Tuesday, July 16, 2013

ချောင်းနေတဲ့ နောက်ကြောင်းပြန်သမားများနှင့် မူဝါဒများအား သတိထား

(ဇူလိုင်လ ၁၇ ရက်နေ့ မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်)

ချောင်းနေတဲ့ နောက်ကြောင်းပြန်သမားများနှင့် မူဝါဒများအား သတိထား

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၇ ရက် ၂၀၁၃ ခုနှစ် ၀၇ နာရီ ၄၀ မိနစ်

မြန်မာနိုင်ငံတွင် ယခုလို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ လုပ်ကြသည့်အခါ အဓိကအကျဆုံး စိန်ခေါ်မှုများက မည်သည့်အချက်များ ဖြစ်သနည်းဆိုသည့် မေးခွန်းကို မှန်ကန်အောင်ဖြေနိုင်မှသာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လွယ်ကူချောမွေ့စေနိုင်မည် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် အနာသိမှ မှန်ကန်သည့် ဆေးကို ရွေးချယ်နိုင်ကြမည့်သဘောပင် ဖြစ်သည်။

မြန်မာပြည်အရေးကို စိတ်ဝင်စားသူလည်းဖြစ်၊ ကမ္ဘာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများအပေါ် အထူးပြုလေ့လာ ကျွမ်းကျင်သူလည်းဖြစ်သည့် ထောမတ်ခရိုသာက မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးခရီးတွင် အဓိကစိန်ခေါ်မှု နှစ်ခုရှိသည်ဟု ဆိုခဲ့ဖူးသည်။ တစ်ခုမှာ နှစ်ပေါင်းများစွာတိုင်းပြည်ကို အုပ်ချုပ်ခွင့်ရလာခဲ့သည့် စစ်အာဏာပိုင် အသိုင်းအဝိုင်းအတွင်းက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး မလိုလားသူများ သို့မဟုတ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး နှေးကွေးအောင် တောင့်ခံထားသူများကို ထိန်းချုပ် ဖြေရှင်းရေးနှင့် နောက်တစ်ခုမှာ လက်နက်ကိုင်တိုင်းရင်းသား ပြဿနာများကိစ္စ ဖြစ်သည်။

အဓိက စိန်ခေါ်မှုနှစ်ချက်နှင့် ပတ်သက်ပြီး ကျွန်ုပ်တို့ အထူးအထွေ ငြင်းပယ်စရာ မရှိသော်လည်း ဤစိန်ခေါ်မှုများမှာ ပြည်တွင်းစိန်ခေါ်မှုများအဖြစ် ရှုမြင်ရမည်ဖြစ်ပြီး ထောမတ်ခရိုသာ မျက်စိမှောက်ခဲ့သည့် အချက်များလည်း ရှိပါသေးသည်။ ဥပမာ လော
လောလတ်လတ် ကျွန်ုပ်တို့ပြည်သူများ စိုးရိမ်ပူပန်မှုဖြင့် စောင့်ကြည့်နားထောင်နေကြရသည့် ဘာသာရေး၊ လူမျိုးရေး အသွင်သဏ္ဍာန်ဆောင်သည့် ပဋိပက္ခများပင် ဖြစ်သည်။

လတ်တလော ကျွန်ုပ်တို့ ရင်ဆိုင်ဖြေရှင်းရန် ကျွန်ုပ်တို့အား စိန်ခေါ်နေသည့်အချက်မှာ အခြားသော စိန်ခေါ်ချက်များနှင့် မတူညီသည့် အခြေခံအကြောင်းတရားများ ရှိနေပြန်သည်။ ဥပမာ ပြည်တွင်းက ဘာသာရေးတင်းမာမှုအခြေအနေများနှင့် ပြည်ပမှ ဘာသာရေး တင်းမာမှုအခြေအနေများ။ ထိုအခြေအနေများအပေါ်မူတည်ကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးကို နှေးကွေးစေရန် သို့မဟုတ် ပျက်ပြားသွားစေရန် စိတ်အခံရှိသူများ ရှေ့တန်းသို့ထွက်ကာ ပြဿနာများကို မီးထိုးပေးသည့် အနေအထားမျိုး ရှိလာနိုင်သည့် စိန်ခေါ်ချက်များ ဖြစ်သည်။

ယခုအခါ ကမ္ဘာ့ တခြားနိုင်ငံများတွင်လည်း ယင်းဘာသာရေး လူမျိုးရေး မုန်တိုင်းများ နေရာအများမှာ ကျရောက်နေသည်ဟု ယူဆရမည် ဖြစ်သည်။ ဘာသာရေး အစွန်းရောက်အယူအဆများ၊ လူမျိုးရေးအစွန်းရောက် အယူအဆများသည် ကမ္ဘာ့အတွေးအခေါ်နယ်ပယ်တွင် သမိုင်းတစ်ပတ်လည်သည့်ပမာ နေရာအနှံ့ ပေါ်ပေါက်လာနေခဲ့၏။ ယင်း ဘာသာရေး၊ လူမျိုးရေး မုန်တိုင်းများသည် ကမ္ဘာကြီး တည်ငြိမ်အေးချမ်းရေးနှင့် မတူကွဲပြားခြားနားသူများ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အခြေအနေကို အကြီးမားဆုံး ခြိမ်းခြောက်နေသော စိန်ခေါ်မှုတစ်ခု ဖြစ်သည်။

အထက်က ကျွန်ုပ်တို့ဆိုခဲ့ပြီ ဖြစ်သည်။ ယင်း ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ အပေါ်မူတည်ကာ အခြေအနေများ ရှုပ်ထွေးလာသည့်အခါ ယင်းအခြေအနေများအပေါ် အခွင့်ကောင်းယူကာ မိမိတို့နိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း
တိမ်းစောင်းသွားစေလိုသည့် ဆန္ဒရှိသူများ၊ အတိတ်က အကျိုးစီးပွားများအား လက်မလွတ်ချင်သူများအတွက် အခွင့်အခါကောင်း ဖြစ်လာစေနိုင်သည်။ ထို့ကြောင့် ပထမဦးစွာ ယင်းတင်းမာမှုများ၏ အခြေခံ အကြောင်းတရားများကို မှန်ကန်မျှတစွာ အဖြေရှာပြီး အပြန်အလှန် အသိအမှတ်ပြုမှု၊ အပြန်အလှန်လေးစားမှု အပါအဝင် မြင့်မား မြင့်မြတ်သည့် စိတ်ရှည်သည်းခံမှုတို့ဖြင့် ယင်းအခြေအနေများ လျော့နည်းပပျောက်အောင် ဆောင်ရွက်ကြရမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရောင်တော်ပြန် အဖျက်သမား နောက်ကြောင်းပြန်ချင်သူများ၏ သွေးထိုးမြှောက်ပင့်နိုင်သည့် အခြေအနေများနှင့် အရိုးစွဲနေသည့်မူဝါဒဟောင်း၊ အစွဲများကိုလည်း နိုင်ငံနှင့် ပြည်သူအကျိုးစီးပွားကို ဦးထိပ်ထားကာ သတိကြီးစွာထားဖို့ လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါသည်။ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အရှိန်ရလာ၊ အောင်မြင်လာသည်နှင့်အမျှ ထိုသူတို့နှင့် မူဝါဒဟောင်းများသည်လည်း နောက်ဆုတ်သွားမည် ဖြစ်ပေသည်။

No comments: