Friday, March 14, 2014

ဘာလဲဟဲ့ စရဖ - အပိုင်း (၅)


မိုးဇေညိမ်း

လွတ်လပ်ရေးမရခင်ကနေ ယခုအချိန်ထိ မြန်မာ့နိုင်ငံရေးမှာ အဓိကကျ၊ အရှိန်အ၀ါကြီးတဲ့ “သားသုံးသား” ရှိပါတယ်။ အဲတာတွေကတော့ ဘုရားသား (သံဃာ)၊ ကျောင်းသားနဲ့ တပ်မတော်သား ပါပဲ။ “သားသုံးသားညီရင် ဒီမိုကရေစီ ရရမယ်” လို့ အငြိမ်းစား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးက ၁၉၈၈ ခုနှစ်၊ အရေးတော်ပုံကာလ မိန့်ခွန်း တစ်ခုမှာ ပြောခဲ့ဖူးတယ်။ မြန်မာ့ နိုင်ငံရေးသမိုင်း အစဉ်အဆက်မှာ သံဃာတော်တွေ၊ ကျောင်းသားတွေဟာ ပြည်သူလူထုအတွက် သွေးမြေကျ ဦးဆောင်လှုပ်ရှားခဲ့တဲ့ အစဉ်အလာတွေ အထင်အရှားရှိခဲ့ပါတယ်။ စက်မှုတက္ကသိုလ် ကျောင်းသားတွေ ပစ်ခတ်သတ်ဖြတ်ခံရတာက အစပြုလို့ သံဃာတော်၊ ကျောင်းသားနဲ့ ပြည်သူတွေရဲ့ တွေရဲ့ ညီညွတ်မှုကြောင့် ၁၉၈၈ ခုနှစ်မှာ မဆလ အစိုးရကို ပြုတ်ကျစေခဲ့ပြီး တစ်ပါတီအာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေခဲ့ပါတယ်။ ဗိုလ်ကြီး အုန်းကျော်မြင့် (OTS-29)၊ ဗိုလ်မှူးကြီးစိန်မြ၊ ဒုဗိုလ်မှူးကြီးအေးမြင့် (OTS-26)၊ ဗိုလ်ကြီးဝင်းဘို၊ ဗိုလ်ကြီးစိုင်းဝင်းကျော် (DSA-24)၊ တပ်ကြပ်ကြီးဒေါ်နုနုအေး စသဖြင့် အာဏာရှင်ရဲ့ အခိုင်းစေခံ ၀န်ထမ်းတွေဖြစ်လင့်ကစား မတရားအနိုင်ကျင့်မှု၊ ကိုယ်ကျိုးရှာ တစ်ဘက်သတ် ကြီးစိုးမှုတွေကို ဖီဆန်ခဲ့တဲ့ တပ်မတော်သားတွေလည်း အထင်ကရရှိခဲ့ပါတယ်။
စစ်အာဏာရှင်တွေဟာ “သားသုံးသား” ညီညွတ်ရင် အာဏာရှင် ထိုင်ခုံကို ကိုင်လှုပ်နိုင်တယ်ဆိုတာ ကောင်းကောင်း သဘောပေါက်ခဲ့ ပါတယ်။ ဒါကြောင့်မို့ သားသုံးသား မညီညွတ်ရလေအောင်စိတ်ဓာတ်စစ်ဆင်ရေး လုပ်ခြင်း၊ စည်းရုံးခြင်း၊ ဖိနှိပ်ခြင်း၊ စောင့်ကြည့်အရေးယူခြင်း စတဲ့ နည်းဗျူဟာမျိုးစုံသုံးပြီး စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံ ကာလ အတွင်းမှာ တက္ကသိုလ်တန်းကျောင်းသားတွေသာမက အခြေခံပညာအဆင့် ကျောင်းသားငယ်တွေရဲ့ လှုပ်ရှားမှုတွေလည်း အများအပြားရှိခဲ့ပါတယ်။ ဒါ့ကြောင့် န၀တ/နအဖဟာ ကျောင်းသားထု အတွင်းမှာ နိုင်ငံရေးအသိ နိုးကြားမှုတွေ ဖြစ်မလာ ရအောင်၊ လှုပ်ရှားမှုတွေ မပေါ်ပေါက်ရအောင် စနစ်တကျစီစဉ်ဆောင်ရွက်ခဲ့တယ်။ တက္ကသိုလ်တွေကို မြို့ပြင်ထုတ်ပြီး လှုပ်ရှားမှု တစ်စုံတစ်ရာဖြစ်လာခဲ့ရင် ကျောင်းသားနဲ့ ပြည်သူတွေ ပူးပေါင်းလို့မရနိုင်အောင်၊ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ စီမံခဲ့ ပါတယ်။ နိုင်ငံရေးအသိရှိလာရင် အာဏာရှင်ကို ဆန့်ကျင်လာနိုင်တာမို့ ကျောင်းသားတွေကို ရန်သူအဖြစ်သတ်မှတ်ခဲ့ပါတယ်။
အာဏာရှင်လက်ပါးစေတွေဟာ ကျောင်းသားထုအတွင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားတွေ မရှိစေရေး၊ ရှိလာပါက အမြစ်ပြတ်ချေမှုန်းနိုင်ရေး အတွက် သတင်းလက်ဦးမှုရရှိဖို့ စောင့်ကြည့်သတင်းရယူရေးလုပ်ငန်းကို တာဝန်ကြီးတစ်ခုအနေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ နေ့စဉ်/အပတ်စဉ်/လစဉ်/လေးလပတ်အခြေအနေအစီရင်ခံစာတွေမှာ နယ်မြေအတွင်းရှိတက္ကသိုလ်/ကောလိပ်/ကျောင်းများမှ ကျောင်းသားတွေရဲ့ ထူးခြားမှု တစ်စုံတစ်ရာရှိ/မရှိဆိုတာ အမြဲတင်ပြရပါတယ်။ အဝေးသင် တက္ကသိုလ် အနီးကပ်သင်တန်းတက်ရောက်မဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ ပညာရေးဝန်ထမ်းတွေ၊ ကျောင်းသား/သူတွေ ကိုလည်း သတင်းရယူရေး အတွက် အသုံးချကြပါတယ်။
တက္ကသိုလ်တွေ၊ အဝေးသင်တက္ကသိုလ် အနီးကပ်စာသင်ချိန်ရောက်ရင် ကျောင်းသားလှုပ်ရှားမှုတွေ မဖြစ်ပွားရအောင်ကြိုတင်ကာကွယ်တဲ့ အနေနဲ့ သတင်းပေးတွေမွေးရပါတယ်။ အဝေးသင်တက္ကသိုလ် စာမေးပွဲဖြေဆိုတဲ့ သူတွေထဲမှာ ပါဝင်လေ့ရှိတဲ့ ကျောင်းတက်နေဆဲ ရဲတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့သားသမီးတွေ၊ စစ်တပ်က စစ်သည်တွေရဲ့ သားသမီး တွေကို သတင်းပေးတွေအဖြစ် မွေးမြူကြတာ အစဉ်အလာတစ်ခုလို ဖြစ်နေပါတယ်။ အဲဒီလို လုပ်ခြင်း အားဖြင့် မိမိ နယ်မြေအတွင်းရှိ တက္ကသိုလ်တွေမှာ သတင်းလက်ဦးမှု ရယူနိုင်ကြောင်းနဲ့ သတင်းပေး အရေအတွက် မည်ရွေ့မည်မျှ ရှိကြောင်း အစီရင်ခံစာတွေကို နာမည်ကောင်းယူ တင်ပြနိုင်တဲ့အပြင် သတင်းပေးတစ်ယောက်အတွက် ထောက်ပံ့ငွေ နှစ်သောင်းကနေ ငါးသောင်းထိ ပေးတတ် တာမို့ ဆင်းရဲနွမ်းပါးတဲ့တပ်ဖွဲ့ဝင်တွေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ သားသမီးတွေ အတွက်လည်း စာမေးပွဲစရိတ်၊ အဆောင်စရိတ်၊ စားသောက်စရိတ်တွေကို အထောက်အကူ ဖြစ်စေပါတယ်။ သို့ပေမဲ့ ဒီလိုသတင်းပေးတွေဟာ ယာယီတာဝန်တွေပဲ ဖြစ်ပါတယ်။ ကျောင်းသားထုအတွင်းမှာ အမြဲတမ်းထောက်လှမ်း စောင့်ကြည့်ရေး လုပ်ငန်းတွေကို ဇောက်ချ ဆောင်ရွက်တဲ့ အဖွဲ့အစည်းကတော့ စရဖ ပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်/ကောလိပ်များမှ ကျောင်းသား/သူများနဲ့ ပတ်သတ်တဲ့ ထိုးဖောက်ထောက်လှမ်းရေး၊ စောင့်ကြည့် သတင်းရယူရေး လုပ်ငန်းတို့ကို အဓိကဆောင်ရွက်ရတဲ့တပ်ကတော့ အမှတ်(၂) တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအကူတပ် (ယခင်-တပ်မတော်ထောက်လှမ်းရေး အကူတပ်-၂) ဖြစ်ပါတယ်။ အမှတ်(၂) ထောက်လှမ်းရေးအကူတပ်ကို ၁၉၉၇၊ ဒီဇင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့ပြီး ဗိုလ်မှူးကြီးမောင်ဌေး(OTS-43)၊ ဗိုလ်မှူးကြီးမြင့်ဇော် (DSA-14)၊ ဗိုလ်မှူးကြီးဝင်းမြင့် (အလုပ်သင်-၁) တို့က တပ်မှူးများအဖြစ် အသီးသီးတာဝန်ယူခဲ့ကြပါတယ်။ ၂၀၀၅ ခုနှစ်မှာ အမှတ်(၂) တပ်မတော် စစ်ဖက်ရေးရာလုံခြုံရေးအကူတပ်လို့ အမည်ပြောင်းလဲခဲ့ပြီး ဗိုလ်မှူးကိုကိုလွင်မှ တပ်မှူးအဖြစ်တာဝန်ယူခဲ့ပါတယ်။
အမှတ်(၂) စစ်ဖက်ရေးရာလုံခြုံရေးအကူတပ်ရဲ့ ရည်မှန်းချက် တာဝန်ကတော့ ကျောင်းသားထုအတွင်းမှာ နိုင်ငံရေးလှုပ်ရှားမှုများ၊ အဖျက်အမှောင် လှုံ့ဆော်မှုများ မရှိစေရန် ကြိုတင်တားဆီးရန်၊ ဖြစ်ပေါ်လာက အမြစ်ပြတ် ချေမှုန်းဖို့နဲ့ အထက်ဌာနမှ အခါ အားလျော်စွာ ပေးလာတဲ့တာဝန်တွေကို လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်၊ ဒီကရီကောလိပ်၊ ကောလိပ်နဲ့ သင်တန်းကျောင်း (၁၇၀) ကျော်မှာ ထိုးဖောက်သတင်းရယူရေး လုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ (၁) သတင်းပေး များမွေးမြူ သတင်းရယူ ခြင်းနဲ့ (၂) စရဖတပ်ဖွဲ့ဝင်များဖြင့် စောင့်ကြည့် သတင်းရယူခြင်း စတဲ့ နည်းလမ်း (၂) မျိုးနဲ့ ဆောင်ရွက်လျက် ရှိပါတယ်။
