလ် ကျောင်းသား မောင်ဖုန်းမော်ကို ဂုဏ်ပြုထုတ်ဝေခဲ့သည့် ဂျာနယ်ဖြစ်သည်။

လူအမြောက်အမြား ပစ်သတ်ခံခဲ့ရသည့် မြောက်ဥက္ကလာပ၌ ဒေသခံလူများက ကျဆုံးသွားသော သူတို့မိတ်ဆွေနှင့် ဆွေမျိုးများကို ဂုဏ်ပြုသည့် အထိမ်းအမှတ် အဖြစ် ကွန်ကရစ် ကျောက်တိုင်တစ်ခုကို စိုက်ထူလိုက်ကြသည်။ သမိုင်းဝင် ၈-၈-၈၈ နှင့် အညီကျောက်တိုင်ကို ၈ပေ ၈ဒသမ ၈လက်မ အမြင့် တည်ဆောက်ခဲ့ကြသည်။ ကျောက်တိုင် ထိပ်တွင် မဆလ ခေတ် မတိုင်မီမှ ပြည်ထောင်စု အလံဟောင်းက လွင့်ပျံလျက်ရှိသည်။ ကျောက်တိုင် ခြေရင်းတွင် လတ်ဆတ်သော ပန်းများဖြင့် စီချယ်ထားသော လွမ်းသူ့ပန်းခွေများ လာရောက်ချကြသည်မှာ နေ့စဉ်နှင့် အမျှ ဖြစ်သည်။

မဆလ ပါတီ ကြီးစိုးမှုသည် နေရာတကာ၌ ပြိုကွဲခဲ့ပြီဖြစ်သည်။ ရန်ကုန်မြို့ပေါ်မှ စစ်သားများနှင့် ရဲများ တပ်ရုပ်သွားကြသည်။ ကြောက်မက်ဘွယ် လုံထိန်းများပင် မြင်ကွင်းမှ ပျောက်ကွယ်ကုန်ကြသည်။ အမှန်တကယ်မှာ လုံထိန်းများကို ယူနီဖောင်း အသစ်ထုတ်ပေးကာ စစ်တပ်ထဲသို့ သွတ်သွင်းလိုက်ခြင်းသာဖြစ်သည်။

သြဂုတ်လ သတ်ဖြတ်ပွဲများ ပြီးဆုံးပြီးနောက် ချက်ချင်းပင် ‘ပြည်သူ့အုပ်ချုပ်ရေး’ ပြောင်းလဲဖွဲ့စည်းရန် ပထမဦးစွာ လုပ်ဆောင်ခဲ့သည်။ ရန်ကုန် အလယ်ပိုင်းရှိ ရပ်ကွက်များတွင် ပြည်သူများက တစ်အိမ်လျှင် ခေါင်းအုံးတစ်လုံးနှင့် စောင်တစ်ထည် ရန်ကုန် ဆေးရုံကြီး သို့ လှူဒါန်းရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုအချိန် ရန်ကုန်ဆေးရုံကြီး၌ လူနာများအတွက် အထောက်အကူပစ္စည်းမျိုးစုံ ပြတ်လပ်လျက်ရှိသည်။ မှောင်ခိုဈေးသည်များပင် လှောင်ထားသည့် ဆေးပစ္စည်းများကို အခမဲ့ ဆေးရုံသို့ လွှဲပြောင်း ပေးခဲ့ကြသည်။
ဤသို့ မိမိတို့ ဆန္ဒအလျောက် ကူညီမှုများမှ တဆင့် ဒေသခံ ပြည်သူ့ကော်မတီများ ထွက်ပေါ်လာသည်။ အဆိုပါ ကော်မတီများတွင် ရဟန်း၊ အရပ်လူကြီးနှင့် ကျောင်းသားများ ပါဝင်ကြသည်။ အုပ်ချုပ်ရေးကို တာဝန်ယူပြီးနောက် ကြုံတွေ့ရသည့် အခက်အခဲတစ်ရပ်မှာ ဥပဒေ ထိန်းသိမ်းရေး ကိစ္စဖြစ်သည်။ အထူးသဖြင့် ညဘက်တွင် တခြားနယ်မြေများ အပြင် ရပ်ကွက်တွင်းမှ လှုပ်ရှားမှုများကို စောင့်ကြပ်ကြည့်ရှုနိုင်ရန် ဝါးနှင့် ပြုလုပ်ထားသော အကာအရံများ၊အဝင်အထွက်တံခါးမများနှင့် မျှော်စင်များကို ဆောက်လုပ်ခဲ့ကြသည်။
ဒုစရိုက်များက ပို၍ တိုးပွားလာသည်။ တရားခံတစ်ယောက်မိတိုင်း ရဟန်းများက တရားသူကြီး အဖြစ်၎င်း၊ စစ်ဆေး သူအဖြစ် ၎င်း တာဝန်ယူဆောင်ရွက်ကြရ၏။ ပြည်သူများထံမှ ကောက်ခံရရှိသောငွေ များမှာ ဤ အုပ်ချုပ်ရေးအဖွဲ့ သစ်များအတွက် ရံပုံငွေ ဖြစ်လာခဲ့သည်။ သို့သော် ဦးစိန်လွင် ရာထူးမှ မနှုတ်ထွက်မီ အရှုပ်အထွေးများဖြစ်ပေါ်ခဲ့ရာ ဒေါသထွက်နေသော လူအုပ်ကြီးက မင်္ဂလာတောင်ညွန့်မှ မေတ္တာမွန် ပစ္စည်း သိုလှောင်ရုံကို ဝင်စီးခဲ့ကြသည်။ မေတ္တာမွန်ပစ္စည်း သိုလှောင်ရုံမှာ စစ်တပ် အရာရှိများနှင့် မဆလပါတီ အရာရှိကြီးများကို ဖြန့်ဝေပေးရန် နိုင်ငံခြားမှ မှာယူတင်သွင်းခဲ့သည့် ဇိမ်ခံပစ္စည်းများ သိုလှောင်ရာ ဌာနဖြစ်သည်။

ထို့နောက် ရန်ကုန်မြို့တွင် မေတ္တာမွန်မှ တီဗွီများ ဗွီဒီယိုပြစက်များ၊ နိုင်ငံခြား အရက်များနှင့် အခြား ကုန်ပစ္စည်းများကို ရောင်းချသည့်ဈေး ပေါ်ထွက်လာတော့သည်။ ထိုဈေးကို စိန်လွင်ဈေးဟု ခေါ်ကြသည်။ လျှော့ဈေးဖြင့် ရောင်းချလိုက်သည့် ပစ္စည်းများမှ ရရှိသည့် ငွေတို့သည်လည်း သပိတ်ကော်မတီများသို့ ရောက်ကုန်ကြသည်။


********

ထင်ပေါ်ကျော်ကြားသော မြန်မာများက အစိုးရကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင် ပြောရဲလာကြပြီး ဦးနေဝင်းနိုင်ငံမှအမှန်တကယ် ထွက်ပြေးတော့မည်ဟု တွေးထင်လာကြသည့်အခါတွင် ပြည်သူတို့၏ ယုံကြည် စိတ်ချမှုများက တစတစ တိုးပွားလာခဲ့သည်။

သြဂုတ်လ ၂၈ရက် နေ့တွင် ‘ဗကသ’ ခေါ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို ရန်ကုန်မြို့တွင် တရားဝင် ဖွဲ့စည်းခဲ့၏။ ဗကသ ဥက္ကဋ္ဌအဖြစ် ထူးခြားသော အရည်အချင်း ရှိသူ အသက် ၂၆နှစ် ရှိ သတ္တဗေဒ တတိယနှစ်ကျောင်းသား ပေါ်ဦးထွန်းကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ ပထမပိုင်းတွင် ကျောင်းသားများစွာတို့၏ မြေအောက် ကြေညာချက်များ၌ နာမည်ဝှက်များ အသုံးပြုကာ လက်မှတ်ရေးထိုးသကဲ့သို့ သူခံယူထားသည့် နာမည်ဝှက်မှာ မင်းများကို အနိုင်ယူမည့်သူ ‘မင်းကိုနိုင်’ ဟူ၍ ဖြစ်သည်။ နာမည်ကြီးသည့် နောက်ထပ်ကျောင်းသား ခေါင်းဆောင် တစ်ယောက်မှာ အသက် ၂၅နှစ် ကျော်ရှိသည့် မိုးသီးဇွန် ဖြစ်သည်။ သူသည်လည်း သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် ရန်ကုန်၌ ပြုလုပ်သော လူထုစည်းဝေးပွဲများ၊ ဟောပြောပွဲများတွင် ပါဝင်ခဲ့သူဖြစ်သည်။

ဗကသနှင့်အပြိုင်ထွက်ပေါ်လာသော ကျောင်းသားအဖွဲ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဖြစ်သည်။ ဗမာအစား မြန်မာဟူ၍ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အတိုကောက်မှာ ‘မကသ’ ဖြစ်သည်။ ယင်းအဖွဲ့ကို ပဉ္စမနှစ် ဥပဒေကျောင်းသား အသက် ၃၀ကျော်ရှိ မင်းဇေယျာ ဦးဆောင်သည်။ သူသည် အရေးအခင်း စတင်ကတည်းက ပါဝင်လှုပ်ရှားခဲ့သူ ဖြစ်ပြီး ဇာတိ မွန်ပြည်နယ် ကမာကဝက်မြို့တွင် မတ်လ ၂၇ရက်နေ့က အဖမ်းခံခဲ့ရသည်။ ထို့နောက် ရန်ကုန် အင်းစိန်ထောင်သို့ ခေါ်ယူသွားခြင်း ခံခဲ့ရသည်။ သူ့ကို ဇူလိုင် ၇ရက် နေ့တွင် ပြန်လွှတ်လိုက်ပြီး သြဂုတ်လ ၆ရက်နေ့တွင် ထပ်မံဖမ်းဆီးခြင်းခံခဲ့ရကာ ၂၅ရက်နေ့တွင် ဦးအောင်ကြီး၊ ဦးစိန်ဝင်း၊ အခြား နိုင်ငံရေးအကျဉ်းသားများနှင့်အတူ လွှတ်ပေးခဲ့သည်။ အရေးအခင်း၌ နိုင်ငံရေး သမားဟောင်းများ ပြန်လည်လှုပ်ရှားရုံသာမက မျိုးဆက်သစ် လူငယ်ခေါင်းဆောင်များလည်း ပေါ်ထွက်လာကာ အသက်ကြီးနေပြီဖြစ်သော နိုင်ငံရေးခေါင်းဆောင်များနည်းတူ သြဇာလွှမ်းမိုးနိုင်ခဲ့သည်။

သို့သော် လူကြီးနှင့်လူငယ်တို့မှာ မကြာခဏအတူတကွ လက်တွဲ လုပ်ဆောင်ခဲ့ကြပြီး မျိုးဆက် ကွာဟမှု မည်သည့်အခါမှ မရှိခဲ့ပေ။ အမျိုးသမီးငယ်တစ်ဦးဖြစ်သူ မမွှေးမွှေးမှာ မြို့တော်ခန်းမ အပြင်ဘက်တွင် သြဂုတ်လ ၈ရက်နေ့က ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများကို သူမနေအိမ် ဝါရံတာမှ ကြည့်ရှုခဲ့ရသည်။ မကြာမီ သူမ လှုပ်ရှားမှုထဲတွင် ပါဝင်ခဲ့သည်။ သူမသည် စက်တင်ဘာလဆန်းပိုင်း၌ အထက်မြန်မာပြည်လှုပ်ရှားမှုများနှင့် ရန်ကုန်မြို့ လှုပ်ရှားမှုများကို ညှိနှိုင်းရန် မြန်မာပြည် အထက်ပိုင်းသို့ တစ်ပတ်ကြာ သွားရောက်ခဲ့သည်။ သူမအဖွဲ့တွင် ကျောင်းသား ၁၅ဦးပါရှိပြီး ခေါင်းဆောင်မှာ အင်္ဂလိပ် နယ်ချဲ့ဆန့်ကျင် တော်လှန်ရေးတွင် ပါဝင်ခဲ့သူ ဝါရင့် နိုင်ငံရေးသမား သခင်ကြည်ရှိန် ဖြစ်သည်။ သူတို့ အားလုံး ကားဖြင့် ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ မိတ္ထီလာနှင့် မန္တလေး သို့ သွားရောက်ခဲ့ကြသည်။

“အားလုံး သပိတ်တိုက်ပွဲတွေ ဆင်နွှဲနေကြတော့ ရထားလည်း မပြေးတော့ဘူး။ တခြား ပုံမှန် ပို့ဆောင်မှုလည်း မရှိတော့ဘူး။ ပြီးတော့ ဓါတ်ဆီ ဝယ်ဖို့ဆိုတာ အတော်ခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်မတို့ စိတ်ဓါတ်တွေက ပြင်းပြနေပြီး ကျွန်မတို့ ရောက်ခဲ့တဲ့ နေရာတိုင်းမှာ စည်းဝေးပွဲတွေကို တက်ရောက်နိုင်ခဲ့တယ်။

ကျွန်မတို့ သပိတ်စခန်းတွေမှာ အိပ်ကြရပါတယ်။ ဖြတ်ကျော်လာခဲ့တဲ့ မြို့တိုင်းလိုလို သပိတ်စခန်း တစ်ခုစီတော့ ရှိပါတယ်။ ပြည်သူတွေဟာ မဆလ ပါတီရုံးတွေ အစိုးရ အဆောက်အဦးတွေကိုစီမံခန့်ခွဲရာရုံးအဖြစ် ပြောင်းပစ်လိုက်ကြတယ်။ နေရာတိုင်းမှာ တက်ကြွနေကြပြီး လက်ကမ်းစာရွက်တွေ ရိုက်နှိပ်ကြတယ်။ ပိုစတာတွေ ရေးသူကရေး၊ ကိုယ်ပိုင်သတင်းစာ ထုတ်ဝေတဲ့သူက ထုတ်၊ စည်းဝေးပွဲ၊ ဆန္ဒပြပွဲတွေ ပြင်ဆင်ကြပါတယ်” ဟု မမွှေးမွှေးက ပြောပြသည်။

မန္တလေးမြို့တွင် ၁၉၇၀ ခုနှစ်များက တရားမဝင် အသင်းဟု စိန်လွင်ကြေညာခဲ့သော ရဟန်းပျို အဖွဲ့မှာ ပြန်လည် ပေါ်ထွက်လာခဲ့သည်။ ရဟန်းများက နေ့စဉ် ကိစ္စများကို စည်းရုံး ဆောင်ရွက်ပေးသည်။ အမှိုက်များသိမ်းခြင်း၊ ရေပေးဝေဖြန့်ဖြူးမှု ပုံမှန်ရှိမရှိ စစ်ဆေးခြင်းနှင့် အချို့သတင်းများ အရ မော်တော်ယာဉ် လမ်းပြ ပုလိပ်များ အဖြစ်ပင် ဝင်ရောက်ဆောင်ရွက် ပေးခဲ့ရသည်ဟု သိရသည်။ တရားဥပဒေ ထိန်းသိမ်းရေး ကိစ္စများကိုလည်း ရဟန်းများကပင် ကြီးကြပ်ခဲ့ကြသည်။ ချိုးဖောက်သူများကို အပြစ်ပေးရာ၌ သမရိုးကျ အပြစ်ပေးခြင်းတော့ မဟုတ်ပေ။ သြဂုတ်လတွင် မန္တလေးသို့ ရောက်ခဲ့သည့် ခရီးသည် တစ်ဦးက ဘူတာရုံ အပြင်ဖက် ဓါတ်မီးတိုင်တွင် သံကြိုးဖြင့် တုပ်ထားခံရသော လူတစ်ဦးက “ကျွန်တော်သူခိုးပါ၊ ကျွန်တော်သူခိုးပါ” ဟု အော်နေသည်ကို မြင်တွေ့ခဲ့ရသည်ဟု ဆို၏။


* * * * * *

မူရင်း-ဘာတီးလင့်တနာ Bertil Lintner- "Outrage Burma struggle for Democracy" first Burmese edition published in the UK in 1990 by Peacock press, Edinburgh. Scotland စာအုပ်ကို စံဝင်းမောင် နှင့် မင်းမျိုးနိုင် တို့ ဘာသာပြန်ထားသော “ဒေါမာန်ဟုန်- ဗမာပြည် ဒီမိုကရေစီတိုက်ပွဲ”စာအုပ် - အခန်း(၅) “ရုပ်သေး” အား မူရင်းအတိုင်း မျှဝေပါသည်။

မှတ်တမ်းဗွီဒီယို: ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တရားဝင်ဖြစ်မြောက်ရေးဗဟိုကော်မတီ၏ ပထမအကြိမ်ညီလာခံ - ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ မြက်ခင်း - သြဂုတ်လ ၂၈ ရက်၊ ၁၉၈၈ ခုနှစ်။ ဗကသများအဖွဲ့ချုပ် ပေါ်ပေါက်ရေးကော်မတီ အဖွဲ့ဝင်များ - ကိုမင်းကိုနိုင် (ဥက္ကဋ္ဌ)၊ ကိုကိုကြီး (ဒု-ဥက္ကဋ္ဌ)၊ ကိုမိုးသီးဇွန် (အထွေထွေအတွင်းရေးမှူး)၊ ကိုဌေးကြွယ် (တွဲဖက်အထွေထွေအတွင်းရေးမှူး)၊ ကိုအောင်နိုင် (တွဲဖက်အထွေထွေအတွင်းရေးမှူး ၂)၊ ကိုမြတ်စိုး (ဘဏ္ဍာရေးမှူး)၊ ကိုသူရိန် (ပြန်ကြားရေး)။ (Credit - Tiger Video)
http://www.youtube.com/watch?v=s55_nLJQE34

ရုပ်သေး - အပိုင်း (၂) အား ဆက်လက် ဖတ်ရှုပါရန်။
လေးစားစွာဖြင့်
Kyaw Naing
July/18/2013

No comments: