မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
အတူပြန်နေရန်ခေါ်သည်ကို မလိုက်သဖြင့် ဇနီးဟောင်းကို ဓားနှင့် ထိုးသတ်
ဇော်ဇော်ထွေး |
အတူပြန်နေရန်ခေါ်သည်ကို မလိုက်လိုကြောင်း ငြင်းသဖြင့် ဇနီးဟောင်းကို
ဓားနှင့် ထိုးသတ်မှုတစ်ခု သန်လျင်မြို့နယ်တွင် ဇူလိုင် ၁၉ ရက်က
ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းရရှိသည်။
သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၂၉ နှစ်အရွယ် မဥမ္မာဝင်းဖြစ်ပြီး ၎င်း၏ လက်ရှိ ခင်ပွန်းသည်၏ ရဲကို တိုင်တန်းထွက်ဆို
ချက်အရ သူအလုပ်သွားနေစဉ် ခင်ပွန်းဟောင်းက ရောက်လာပြီး ယခုလိုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင်တွေ့ရသည်။
လက်ရှိခင်ပွန်းဖြစ်သည့် အသက် ၂၆ နှစ်အရွယ် ကိုချစ်ဦးမောင်သည် ပါရမီခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်တစ်ဦး
ဖြစ်ပြီး ညနေ ၆ နာရီအချိန်ခန့် သူအလုပ်မှ ပြန်လာစဉ် အိမ်နီးချင်းတစ်ဦးက
အိမ်၌ သူ့ဇနီးသည်၏ ခင်ပွန်းဟောင်း ရောက်နေကြောင်း ပြောသဖြင့် ၎င်းက ရဲကင်းမှ
တာဝန်ကျ တပ်ကြပ်ကြီးနှင့် ရဲများကို သွားရောက်အကြောင်းကြားပြီးမှ
ပြန်ခဲ့ကြောင်း ရဲကို ထွက်ဆိုထားသည်။
နေအိမ်သို့ ရောက်သောအခါ
ဇနီးဖြစ်သူသည် လည်ပင်းဝဲယာတွင် ထိုးသွင်းဒဏ်ရာများ၊ ဝဲယာရင်အုံတွင်
ထိုးသွင်းဒဏ်ရာများနှင့် ရင်ညွန့်တွင်လည်း ထိုးသွင်းဒဏ်ရာများရရှိပြီး
သေဆုံးနေသည်ကို တွေ့ရကြောင်း တရားလိုက ရဲဌာနကို တိုင်တန်းချက်တွ င်
ပါရှိသည်။
ယခုအမှုကို ရဲစခန်း၌ တရားလိုပြုလုပ် တိုင်တန်းထားသူ
ကိုချစ်ဦးမောင်က သူ့ဇနီးကို ခင်ပွန်းဟောင်းဖြစ်သည့် အသက် ၃၂ နှစ်အရွယ်
ကိုအောင်ကျော်ဝင်းက သတ်ဖြတ်ခြင်းဖြစ်မည်ဟု ရဲများကို ထွက်ချက်ပေးစဉ်
စွပ်စွဲ ပြောဆိုထားသည်။
ကိုချစ်ဦးမောင်နှင့် ကိုအောင်ကျော်ဝင်းတို့ နှစ်ဦးအနက် မည်သူသည် လက်ရှိအချိန်တွင် သေဆုံးသူ မဥမ္မာဝင်းနှင့် တရားဝင် ဇနီး
မောင်နှံဖြစ်သည်ကိုမူ မဇ္ဈိမအနေဖြင့် ကာယကံရှင်များထံ သီးသန့်စုံစမ်း၍ မရပေ။
ကိုအောင်ကျော်ဝင်းက မဥမ္မာဝင်းကို အရိုးအသွား ရှစ်လက်မခန့်ရှိသည့်
အဝါရောင်ကော်ရိုးတပ်ထားသည့် ဓားဖြင့် ထိုးခဲ့သည်ဟုလည်း ကိုချစ်ဦးမောင်
ရဲကို တိုင်တန်းရာတွင် စွပ်စွဲထွက် ဆိုထားသည်။
ယခုကိစ္စနှင့်ပတ်သက်၍ သန်လျင် ရဲစခန်းက ကိုချစ်ဦးမောင်၏ တိုင်တန်းမှုကို
အမှုအမှတ် (ပ)၆၆၇/၁၃ ဖြင့် အမှုဖွင့်ထားပြီး ယင်းအမှုဖြင့် သံသယရှိခံရသော
သေသူ၏ ခင်ပွန်းဟောင်း ကိုအောင်ကျော်ဝင်းကို ဖမ်းမိရေးအတွက်
လိုက်လံစုံစမ်းနေသည်ဟု ရဲဌာနက ထုတ်ပြန်သည်။
သံသယရှိသူကို ဖမ်းမိပါကလည်း ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၂ လူသတ်မှုဖြင့် တရားစွဲဆိုမည်ဟုလည်း ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
Mizzima News
No comments:
Post a Comment