ရန်ကုန်တိုင်းနယ်နိမိတ်အတွင်းမှာ စရဖမှ စောင့်ကြည့်သတင်းရယူ နေတဲ့ တက္ကသိုလ်/ကောလိပ် (၂၂) ခု ရှိပါတယ်။ အဲဒီထဲက အရှေ့ပိုင်းတက္ကသိုလ် (တာဝ)၊ ရေကြောင်းတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(သန်လျင်)နဲ့ သမ၀ါယမကောလိပ် (သန်လျင်) ကို စောင့်ကြည့်နေတဲ့ စရဖများကို သန်လျင်၊ ဘုရားကုန်းရွာ အုပ်ချုပ်ရေးမှူးရုံးမှာ အခြေစိုက်ပြီး ကွပ်ကဲပါတယ်။ ဒဂုံတက္ကသိုလ်နဲ့စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) တို့ကို စောင့်ကြည့်တဲ့ စရဖတပ်ဖွဲ့ဝင်များကိုတော့ ဒဂုံတက္ကသိုလ်ဝင်းအတွင်းမှ ကွပ်ကဲပါ တယ်။ ရန်ကုန်မြို့တွင်းဧရိယာအတွင်းရှိ ရန်ကုန်တက္ကသိုလ်၊ နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ဆေး(၁/၂) စတဲ့ တက္ကသိုလ်များမှ စရဖတပ်ဖွဲ့ဝင်များကို ရန်ကုန်တက္ကသိုလ်၊ ရွှေဘိုဆောင်/အင်းဝဆောင်တို့မှာ ယာယီအခြေပြု ရုံးဖွင့်ပြီး ကွပ်ကဲပါတယ်။ အရပ်ဝတ်စရဖတပ်ဖွဲ့ဝင်တွေဟာ တက္ကသိုလ်/ကောလိပ်တွေမှာ စောင့်ကြည့်သတင်းရယူတာတွေရှိသလို ကျောင်းသားတွေကို သတင်းပေးအဖြစ် မွေးမြူထားတာတွေလည်း ရှိပါတယ်။
စရဖဟာ ကျောင်းသားထုအတွင်းမှာ မွေးမြူထားတဲ့ သတင်းပေးတွေကို အဆင့်(၃) မျိုးခွဲထားပါတယ်။ အဲ့တာတွေကတော့-
(က) အဆင့်-စရဖတပ်ဖွဲ့ဝင်အဝေးသင်တက္ကသိုလ်ကျောင်းသားများ
(ခ) အဆင့်-စရဖမှ ပညာသင်ထောက်ပံ့စားရိတ်ပေးထားတဲ့ကျောင်းသား/ကျောင်းသူ သတင်းပေးများ
(ဂ) အဆင့်-ကျောင်းဝန်ထမ်း/ပညာရေးဝန်ထမ်းသတင်းပေး တို့ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်အရေးအခင်းမတိုင်မီကာလထိ စရဖဟာ ရန်ကုန် ဧရိယာအတွင်းရှိ တက္ကသိုလ်တွေမှာ သတင်းပေးကျောင်းသား (၁၀) ဦးသာ မွေးမြူနိုင်ခဲ့ပါတယ်။ အဲဒီ့ကျောင်းသား/သူတွေကတော့-
(၁) မောင်ရဲရင့်အောင်၊ ပ-နှစ်/၂၀၀၇၊ ရူပဗေဒ၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်
(၂) မောင်လွင်မျိုး၊ ပ-နှစ်/၂၀၀၇၊ ကွန်ပျူတာတက္ကသိုလ်(ရန်ကုန်)
(၃) မအေးမြတ်မြတ်မင်း၊ ပ-နှစ်/၂၀၀၇၊ ကွန်ပျူတာတက္ကသိုလ်(ရန်ကုန်)
(၄) မ၀င်းစန္ဒာ၊ ပ-နှစ်/၂၀၀၇၊ စီးပွားရေးတက္ကသိုလ်(ရန်ကုန်)
(၅) မောင်ပြည့်ဖြိုးသူ၊ ပ-နှစ်/၂၀၀၇၊ သတ္တဗေဒ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်
(၆) မောင်သိန်းနိုင်ထွေး၊ Diploma in Business Laws သင်တန်း၊ ရန်ကုန် တက္ကသိုလ်
(၇) မောင်အောင်ရဲဦး၊ ဒု-နှစ်/၂၀၀၇၊ ကုန်ထုတ်ဓာတု၊ ဒဂုံတက္ကသိုလ်
(၈) မောင်ကျော်ရဲနိုင်၊ ပ-နှစ်/၂၀၀၇၊ ကုန်ထုတ်ဓာတု၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်
(၉) မငုဝါဖြိုးအောင်၊ ပ-နှစ်/၂၀၀၇၊ နည်းပညာတက္ကသိုလ်(သန်လျင်)
(၁၀) မောင်မင်းထက်အောင်၊ ဒု-နှစ်/၂၀၀၇၊ နည်းပညာတက္ကသိုလ်(မှော်ဘီ) တို့ဖြစ်ပါတယ်။

ယခင် စစ်ထောက်လှမ်းရေးရှိစဉ်ကတော့ နှစ်ရှည်လများ အသွင်ယူ မြှုပ်နှံထားရှိတဲ့ ထောက်လှမ်းရေးသတင်းပေးတွေကြောင့် ကျောင်းသားထုမှာ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို လက်ဦးမှုရှိရှိနှိမ်နှင်းနိုင်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်နောက်ပိုင်းမှာတော့ ကျောင်းသားသတင်းပေးနည်းပါးမှု၊ တပ်ဖွဲ့ဝင်အင်အား မလုံလောက်မှုတို့ကြောင့် ရွှေဝါရောင် အရေးအခင်းမတိုင်မီ အချိန်ထိ စရဖဟာ တက္ကသိုလ်တွေမှာ စောင့်ကြည့်ရုံလောက်ကလွဲပြီး ထိထိရောက်ရောက် ထိုးဖောက် သတင်းရယူနိုင်ခဲ့တာ မရှိပါဘူး။ ဒါ့ကြောင့် စီးပွားရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်တို့မှ ကျောင်းသားအချို့ဟာ သံဃာတော်တွေနဲ့အတူ မေတ္တာပို့ ဆန္ဒပြရာမှာ ပါဝင်လာခဲ့သလို ပုသိမ် တက္ကသိုလ်မှာလည်း မြေအောက်ကျောင်းသား လှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်၊ သြဂုတ် (၈) ရက်နေ့မှာတော့ နှစ်ပေါင်းများစွာ မြေအောက် ငုပ်လျှိုးခဲ့ရတဲ့ ဗကသများအဖွဲ့ချုပ်ကို ပြန်လည် ဖွဲ့စည်းနိုင်ခဲ့ကြပါတယ်။
ဒါ့ကြောင့်မို့ ၂၀၀၈ ခုနှစ်နောက်ပိုင်းမှာတော့ စရဖရဲ့ ထိုးဖောက်သတင်းရယူမှု အားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြီး တပ်ဖွဲ့ဝင်အင်အား၊ သတင်းပေး အင်အားတွေ တိုးမြှင့်ဆောင်ရွက်ခဲ့သလို သတင်းရဲတပ်ဖွဲ့၊ နယ်မြေခံ ရဲတပ်ဖွဲ့တွေကိုလည်း ကျောင်းသားထုအတွင်း အခြေအနေတွေကို မျက်ချည်မပြတ်စောင့်ကြည့်၊ တစ်စုံတစ်ခုဖြစ်လာခဲ့ရင် အချိန်နဲ့တပြေးညီ ချက်ချင်းတင်ပြဖို့ တော်တော်လေး ကြပ်မတ်ဆောင်ရွက်ခဲ့ပါတယ်။
(ပုံစာ- တနင်္သာရီတိုင်းရဲတပ်ဖွဲ့၏ လေးလပတ်အစီရင်ခံစာမှ ကျောင်းသားများ အတွင်း သတင်းရယူရေးလုပ်ငန်းနှင့်ပတ်သတ်သည့် တင်ပြချက်)
Credit == Moe Zay Nyein

No comments: