Tuesday, March 4, 2014

၁၉-၂၀ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ အပိုင်း ၁၉-၂၀


March 4, 2014 at 8:27am
ဘုရားသုံးဆူစခန်း 
 
 
ဘုရားသုံးဆူစခန်း၌ ကျွန်တော်မိန့်ခွန်းပြောနေစဉ်။
(နောက်တွင် အင်္ကျီအနီနှင့်ရပ်နေသူမှာ ဆန်နီမရင်ဒါ (လက်ရှိ ABSDF ၏ အထွေထွေအတွင်းရေးမှူး) ဖြစ်သည်)


ဘုရားသုံးဆူစခန်း၌ အမေရိကန်နိုင်ငံ ဒုက္ခသည်များဆိုင်ရာကော်မတီ (United States Committee for Refugees (USCR)) အဖွဲ့နှင့် အတူ
ဘုရားသုံးဆူစခန်းအကြောင်း ပြောရမည်ဆိုလျှင် မဲဆောက်မြို့မှ အုံနင့်ကျင်းနှင့် ဘုရားသုံးဆူသို့ ပြောင်းရွှေ့ လာသော ကျောင်းသားများ အကြောင်းထည့်ပြောမှ ပြည့်စုံပါမည်။
မဲဆောက်မြို့သို့ တောတွင်းမှတက်လာသော မြန်မာကျောင်းသားများနှင့် ဒီမိုကရေစီရေးလှုပ်ရှားသူများတွင် ပါဝင်ခဲ့သောသူများအပါအဝင် ကိုဝင်းမိုး၊ ကိုအောင်နိုင် (ဗီအိုအေ သန်းလွင်ထွန်း)၊ ကိုကိုဦးတို့ဗဟိုမှ ခွဲထွက် လာသောအုပ်စုနှင့် တင်မောင်ဆန်းစခန်းမှ ထွက်လာသောကျောင်းသားများ စုစုပေါင်း ၂၀၀ နီးပါး စုရုံးရောက် ရှိနေပြီး ထိုင်းရဲများနှင့်လည်းကောင်း ထိုင်းဒေသခံလူငယ်ဂိုဏ်းများနှင့်လည်းကောင်းကြိုကြားပဋိပက္ခဖြစ်လာ ခဲ့သည်။ မြန်မာနိုင်ငံဖွားကုလားသူဌေး အယွတ်ခန်သည် မဲဆောက်မြို့၏မျက်နှာဖုံး တစ်ယောက်ဖြစ်သည်။ သူက ကျွန်တော်တို့ ဗဟိုကော်မီတီဝင်များနှင့်လည်းကောင်း ကိုဝင်းမိုး၊ ကိုအောင်နိုင်တို့အုပ်စုနှင့်လည်းကောင်း ဆွေးနွေးခဲ့ကြသည်။ မြန်မာကျောင်းသားများကို သူကူညီလိုကြောင်းပြောကြားခဲ့သည်။ အားလုံးကိုဖိတ်ခေါ်၍ သူ့အိမ်တွင် ထမင်းကျွေးသည်။ ဆိတ်သားဟင်းနှင့်ဟုထင်သည်။

ကျွန်တော့်ကို သီးသန့် ဖိတ်ခေါ်ပြီး သူ့အိမ်ထဲတွင် စကားပြောသည်။ အယွတ်ခန်သည် စကားပြောကောင်းသူ တစ်ယောက်ဖြစ်သည်။ သူက မြန်မာကျောင်းသားများ မဲဆောက်တွင် ညီညီညွတ်ညွတ်ဖြစ်စေချင်ကြောင်းနှင့် သူကကူညီပံ့ပိုးပေးလိုကြောင်း ပြောကြားခဲ့သဖြင့် လိုအပ်လျှင် ပြောမည်ဖြစ်ကြောင်း စေတနာထား၍ ကူညီလိုသည့်အတွက် ကျေးဇူးတင်ကြောင်း ပြန်ပြောခဲ့သည်။
မဲဆောက်ရောက် မြန်မာကျောင်းသားများက ကရင်နှင့်အဆင်မပြေသဖြင့် မွန်နယ်မြေဘုရားသုံးဆူသို့ ပြောင်းချင်ကြသည်။  ထိုကဲ့သို့ဖြစ်နေစဉ် ထိုကျောင်းသားများနှင့် မဲဆောက်ဌာနေ ထိုင်းတို့နှင့်ပဋိပက္ခ ဖြစ်လာခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် မူဆလင်ကုလားသူဌေးအယွတ်ခန်က ကျောင်းသားများကို မဲဆောက်မြို့မှ သူတို့ပြောင်းရွေ့နေထိုင်ချင်သော ဘုရားသုံးဆူသို့ ကား ၃ စီးငှားပြီး ပို့ပေးသည်။

ကိုကိုဦးတို့ပါဝင်သော မဲဆောက်မြို့နေကျောင်းသားများ ညပိုင်းတွင် မဲဆောက်မြို့မှ အယွတ်ခန်ငှားပေးသော ဘတ်စ်ကားကြီး ၃ စီးဖြင့် ထွက်လာကြပြီးနောက် တစ်နေ့နနက်ခင်းတွင် ဘုရားသုံးဆူသို့ ဆိုက်ရောက်ခဲ့ ကြသည်။ ရောက်သည့်အခါ မူလရှိနေပြီးသော ကိုဇော်ဦး၊ ကိုတင်စိုးနောင်တို့ ဘုရားသုံးဆူ ၁၀၁ တပ်ရင်းသို့ ရောက်ကြသည်။ ထိုစခန်းတွင် ရှိနေသော လုပ်သားကောလိပ်မှ ကိုအောင်ကြည်ဦးတို့အုပ်စု၊ ဆေးကျောင်းသား ကိုအေးမင်း (ယခုဒေါက်တာအေးမင်း၊ ဝါရှင်တန်ဒီစီ) တို့ အုပ်စုနှင့်ပေါင်းပြီးနေကြသည်။ လုပ်သားကောလိပ် အုပ်စု၊ ကိုအေးမင်းတို့အုပ်စု၊ မဲဆောက်ကျောင်းသားများအုပ်စု သုံးစုပေါင်းလိုက်သောအခါ အင်အား ကောင်းသော ရန်ကုန်ကျောင်းသားများအုပ်စု ဖြစ်လာသည်။ DSA တတိယနှစ်တွင် အထုတ်ခံရသော ကိုလှိုင်ဘွားကလည်း သူ့အုပ်စုလေးနှင့်သူရှိသည်။ ကိုကိုဦး၊ ကိုအေးမင်း၊ ကိုအောင်ကြည်ဦးတို့နှင့် အတူတကွ နေကြရန် ဆွေးနွေးကြသည့်အခါ ကိုလှိုင်ဘွားက သူ့လူနည်းစုကို လူများစုက လွှမ်းမိုးသွားမည်ကို စိုးသဖြင့် လက်မခံဘဲရှိနေသည်။ ကျွန်တော်နှင့် အထွေထွေအတွင်းရေးမှူး ကိုသန်းဝင်းတို့ ဘုရားသုံးဆူသို့ရောက်စဉ် ကိုလှိုင်ဘွားတို့နေသည့်နေရာသို့သွား၍ ဆွေးနွေးညှိနှိုင်းပေးသော်လည်း ကိုလှိုင်ဘွားက သူဥက္ကဋ္ဌနေရာမှ မဆင်းနိုင်ကြောင်း ငြင်းဆန်သည့်အတွက် လက်လျော့လိုက်သည်။ လူများစုက သူ့ကို ဥက္ကဋ္ဌအဖြစ် လက်မခံနိုင်ကြောင်း သိသော်လည်း ကိုလှိုင်ဘွားသည် ထွက်ပေးရန် ငြင်းဆန်ခဲ့ပြီး နောက်ပိုင်းတွင် သူ့အုပ်စုနှင့် ဘုရားသုံးဆူမှ ထွက်သွားခဲ့ကြောင်း သိရသည်။ မဲဆောက်မှပြောင်းလာသောအုပ်စုနှင့် ဘုရားသုံးဆူတွင် ရောက်လာသောရန်ကုန်အုပ်စုတို့ပေါင်းပြီး ၁၀၂ ဘုရားသုံးဆူစခန်းဖြစ်လာခဲ့သည်။ ၁၀၂ တွင် လုပ်သားများကောလိပ် ဥက္ကဋ္ဌ ကိုအောင်ကြည်ဦးတို့ အုပ်စုနှင့် ဆေးကျောင်းသား ကိုအေးမင်း၊ ကိုအောင်သူငြိမ်းတို့အုပ်စု၊ ကရင်နယ်မြေတွင် မနေချင်၍ မဲဆောက်မှ ပြောင်းလာသော ဝင်းမိုး၊ အောင်နိုင်၊ ကိုကိုဦးတို့ အုပ်စုပေါင်းပြီး နေထိုင်ကြသည်။ ၁၀၁ စခန်းတွင် တင်စိုးနောင် ဗဟိုကော်မီတီဖြစ်သွားပြီးနောက် ကိုဇော်ဦး (ယခု သမ္မတအကြံပေး၊ ဗဟုအဖွဲ့ခေါင်းဆောင်)  စခန်းဥက္ကဋ္ဌ ဖြစ်လာသည်။ ကျွန်တော်တို့ ဘုရားသုံးဆူရောက်စဉ်က စခန်းတွင် ကိုဇော်ဦးကို မတွေ့ရချေ၊ ထိုစဉ်က ဘန်ကောက်သို့တက်၍ စခန်းအတွက် အထောက်အပံ့ ရှာနေသည်ဟု သိရသည်။ ကိုသီရိညွန့်သည်လည်း ဘုရားသုံးဆူ ၁၀၂ စခန်းအတွက် ဦးတင်မြင့်ဦးတို့နှင့် ဆက်သွယ်၍လည်းကောင်း၊ ဦးအောင်တို့နှင့် ဆက်သွယ်၍ လည်းကောင်း ထောက်ပံ့ကြေးငွေများ ရှာဖွေပေးနိုင်သဖြင့် ၁၀၂ စခန်းဥက္ကဋ္ဌ ဖြစ်လာခဲ့ကြသည်။ ထိုစဉ်က ရဲဘော်များ ငတ်ကြသဖြင့် ထောက်ပံ့ငွေ ရှာနိုင်သူတို့ စခန်းတွင် အရေးပါသော နေရာဖြစ်သည့် ဥက္ကဋ္ဌရာထူးကို ရရှိလာကြသည်။
ကိုဇော်ဦးသည် စခန်းသို့ ကားစင်းလုံးငှားပြီး ဘန်ကောက်မှဆင်းလာသည့်အခါ သူ့အတွက် ခြင်ထောင်၊ စောင်တို့မှအစ သောက်သုံးရန် ရေသန့်ဗူးကို ကတ်လိုက်ယူလာတတ်သည်ဟု သိရသည်။ ၁၉၈၈ ခုနှစ်တွင် ကျွန်တော်တို့ မြန်မာပြည်တွင် ရေသန့်ဗူးဆိုသည် မြင်ဖူးဖို့ မပြောနှင့်၊ ကြားတောင်မကြားဖူးသေးသည့် ဘဝဖြစ်သည်။ ထိုင်းနိုင်ငံတွင် ရေသန့်ဗူးကုမ္ပဏီများ မှိုလိုပေါက်နေသော်လည်း ကျွန်တော်တို့ဗမာများ ကျန်းမာရေးအတွက် သောက်သုံးရေသန့် လိုအပ်ကြောင်းပင် မသိကြသေးချေ။ စခန်းမှရဲဘော်များ စမ်းချောင်းရေကို ကြိုသောက်၍ြှဖစ်စေ၊ အစိမ်းသောက်၍ြှဖစ်စေ သောက်သုံးပြီး ညအချိန်တွင် တစ်ဦးနှင့် တစ်ဦး ပူးကပ်ပြီး ပုဆိုးခြုံအိပ်နေချိန်တွင် ကိုဇော်ဦးတစ်ယောက် စခန်းသို့လာပြီး နှစ်ရက် သုံးရက်နေထိုင်စဉ် ကာလ ရေသန့်ဗူး၊ ခြင်ထောင်နှင့်နေသည်။ သုံးလေးရက်နေပြီးလျှင် ဘန်ကောက်သို့ ပြန်သည်။ ဒေါက်တာ နိုင်အောင်နှင့် ကိုဇော်ဦးတို့သည် အလွန်ရင်းနှီးကြသည့်သူများဖြစ်သည်။ ဒေါက်တာနိုင်အောင်က ဆရာဝန်၊ ကိုဇော်ဦးက ဆေးကျောင်းသား ဘုရားသုံးဆူစခန်းကော်မတီဝင်များ ဖြစ်ကြသည်။ ကိုဇော်ဦး ဘန်ကောက်မှ ဆင်းလာသည့်အခါ စခန်းကော်မီတီသို့ ဘတ်ငွေ ၄- ၅ သောင်းခန့်ပေးပြီး တစ်ပတ်မပြည့်ခင် ဘန်ကောက်သို့ ပြန်သည်။ ပြန်သည့်အခါ  စခန်းမှနေမကောင်းသည့် ကျောင်းသူတစ်ယောက်ယောက်ကို ဆေးကုသရန် တစ်ခါ တစ်ရံ ခေါ်သွားတတ်သည်။ တစ်ပတ်နှစ်ပတ်ကြာလျှင် ဆေးကုသပေးပြီး ပြန်ခေါ်လာတတ်သည်။ ယင်းအကြောင်းများကို ကျွန်တော် မသိခဲ့ပါ။ သိဖို့အကြောင်းဖန်လာခြင်းက ကျွန်တော် ကန်ချနပူရီသို့သွားရာ ကေအင်န်ယူမှ ဖွင့်ထားသည့် တည်းခိုခန်းတွင် တည်းရသည်။ ထိုစဉ်က အစစအရာရာ ကေအင်န်ယူကို ဆရာတင်ရသည်၊ သူတို့ကျွမ်းကျင်သည့် နယ်မြေမဟုတ်လား။ ကျွန်တော်တို့က အစိမ်းသက်သက် ဘာမျှ မလုပ်တတ် မကိုင်တတ်။ ထိုတည်းခိုခန်းတွင် တာဝန်ကျသော ကေအင်န်ယူ ထောက်လှန်းရေးမှ ဖဒိုလိုင်နယ် (Lyonel) နှင့်တွေ့သည်။ အသားဖြူဖြူ၊ ရုပ်ချောချော ကိုယ်လုံးကိုယ်ထည် တောင့်တောင့်နှင့် ဖဒိုလိုင်နယ်သည် သားရည်ဂျာကင် အမဲရောင်ဝတ်ပြီး မော်တော်ဆိုင်ကယ်တစ်စီးနှင့် မင်းသားရှုးံသူ တစ်ယောက် ဖြစ်သည်။ အမေရိကသို့ ရောက်လာပြီးနောက် ချီကာဂိုမြို့တွင် အရက်အသောက်လွန်သဖြင့် ဆုံးသွားရှာသည်။ သူက ကျွန်တော့်ကိုခေါ်ပြီး “ကိုထွန်းအောင်ကျော်၊ ဟောဒီ Guest List  (တည်းခိုသူစာရင်း) ကို ကြည့်စမ်းပါ။ ခင်ဗျားတို့ ဘုရားသုံးဆူ စခန်း ဥက္ကဋ္ဌ ကိုဇော်ဦး ဒီမှာလာလာပြီး ဘန်ကောက်အသွားအပြန် တည်းသွားတာ၊ တော်လှန်ရေးအတွက် အတော်ကြိုးစားနေပုံရသဗျ” ဟု ရယ်ကျဲကျဲနှင့် ပြောလာခဲ့သည်။ ထိုကြောင့် သိချင်စိတ်ဖြင့် သူပြသည့် နေရာများကို လှန်ကြည့်ဖြစ်သည်။ ကိုဇော်ဦးတစ်ယောက် နှစ်ယောက်ခန်းမယူဘဲ တယောက်ခန်းယူပြီး မည်သည့်ကောင်မလေးနှင့် နှစ်ည အိပ်သွားသည်။ အပြန်တွင် နောက်နှစ်ညအိပ်သည် စသည်တို့ကို အံ့သြစွာ မှတ်တမ်းတွင် တွေ့ရမှ သူဘာကြောင့် ကလေးမလေးများကို ခေါ်ခေါ်သွားသည်ကို ရိပ်စားမိခဲ့ပါသည်။ ယောက်ျားလေးပွေသည် ရည်းစားများသည်ကို မပြောလိုပါ။ သို့ရာတွင် တော်လှန်ရေးကာလ ကိုယ့်တော်လှန်ရေး ရဲမေများကိုတော့ တန်ဖိုးထားသင့်သည် ထင်သည်။ ကိုဇော်ဦးနှင့် ပတ်သက်ပြီး နောက်တစ်ခု ကျွန်တော်ကြုံတွေ့ခဲ့ရတာကတော့ စံခဘူရီမှာ ဖြစ်ပါသည်။
ကျွန်တော် ထောင်ကျစဉ်က ဒေါက်တာဘမော်၏သားမက် ဦးရဲထွန်းနှင့် အလွန်ခင်မင်ရင်းနှီးခဲ့ပြီး ထောင်မှလွတ်သည့် အခါတွင်လည်း အဆက်အသွယ်မပြတ် ရှိခဲ့ကြသည်။ ရှစ်လေးလုံး အရေးအခင်းကြီးတွင်လည်း တိုင်တိုင်ပင်ပင် ရှိပြီး တောခိုသည့်အခါတွင်လည်း အဆက်အသွယ် မပြတ်ခဲ့ကြ။ ဦးရဲထွန်းနှင့် ကျွန်တော်တို့ ပြောမနာ ဆိုမနာ ရင်းနှီးခဲ့ကြသည့်အတွက် ဦးရဲထွန်းက ရှစ်လေးလုံးအရေးအခင်းအတွင်း ကျွန်တော်တို့အဖွဲ့မှ ရိုက်ကူးမှတ်တမ်း တင်ထားသည့် ဗီဒီယို ၆ ခွေကို ပြည်ပသို့ သူ့နည်းသူ့ဟန်ဖြင့် သူ့ယောက်ဖတော်သူ ဦးအောင်တို့အဖွဲ့မှ ဦးဇာလီမော်ထံသို့ ပေးပို့ခဲ့သည်။ ဦးဇာလီမော်က ကျွန်တော့်ထံ ထိုအခွေများကို ပေးသည်။ ထိုကြောင့် ရင်းနှီးခင်မင်ခဲ့ကြသည်။ ဦးဇာလီက ကျွန်တော့်ကို သူ့ယောက်ဖ ဦးရဲထွန်း၏လူဟု ထင်သည်။ ယုံကြည်သည်။ ထို့ကြောင့် ဦးဇာလီနှင့် စံခတွင် တွေ့သည့်အခါ ကိုဇော်ဦးကလည်း ရှိနေခဲ့သည်။ ဦးဇာလီက “ကိုထွန်းအောင်ကျော်၊ ကိုဇော်ဦးကလည်း ကျွန်တော်တို့လူပဲ ယုံယုံကြည်ကြည် ဆက်ဆံပါ၊ အချင်းချင်း တွေမို့လို့ အသိပေးပါတယ်” ဟု ကိုဇော်ဦးရှေ့တွင် ပြောလိုက်သည့်အခါ ကိုဇော်ဦး ဟန်မဆောင် နိုင်လောက်အောင် မျက်စိပျက် မျက်နှာပျက် ဖြစ်သွားခဲ့သည်။ ထိုအချိန်မှစ၍ ကိုဇော်ဦးသည် တစ်ဖက်တွင် ဘုရားသုံးဆူစခန်း ဥက္ကဋ္ဌလုပ်နေပြီး အခြားတဖက်တွင်လည်း ဦးအောင်တို့၏ ဒညတတွင် အဖွဲ့ဝင်ထားသူတဦး ဖြစ်မှန်းသိခဲ့ရသည်။ စခန်းမှ ရဲဘော်များကို ဖေါက်ခွဲရေးသင်တန်းတက်ရန် အကြောင်းပြပြီး ဒညတစခန်းသို့ ၅ ယောက်တစ်သုတ် ပို့ပေးသည့်အတွက် ဦးအောင်တို့်က ကိုဇော်ဦးကို အထူးအခွင့်အရေးပေးပြီး လက်သပ်မွေး ထားခဲ့သလို ကိုဇော်ဦးကလည်း အမွေးခံပြီး ငွေကို လှိုင်လှိုင်သုံး၊ ဟော်တယ်တွင် နေထိုင်ပြီး တော်လှန်ရေး လုပ်နိုင်ခဲ့သည်။ နောင်တွင် ၁၀၁ စခန်းမှ ကိုအောင်သူငြိမ်းတို့နှင့် ပြဿနာတက်ပြီး ယင်းကိစ္စများကို ဝေဖန်ခံရပြီးနောက် ဥက္ကဋ္ဌရာထူးမှ ဆင်းပေးခဲ့ရသည်။

ကိုအောင်သူငြိမ်းက ၁၀၁ စခန်း ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ခေါင်းဆောင်များ ကိုယ်ကျိုးရှာဇိမ်ခံကြသဖြင့် လက်အောက်ငယ်သားများ ဆင်းရဲဒုက္ခ ရောက်ခဲ့ကြသည်။ အောက်ခြေရဲဘော်များ စိတ်ဓါတ်ရေးရာအရ ကောင်းကြ၍သာ ဘုရားသုံးဆူစခန်းသည် ကြာရှည် ရပ်တည် နိုင်ခဲ့ခြင်းဖြစ်သည်။ တော်လှန်ရေးလုပ်လို၍ မိမိသဘောနှင့် မိမိလာကြပြီး အဆဲအဆိုခံ၊ အစားအသောက်၊ အနေအထိုင် အဆင်းရဲခံပြီး မည်သည့်ဘဝအာမခံချက်မှ မရှိ၊ လစာလည်းမရဘဲ ခေါင်းဆောင်များ ခိုင်းသည်တို့ကို မညီးမညူ လုပ်နေကြသည့် ရဲဘော်များ၏ စိတ်ဓါတ်သည် အလွန်မွန်မြတ်သော စိတ်ဓါတ်ဖြစ်သည်။ ထိုစဉ်က စခန်းအသီးသီးတွင်ရှိသော အောက်ခြေရဲဘော်များ၏ ကိုယ်ကျိုးစွန့်စိတ်ဓါတ်ကို အထူးလေးစား တန်ဖိုးထားမိပါသည်။
တပ်ရင်း ၁၀၁ ကို လေတပ်မှ တောခိုလာကြသော ကိုမြင့်ဝေ၊ ဆရာရွှေ၊ ဆရာပြုံး၊ ကိုကျော်တင့်တို့က စစ်သင်တန်းပေးသည်ဟု ကြားသိရသည်။ ၁၀၂ တပ်ရင်းကို တပ်ကြပ်ကြီး ကိုညိုမှိုင်း၊ ဆရာရွှေဘတို့က စစ်သင်တန်းပေးသည်။ ထိုစစ်မှုထမ်းများသည် ပြည်သူ့အကျိုးကိုကြည့်သည့် စစ်မှန်သော ပြည်သူ့သားကောင်း စစ်သားများ ဖြစ်ကြသည်။ ယင်းတို့သည် စစ်သားဖြစ်လင့်ကစား ပြည်သူတို့ကို စစ်ကျွန်ဘဝမှ လွတ်မြောက်စေလိုသော ကိုယ်ကျိုးမဖက်သည့်သူများအဖြစ် ဤနေရာမှ ဂုဏ်ပြုလိုက်သည်။

၁၀၁ စစ်သင်တန်းဆင်းသည့်နေ့တွင် ကိုမူးသာက စစ်ကြောင့်မှူးဖြစ်၍ ကိုအောင်သူငြိမ်းက ၁၀၁ စခန်းဥက္ကဋ္ဌ အဖြစ် မိန့်ခွန်းပြောကြားပြီး မဟာမိတ်အဖွဲ့များမှ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌကြီး နိုင်ရွှေကျင်နှင့် ကေအင်ယူမှ ဗိုလ်ချုပ်ကြီး တာမလာဘောက စကားပြောသည်ဟု ကြားသိခဲ့ရသည်။ ရဲဘော်များ ယူနီဖောင်းဝတ်စုံမရှိဘဲ စစ်သင်တန်းကို ပုဆိုးခါး တောင်းကျိုက်ပြီး ဆင်းခဲ့ရသည်ဟု ကိုမူးသာက ဆွေးဆွေးမြေ့မြေ့ ပြန်ပြောပြခဲ့သည်။

ထိုသင်တန်းဆင်းဓါတ်ပုံများ ရိုက်ထားသည့် ဖလင်လိပ်ကိုကူးရန် ဘန်ကောက်မှကားဖြင့် ဆင်းလာသော ကိုဇော်ဦးအား ပေးလိုက်သည့်အခါ သင်တန်းဆင်းဖလင်များ အလင်းဝင်၍ အကုန်ပျက်သွားခဲ့သည့်အတွက် ကိုအောင်သူငြိမ်း ဥက္ကဋ္ဌဖြစ်ပြီး မိန့်ခွန်းပြောနေသည့်ပုံနှင့် စစ်သင်တန်းဆင်းဓါတ်ပုံ မှတ်တမ်းများ ပျက်စီးသွားခဲ့သည်ဟု ကြားသိရသည်။  အရေးပေါ် ညီလာခံအပြီးတွင် ဗဟိုကော်မီတီ ဒုဥက္ကဋ္ဌ (၂) အဖြစ် အရွေးခံရပြီး ပြန်လာသူ ဒေါက်တာနိုင်အောင် ဘုရားသုံးဆူစခန်းသို့ ရောက်လာပြီး ဗဟိုသို့ မပြန်ဘဲ စခန်းတွင်ပင်နေခဲ့သည်။ ကိုအောင်သူငြိမ်းက စခန်းဥက္ကဋ္ဌဖြစ်လာပြီး ဒေါက်တာနိုင်အောင်နှင့်ရင်းနှီးပြီး သူ၏လုပ်ဖေါ်ကိုင်ဖက် ကိုဇော်ဦးက ဥက္ကဋ္ဌမှ ပြုတ်သွားသည့်အခါ ABSDF ကရင်နယ်မြေ ကော်မီတီ ဖွဲ့စည်းထားသလို ABSDF မွန်နယ်မြေကော်မီတီကို ၁၀၁ နှင့် ၁၀၂ စခန်းနှစ်ခုကို ပေါင်းဖွဲ့ရန် ကြိုးစားခဲ့သည်။ ထိုစခန်းနှစ်ခု၏ ABSDF မွန်နယ်မြေကော်မီတီဥက္ကဋ္ဌနေရာကို ကိုဇော်ဦးအားပေးရန် စီစဉ်ခဲ့သော်လည်း စခန်းခေါင်းဆောင်တချို့က ကန့်ကွက်သည့်အတွက် မွန်နယ်မြေ ABSDF ကို မဖွဲ့ဖြစ်တော့ဘဲ ကိုဇော်ဦးလည်း ဦးအောင် ဦးဆောင်သော “ဒညတ” အဖွဲ့သို့ ဗြောင်ဝင်သွားခဲ့ပြီး ထိုအဖွဲ့၏ အတွင်းရေးမှူး ၄ ယောက်ထဲမှ တစ်ယောက် ဖြစ်လာခဲ့သည်။
ဘုရားသုံးဆူစခန်းမှ ရဲဘော်တချို့ကို ဦးအောင်တို့အဖွဲ့မှ ဦးပြည်သိမ်းက ဖေါက်ခွဲရေးသင်တန်းပေးသည်။ ထိုသင်တန်းသို့တက်ရောက်သူများတွင် နောင်အခါ မြန်မာလေကြောင်းစီးလေယဉ်ကို ကော့သောင်မှ ပြန်ပေးဆွဲသွားပြီး ထိုင်းနိုင်ငံလေဆိပ်သို့ ဆင်းသက်စေခဲ့သောကြောင့်  နာမည်ကြီးလာသည့် ကိုစန်းနိုင် (ခ) ရဲသီဟနှင့် ကိုသန်းစိုး (ခ) ရဲရင့်တို့ပါဝင်ခဲ့သလို ယိုးဒယားလေကြောင်းကို ပြန်ပေးဆွဲ၍ အိန္ဒိယနိုင်ငံသို့ ဆင်းသက်စေခဲ့သော ကိုစိုးမြင့် (မဇ္ဇိမသတင်း) နှင့် ကိုထင်ကျော်တို့လည်း ပါဝင်ခဲ့သည်။


ဝမ်ခစခန်း 
ဝမ်ခစခန်းသည် ဖေါ်ပြခဲ့သည့်အတိုင်း စစ်သင်တန်းဆင်းများကို မူလတပ်ရင်းများသို့ မပြန်စေတော့ဘဲ ဝမ်ခတွင်စခန်းအဖြစ် သတ်မှတ်ပေးခဲ့သည့်စခန်းဖြစ်လာခဲ့သည်။ ဦးသန့်အရေးအခင်းတွင် ဒုဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးဖြစ်သူ ကိုစိုးညွန့် (ပြောင်ကြီး) နှင့် ကိုသက်လှိုင်တို့ ရောက်လာကြသဖြင့် ရဲဘော်များက ကိုစိုးညွန့်ကို စခန်းဥက္ကဋ္ဌ၊ ကိုသက်လှိုင်ကို အတွင်းရေးမှုးအဖြစ် သူတို့ကို ဦးဆောင်ရန် ရွေးချယ်ခဲ့ကြသည်။
ခရက်ဒေးစခန်း 
ခရက်ဒေးစခန်းခေါင်းဆောင်တပ်ရင်းမှုး အောင်ဟိန်း၊ စခန်းကော်မီတီဝင်များထဲမှ ဒေါက်တာ ကျော်သက်ဦးနှင့် ကိုထွန်းသိန်းတို့ကိုသာ မှတ်မိသည်။ ခရက်ဒေးစခန်းသည် သောင်းရင်းမြစ်ကမ်းနဖူးတွင်ရှိသည်၊ မဲသဝေါနှင့် သိပ်မဝေးလှ။ နောင်တွင် ခရက်ဒေးစခန်းကျသည့်အခါ ရေကျော်စခန်းသို့ပြောင်းခဲ့ကြသည်ဟုထင်သည်။ သိပ်မမှတ်မိတော့ ၂၅ နှစ် ကြာခဲ့ပြီကိုး။

သံလွင်စခန်း 
သံလွင်စခန်းနှစ်ခုရှိသည် ကိုမျိုးသန့် ဦးစီးသော တပ်ရင်း ၂၀၈ နှင့် ကိုမောင်မောင်တိတ်နှင့် စိုင်းမြင့်သူတို့ ဦးစီးသည့်တပ်ရင်း ၂၀၉ တို့ဖြစ်သည်။ ကိုမျိုးသန့်သည် ကေအင်ယူဗိုလ်မှူးရောဂျာနှင့် အလွန်ရင်းနှီးပြီး အမြဲတမ်းသူ့အိမ်တွင် တွေ့ရတတ်သည်။ ကေအင်ယူမှ ကိုမျိုးသန့်လိုသည်တို့ကို ထုတ်ပေးသည်အထိ ရင်းနှီးမှုရှိသည်။ ကိုမောင်မောင်တိတ်သည် ဦးသန့်အရေးအခင်းတွင် တက်တက်ကြွကြွပါဝင်ခဲ့သူ တစ်ယောက် ဖြစ်ပြီး ကျောင်းဝင်းအတွင်း စစ်တပ် ဝင်ရောက်ဖြိုခွဲသည့် အခါအဖမ်းခံရပြီး ထောင်ကျခဲ့သူ ဖြစ်သည်။ တရုတ်ကပြားတယောက်ဖြစ်ပြီး စိတ်ဓါတ်ကောင်းသည်။ ပြတ်သားသည်။ မိမိမှန်သည်ထင်လျှင် အလျော့မပေးဘဲ တဇွတ်ထိုးလုပ်တတ်သည့် အကျင့်ရှိသည်။ အရပ် ၅ ပေ ၅ လက်မခန့်ရှိပြီး ထိပ်ပြောင်ပြောင်၊ မျက်ပေါက်ကျဉ်းကျဉ်း၊ မျက်မှန်ကို အမြဲတတ်ထားသူုဖြစ်သည်။ စိုင်းမြင့်သူသည် စက်မှုတက္ကသိုလ် ကျောင်းသားတယောက် ဖြစ်သည်၊ စကားကိုချိုသာစွာ ပြောတတ်ပြီး ပြုံးရွှင်သောမျက်နှာထားရှိသည်၊ တော်လှန်ရေးလုပ်ရန် ထွက်လာသော်လည်း အလွန်နူးညံ့သိမ်မွေ့သူ တစ်ယောက်ဖြစ်သည်။ ပိန်ပိန်ပါးပါး အသားဖြူဖြူနှင့် ညှင်သာစွာ လမ်းလျှောက်တတ်သည်။ မာန်မာနမရှိ ပကတိဖြူစင်စွာဖြင့် တော်လှန်ရေး လုပ်နေသူ တယောက်ဖြစ်သည်။ ကိုဒီသည် အသားညိုညို ပိန်ပိန်ရှည်ရှည် နှင့်နှုတ်ခမ်းမွှေးစစနှင့် ကွမ်းအမြဲဝါးနေတတ်သည်။ မျက်လုံးမျက်ဖန်ကောင်းပြီး သဘောကောင်းသူတစ်ယောက်ဖြစ်သည်။ တပ်ရင်းမှူး ကိုသိန်းဆန်းသည်ပိန်သေးသေးနားရွက်ကားကားနှင့်မဟုတ်မခံ ပြတ်သားသူတယောက်ဖြစ်သည်။ နောက်ပိုင်း မဲဆောက်သူကြီး ဘွဲ့ရသည်အထိ မဲဆောက်တွင်ဒုက္ခရောက်နေသောအလုပ်သမားများကို ကာကွယ်သူ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ သံလွင်စခန်း ရဲဘော်များသည် စစ်ပုံကျသည်။ အထက်အောက် လေးစားမှုရှိသည်။ သံလွင်စခန်းသည် ရေစီးကြမ်းသော သံလွင်မြစ် နှုတ်ခမ်းပေါ်တွင် ရှိသည်။ ထိုင်းဈေးရှိရာ တော်လဲထနှင့် တနာရီကျော်ကျော် လှေစီးရသည်။
သံလွင်ဦးသုထစခန်းတွင် ဆရာတော်ဦးသံဝရနှင့်တွေ့ရသည်၊ အံ့သြဝမ်းသာဖြစ်ရသည် ဦးသံဝရကို တောခိုလာလိမ့်မည်ဟု ထင်မထားခဲ့။ ဦးသံဝရကို အင်းစိန်ကျောင်းတော်ကြီးတွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာအရ ထောင်အာဏာပိုင်များက ကျွန်တော်တို့ကို နှိပ်စက်နေစဉ်က ဘဝတူ နိုင်ငံရေးအကျဉ်းသား တစ်ယောက်အဖြစ် အတူတကွ တိုက်ပွဲဝင်ခဲ့ကြသည့် သေဖော်သေဖက်များအဖြစ် တွေ့ရှိ ခင်မင်ခဲ့ရ၊ လေးစား ခဲ့ရသော ၁၉၇၄ ဂျွန်အလုပ်သမား အရေးအခင်းခေါင်းဆောင်ထဲမှ သူရသတ္တိနှင့် ပြည့်စုံသော အလုပ်သမား ခေါင်းဆောင် ကရင်လူမျိုးတစ်ယောက်ဖြစ်သည်။ စူးရဲသောမျက်လုံး တောင့်တင်းသော ကိုယ်လုံး ကိုယ်ထည်နှင့် နှုတ်ခမ်းမွှေးစစနှင့် သူ့ကို ဦးအောင်နုဟု လူတွေက လေးလေးစားစား ခေါ်ကြသည်။ မဟုတ်လျှင် မခံတတ်ဘဲ မဟုတ်တာလုပ်သူကို စိန်ခေါ်၍ ထိုးတတ်သဖြင့် အလုပ်သမားအချင်းချင်း ဦးအောင်နုကို ကြောက်ကြသည်။ မီးချစ်စက်ရုံမှ အလုပ်သမားခေါင်းဆောင် ကိုကျော်သက်က ထောင်အာဏာ ပိုင်များကို သတင်းပေးသည့်အတွက် အလုပ်သမားသိက္ခာကျအောင် လုပ်ရမလားဟုဆိုကာ ဆွဲထိုးဖူးသည်။ ထောင်ထဲတွင် ကျွန်တော့်ကို မြန်မာ့လက်ဝှေ့သင်ပေးသည့်အခါ သူ့မျက်နှာကိုထိုးပေး၍ အနာခံသင်သည်။ ထိုးမိလျှင် စိတ်မဆိုးဘဲ “ကောင်းတယ်ကောင်းတယ်။ အဲသလိုထိုး၊ ထိုးသာထိုး။” ဟု အားပေးတတ်သည်။ နိုင်ငံရေးအကျဉ်းသားများကို ၃ ဆောင်တွင် ထားသည်၊ ထို ၃ ဆောင်ကို နိုင်ငံရေးဆောင်အဖြစ် သီးသန့်မထားတော့ဘဲ အာဏာပိုင်များက ရာဇဝတ်သားများနှင့် ရောနှော၍ ရာဇဝတ်ဆောင်အဖြစ်သို့ပြောင်း၍ နိုင်ငံရေးဆောင်ကို ဖျက်သည့်အခါ ကျွန်တော်တို့အများစုက လက်မခံဘဲ ဆန့်ကျင်သည့်အတွက် ဝါဒါများက နံပါတ်ဒုတ်များဖြင့် ဝင်ရိုက်ပြီး နှိမ်နင်းသည်။ အများစု ခေါင်းကွဲသူကွဲ ခြေလက်ကျိုးသူကျိုး ဖြစ်ကုန်ကြသည်။ ဦးအောင်နုတို့အခန်းတွင် ကရင်လူမျိုး ဦးအောင်နုနှင့် စောဖိုးကြူတို့နှစ်ယောက်မှာ အနာဆုံးဖြစ်သည်။ အခြားအလုပ်သမားများက အရိုက်မခံဘဲ ပုံစံထိုင်ပေးသော်လည်း ဦးအောင်နုတို့က ပုံစံထိုင်ရန် ငြင်းဆို သည့်အတွက် ရုပ်ပျက်ဆင်းပျက် အရိုက်ခံရပြီး နောက်တစ်နေ့ အဆောင်ဖွင့်ချိန်တွင် သူတို့နှစ်ယောက်ကို မမှတ်မိနိုင်လောက်အောင်ပင် စကောဝိုင်းပုံ ယောင်ကိုင်းနေသော မျက်နှာများဖြင့် တွေ့ကြရသည်။ အတော်စိတ်မကောင်းစရာပင်။ လူမဆန်သောနှိပ်စက်မှုကို ကျွန်တော်တို့ အတူတကွ ခါးစည်းခံ ခဲ့ကြရသည်။ ထိုအဖြစ်အပျက်ကို စာရေးဆရာဖိုးကျော့ (သူလည်း အလုပ်သမားခေါင်းဆောင်တစ်ယောက် အဖြစ်ပါခဲ့သည်) က သူမကြာခင်ရေးသားခဲ့သည့် ထောင်အကြောင်းစာထဲတွင် ဦးအောင်နုတို့က အရိုက်ခံရသည့်အခါ ငိုသည်ဟု သိက္ခာချရေးခဲ့ကြောင်းကို ထောင်ကျဖက်ရဲဘော်များက မကျေမနပ် ပြောပြ၍ သိရသည်၊ စာရေးဆရာ ဖိုးကျော့အနေနှင့် သူတို့ကြောက်ရွံ့ရသော ဦးအောင်နုကိုမုန်း၍ လုပ်ကြံ ရေးသားခြင်းသည် လက်ခံနိင်သော ကိစ္စမဟုတ်ဟု မြင်မိသည်၊ သမိုင်းကိုလိမ်၍မရ။


ဦးသံဝရ (၁၉၇၄ ဂျွန်အလုပ်သမား အရေးအခင်းခေါင်းဆောင် ဦးအောင်နု)
ဦးသံဝရက ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း ဆောက်ချင်သည်ဟု ပြောသဖြင့် သံလွင်စခန်းရဲဘော်များက ကေအင်န်ယူဗဟိုကော်မီတီသို့ အကြောင်းကြားပြီး မြေနေရာတောင်းသည်။ ထိုအခါ ကေအင်ယူက သံလွင်စခန်းဘေးရှိ ကရင်ခရစ်ယန်ရွာနှင့်ကပ်လျက် သစ်တောကွက် တစ်ကွက်ကို ပေးသည်။ သံလွင်ရှိရဲဘော်များ ဝမ်းသားအားရနှင့် ကုသိုလ်လိုချင်ကြသဖြင့် ထိုတောကို လူအင်အား ၁၀၀ ကျော် ခန့်နှင့် ရှင်းသည်။ လူ ၁၀၀ ကျော်အင်အားနှင့် သစ်ပင်မှန်သမျှကိုခုတ်၊ မြေညှိရှင်းလင်းကြသည်မှာ သုံးရက်ခန့် ကြာသည်။ ရှင်းလင်းပြီးသည့်အခါ ထိုရွာမှ ခရစ်ယန်ကိုးကွယ်သည့် ကရင်များက ကေအင်ယူဗဟိုသို့တက်၍ ထိုနေရာသည် သူတို့ကျောင်းဆောက်ရန်နေရာဖြစ်သဖြင့် သူတို့ပိုင်သည် သူတို့ကို ပေးရမည်ဟု ကန့်ကွက်ကြသည်။ ထိုအခါ ကေအင်ယူဗဟိုက မူလသူတို့စကားကို ဖျက်၍ ရဲဘော် ၁၀၀ ကျော် သုံးရက်တိတိ ပင်ပင်ပန်းပန်း ရှင်းလင်းထားသည့် မြေကွက်ကို ရွာသားများကို ပေးစေဟု အမိန့်ချလိုက်သည်။ ဘုန်းကြီးကျောင်းနေရာကိုမူ ဆောက်လုပ်ရန်ခက်ခဲသော တောင်စောင်းနေရာသို့ ပြောင်းပေးသည်။ သူတို့ပိုင်နက် သူတို့သြဇာဖြစ်သဖြင့် အောင့်သက်သက်နှင့် နောက်တစ်ကြိမ် မြေနေရာအသစ်ကို ထပ်ရှင်းကြရ ပြန်သည်။ ထိုအကြောင်းအရာကိုကြည့်လျှင် ကေအင်န်ယူ အထက်ပိုင်းသည် ခရစ်ယန်များဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင် ကရင်များကို လူမ်ျိုးချင်းတူသော်လည်း နှိမ်ထားပြီး အမြင်ကျဉ်းမြောင်းစွာ ခရစ်ယန်များကိုသာ ဦးစားပေးခဲ့သဖြင့် ကေအင်န်ယူ နှစ်ခြမ်းကွဲခဲ့ပြီး ဒီကေဘီအေ Democratic Karen Buddhist Army (DKBA) ပေါ်ပေါက်လာခဲ့သည်ဟု မြင်မိသည်။ အမှန်စဉ်စစ် ကရင်ဗုဒ္ဓဘာသာဝင်များသည် လူများစုဖြစ်ပြီး ခရစ်ယန်များသည် လူနည်းစု ဖြစ်သဖြင့် ဘာသာမခွဲခြားခဲ့ဘဲ တန်းတူဆက်ဆံခဲ့လျှင် ကေအင်န်ယူဌာနချုပ် မယ်နယ်ပလော ကျလိမ့်မည် မဟုတ်ဟု ယုံကြည်သည်။ ဒီကေဘီအေ ခွဲထွက်သွားပြီးနောက် ဦးသံဝရကို ဗုဒ္ဓဘာသာကရင်များက သူတို့ဖက်လာရန်ခေါ်သည်၊ ကျောင်းသားများကလည်း “ဆရာတော်ဟိုဖက်က လူတွေနဲ့ မဆက်သွယ်နဲ့နော်။ တော်ကြာ တပည့်တော်တို့ကို အဆိုးမဆိုနဲ့” ဟု မင်္သကာသလိုလာပြီး ချိမ်းခြောက်မှုလည်း ရှိလာသည့်အတွက် နောက်ဆုံးပြည်တွင်းသို့ ပြန်ဝင်သွားပြီး သူ့ကျောင်းတွင် ပြန်နေသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ အပိုင်း ၂၀

March 4, 2014 at 8:46am
စောထစခန်း 
စောထစခန်းသည် အတွင်းပိုင်းအလွန်ကျသဖြင့် ကျောင်းသားများပြန်လိုက ပြန်နိုင်ကြောင်း စစ်အစိုးရက ပြောကြားပြီးနောက် စခန်းအသီးသီးမှ တစ်ဝက်နီးပါး ပြန်ကြသည့်အချိန်တွင် စခန်းကို သံလွင်စခန်းနားသို့ ပြောင်းရွေ့လာခဲ့ကြသည်။ အရေးပေါ်ညီလာခံပြီးနောက် စခန်းဥက္ကဋ္ဌများကို ဗဟိုကော်မီတီအဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် စောထစခန်းဥက္ကဋ္ဌ ကိုမောင်မောင်စိုးမှာ ဗဟိုကော်မီတီဝင် ဖြစ်လာခဲ့သည်။ မောင်မောင်စိုးသည် ကျောင်းဆရာတယောက်ဖြစ်သည်၊ လူကောင်သေးသေးနှင့် စိတ်တိုသလောက် လက်မြန်သူဖြစ်သည်။ အသားညိုညို အရပ်ပုပုနှင့် မောင်မောင်စိုးသည် အရက်မူးလာလျှင် ရမ်းတတ်သည်၊ သို့သော် ရဲဘော်ရဲဘက်များအပေါ် အထူးဂရုစိုက်သူလည်းဖြစ်သည်။ ကိုတင်စိုးနှင့် ကိုသိန်းထိုက်တို့သည် စခန်းကော်မီတီဝင်များဖြစ်သည်။ ကိုတင်စိုးသည်လူရည်လည်သည်၊ စကားပြောကောင်းသည် မျက်လုံးမျက်ဖန် ကောင်းသည်။ အရပ် ၅ ပေ ၆ လက်မခန့် ရှိသည်။ ကိုသိန်းထိုက်သည် အသားမဲပြီး အသံပြာသည်။ ထိုသုံးယောက်လုံး အရက်သေစာ အလွန်ကြိုက်သည်။ ထိုသုံးယောက်နှင့်မတူသူမှာကိုဆန်းလင်းဖြစ်သည်။ ကိုဆန်းလင်းကို လူတိုင်းက ချစ်စနိုးဖြင့် မောင်ဆန်းလင်း (မဆလ) ဟု ခေါ်သည်။ ကုလားဆင်ဖြစ်ပြီး မြစ်ကြီးနားဇာတိဟု သိရသည်။ စကားပြော အေးဆေးပြီး တက်ကြွသည်။ နောင်ပြည်တွင်း ကင်းထောက်သွားရင်း ရန်သူစစ်ကြောင်းမှ ဖမ်းမိသွားသည်။ ထောင်ထဲတွင် နှိပ်စက်ခံရပြီး ကျဆုံးသွားသည်ဟု သိရသည်။ ဒေါက်တာမင်းသိမ်းသည် ABSDF အဖွဲ့ဝင် ဆရာဝန်များထဲမှ အရိုးသားဆုံးနှင့် သူတတ်သည့်ဆေးပညာနှင့်ကျောင်းသားရဲဘော်များကို တောတွင်းစခန်း တွင် နေထိုင်ပြီး နေရာမမက်ဘဲ အလုပ်အကျွေးပြုရင်း ကျဆုံးသွားသည့် လေးစားထိုက်သူ တစ်ဦးအဖြစ် မှတ်တမ်းတင်ရမည်ဖြစ်သည်။ ဒေါက်တာမင်းသိမ်းသည်လည်း စောထစခန်းမှဖြစ်သည်။ ရှေ့တန်းတွင် ဖမ်းမိသွားပြီး စစ်တပ်မှ စစ်ဆေးရေးတွင်ထား၍ သူ့အိမ်သို့ပြန်ပို့ပေးပြီးနောက် နာရီပိုင်းအတွင်း သေဆုံးသွား သည်ဟု ကြားသိရသည်။ မောင်မောင်စိုး၊ တင်စိုး၊ သိန်းထိုက်တို့သည် အစည်းအဝေးတိုင်းတွင် ကျွန်တော့်ကို နည်းမျိုးစုံနှင့် တစ်ခုမဟုတ် တစ်ခုကပ်သပ်ပြီး ပြဿနာရှာတတ်သည်။ နောင်အမေရိကသို့ ရောက်ပြီးနောက် မောင်မောင်စိုးသည် ကျွန်တော့်ကို အထူးလေးစားပြီး ခေါင်းဆောင်တစ်ဦးအနေနှင့် လက်ခံခဲ့သည်၊ အကြံဥာဏ်များ ရယူခဲ့သည် ကျွန်တော်ပြောသည့်အတိုင်း လေးစားစွာလိုက်နာသည်အထိ ယုံကြည်ခဲ့သည်။ ထို့အတူ ကိုတင်စိုးသည်လည်း တကူးတက အော်စီမှ ဖုံးဆက်ပြီး လေးလေးစားစား နှုတ်ဆက်တတ်သည့် အတွက် ဝမ်းသာကြည်နူးမိသည်။ နုငယ်စဉ် မရင့်ကျက်သေးသည့် အချိန်တွင်မာန်မာနတွေနှင့် မှားတတ်ကြသော်လည်း ရင့်ကျက်လာသောအခါ ဆင်ချင်လာနိုင်မှုကြောင့် တစိုက်မတ်မတ် လုပ်နေသော ကျွန်တော့်လုပ်ရပ်ကို အသိအမှတ်ပြုလာကြခြင်း ဖြစ်သည်။ သူတို့အားလုံးတွင် တူညီသောအချက်တစ်ချက် ရှိသည်။ စစ်အစိုးရကို ဘယ်တော့မှ ဒူးမထောက်ခြင်းပင်ဖြစ်သည်။

ကရင်နီဟွေစေတီစခန်း 
ကရင်နီဟွေစေတီစခန်းကို ကျွန်တော် မရောက်ဖူးခဲ့။ ကရင်နီစခန်းကျောင်းသားဥက္ကဋ္ဌရစ်ချက်ဌေးရယ်သည် ကရင်နီဥက္ကဋ္ဌကြီးစောမော်ရယ်၏တူဖြစ်သည်။ မျက်လုံးမျက်ဖန်ကောင်းကောင်းနှင့် ရစ်ချက်ဌေးရယ်သည် ဖြတ်လတ်သွက်လက်ပြီး ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်သည်။ တော်လှန်ရေးစိတ် အပြည့်အဝရှိသည်။ ဆန်နီမရင်ဒါသည်ဟိန္တွူကုလားကပြားဖြစ်ပြီး စကားကိုလေးလေးပြောတတ်ပြီး လူကြီးဆန်သည်။ စောမောရယ်၏ တူမနှင့် အိမ်ထောင်ကျသဖြင့် တော်လှန်ရေးအနွယ်ဝင် စစ်စစ်ဖြစ်သွားသည်။ မန်းထွန်းသည် ခရစ်ယန်ဘုန်းကြီး ဘဝမှလာသူဖြစ်သည်။ ပြုံးပြုံးနေတတ်သည်အေးသည်။ ပါစကွယ်လယ်သည် ချစ်ခင်ဖွယ်အပြုံးကို ပိုင်ဆိုင်သူ ကျောင်းသားတစ်ဦးဖြစ်သည် အင်္ဂလိပ်စာကို ကောင်းစွာပြောဆိုနိုင်သည်။ အလွန်အေးပြီး အမြဲပျော်ပျော်ရွှင်ရွှင် နေတတ်သူတဦးဖြစ်သည် အရပ်ပုပုအသားဖြူဖြူ နှင့်ရယ်လိုက်လျှင် ပါးချိုင့်လေးများ ပေါ်လာတတ်သည်။ ဒီမိုကရေစီကို နှစ်နှစ်ကာကာ ယုံကြည်သူတဦးလည်း ဖြစ်သည်။ နောက်တယောက်မှာ မိဆူးပွင့်ဖြစ်သည်။ မိဆူးပွင့်သည်ဖေါ်ရွေသောအပြုံးရှိသည်။ စာပေ၊ ကဗျာတို့ကို ကလောင်နာမည် မိဆူးပွင့်ဖြင့် ရေးသားသည်။ အသားဖြူဖြူ ကိုယ်လုံးပြည့်ပြည့်နှင့် မိဆူးပွင့်သည် လူချစ်လူခင်ပေါများသည်။ မာန်မာနမရှိ ရိုးသား တည်ကြည်သူ ဖြစ်သည်။

ပအို့ဝ်စခန်း
ပအို့ဝ်စခန်းကို ကျွန်တော်နာရီပိုင်းလောက်သာ ရောက်ခဲ့ဖူးသည်။ ဆန်နီမရင်ဒါက သူတို့စခန်းကိုမသွားဘဲ ပအို့ဝ်စခန်းကိုသွားရန်ပြောသဖြင့် မြင်းစီးပြီးသွားရသည်။ မဲဟောင်ဆောင်တွင် ကုတ်ရော်ဘင်ဆင်တို့က ညနေလေယဉ်ဖြင့် ပြန်မည်ဆိုသဖြင့် ပအို့ဝ်စခန်းသို့ မြင်းစီးပြီး ၃ နာရီလောက် သွားရသည်။ ရောက်သည်နှင့် စခန်းရှိရဲဘော်များနှင့် စကားပြောပြီး တစ်နာရီခန့်အကြာ လေယဉ်အမီ မြင်းစီးပြန်ရသဖြင့် အပင်ပန်းဆုံး ခရီးတစ်ခု ဖြစ်ခဲ့သည်။ စခန်းတွင် ခေါင်းဆောင်လုပ်သူကို တိုက်မောင်းခရီးသွားနေ၍ မတွေ့ခဲ့ရဘဲ၊ မသက်၊ ကိုဝင်းနိုင် (ဗီအိုအေ) တို့နှင့်ရဲဘော်များကိုသာ တစ်ခဏတွေ့ခွင့်ရခဲ့သည်။ မိမိကိုယ်တိုင်က သူများစားရိတ်နှင့် ခရီးသွားရသဖြင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်ခဲ့။ ပအို့ဝ်စခန်းတွင် ပအို့ဝ်ခေါင်းဆောင် ခွန်ထွန်းဦးနှင့် တွေဆုံခဲ့ရသည်။ ခွန်ထွန်းဦးသည် မျက်မှန်ထူကြီးနှင့် နှစ်လိုခင်မင်ဖွယ်ကောင်းသူ တစ်ယောက် ဖြစ်သည်။ အသားဖြူပြီး ပါးသိုင်းမွှေး၊ မုတ်ဆိတ်မွှေးများ ရိတ်ထားသဖြင့် သူ့မျက်နှာက စိမ်းနေသည်။ ကျွန်တော်စီးသည့်မြင်းကို ဇက်ကိုင်ပေးသည်။ မသက်က လမ်းတစ်ဝက်အထိ လိုက်ပို့သည်။ မသက်သည် ကျောင်းသားတပ်မတော် ရဲမေများထဲတွင် ယောက်ျားများနှင့် ရင်ဘောင်တန်း၍ ဆေးလိပ်နှင့် အရက်သောက်ပြီး ယောက်ျားလေးလိုနေသော မိန်းကလေးတစ်ယောက် ဖြစ်သည်။ ပိန်ချောက်ချောက် မျက်နှာစုတ်ချွန်းချွန်း၊ ဆံပင်ထိုးထိုးထောင်ထောင်နှင့် မသက်သည် အရုပ်ဆိုးသော်လည်း စကားပြော ကောင်းသည်။ အကျိုးအကြောင်းနှင့် ပြောတတ်သည်။ မဆလတင်းပြည့်ပါတီဝင်  ဖြစ်ခဲ့ဖူးသည်ဟု ပြောကြသည်။ နောက်ပိုင်း အိမ်ထောင်ကျသွားကာ ကလေးတယောက်ရပြီး အော်စီတွင် ဆုံးသွားသည်ဟု ကြားသိရသည်။ အေဘီကျောင်းသားတပ်မတော်တွင် မသက်နှင့် မိဆူးပွင့်တို့နှစ်ယောက်သည် ရဲဘော်များနှင့် အတူ ဆေးလိပ်၊ အရက်သောက်သည့် အာဂမိန်းမများ ဖြစ်သည်။ ပအို့ဝ်ရဲဘော်များနှင့် တစ်ခဏတာပဲ တွေ့ခွင့်ရသည့်အတွက် စိတ်မကောင်းဖြစ်မိသည်။


ပအို့စခန်းသို့ မြင်းစီးပြီး ရောက်လာစဉ်။ ကြိုဆိုနေသူမှာ ပအို့ခေါင်းဆောင်ခွန်ဥက္ကာဖြစ်သည်။




ဝဲမှယာ။ တတိယမြောက်မှာ ဝင်းနိုင်ဖြစ်ပြီး မြင်းကိုင်နေသူမှာ သက်သက်လွင် ဖြစ်သည်။
ကျန်လူများမှာ အမည်မသိ။

ကချင်ကိုယ်စားလှယ်ကျောင်းသားများရောက်လာခြင်း 
ကချင်မှကျောင်းသားကိုယ်စားလှယ် ကိုကျော်ကျော်၊ ကိုလှဌေးနှင့် ကိုသက်ထွန်း တို့သုံးယောက် ကုန်းလမ်း ခရီးဖြင့် ၂ လကြာ ချီတက်လာကြရာ ကျွန်တော်တို့ဗဟိုကော်မီတီဆီသို့ အရေးပေါ်ညီလာခံပြီးနောက် ရောက်ရှိ လာခဲ့ပါတော့သည်။ ထိုကချင်ကိုယ်စားလှယ် ကျောင်းသားခေါင်းဆောင်သုံးဦးကို ဗဟိုကော်မီတီဝင်များအဖြစ် ချက်ချင်း သတ်မှတ်ပေးခဲ့ပါသည်။ ကိုကျော်ကျော်ကို အရပ်ပုသဖြင့် ဂျပုဟု ချစ်စနိုးခေါ်ကြသည်၊ စကားကို မြန်မြန် ပြောတတ်ပြီး သွက်လက်ဖြတ်လတ်သူတယောက်ဖြစ်သည်။ ပျော်ပျော်ရွှင်ရွှင်နေတတ်သည်။ ကိုလှဌေးသည် ရှေ့နေတယောက်ဟုသိရသည်၊ စကားကိုလေးလေးပြောတတ်ပြီး ရှေ့နေပီပီ လိုရင်း မရောက်ဘဲ ကွေ့ဝှိက်ပြီးပြောတတ်သဖြင့် တခါတရံကျွန်တော်က စိတ်မရှည်ဘဲ လိုရင်းပြောရန် ငေါက်ရသည်။ အရပ်ရှည်ပြီးအသားညိုသည် အညာသားပုံပေါက်သည်။ ရေချိုးဆင်းသည့်အခါတွင် စစ်သဘက်ကလေးကို ဂုတ်ပေါ်တင်၍သွားလေ့ရှိသည်။ ကိုသက်ထွန်းသည် ကချင်ပြည်နယ်ရှိရှမ်းနီတယောက်ဖြစ်သည် အသားဖြူဖြူ မျက်လုံးကျဉ်းကျဉ်းနှင့်ကိုယ်လုံးအသင့်အတင့်ရှိသည်။ စိတ်တိုလွယ်ပြီး အမြဲမသင်္ကာသလို လူတိုင်းကိုကြည့် နေတတ်သူဖြစ်သည်။ ထိုအချိန်တွင် ထိုင်းရှိတက္ကသိုလ်တခုမှ မြန်မာကျောင်းသားများ ထိုင်းနှင့်ဆက်ဆံရေး ပြေပြစ်စေရန်အတွက် ဘာသာစကားသင်ကြားဖို့ရန် သုံးဦးရွေးချယ်ပေးရန်ပြောလာသည့်အတွက် ဗဟိုအလုပ် အမှုဆောင်အစည်းအဝေးထိုင်ပြီး ကိုကျော်ကျော် (ကချင်)၊ ကိုထွန်းသိန်း (ရေကျော်) နှင့် ကိုကိုနိုင် (ဘုရားသုံးဆူ) တို့ကို ဘန်ကောက်သို့ပို့၍ ထိုင်းစာကိုသင်ယူစေခဲ့သည်။

ဒေါက်တာသောင်းထွန်းနှင့်အပ္ပဒူလာ 
ဒေါက်တာသောင်းထွန်းသည် ညီလာခံတွင်နိုင်ငံခြားရေး တာဝန်ခံလုပ်လိုပါသည် ဆိုသဖြင့် သူတောင်းသည့် အတိုင်းပေးလိုက်ပြီးနောက်ဝမ်းခစခန်းတွင် ရုံးဖွင့်သည်။ သူကမြို့တက်မှ အလုပ်လုပ်နိုင်တာမဟုတ်ပါဘူး တောတွင်းစခန်းမှာ နေပြီးလဲလုပ်နိုင်ပါသည်ဟု ကြွေးကြော်သည်။ အားလုံးကသူ့သဘောထားကို ကြိုက်သည် အားပေးကြသည်။
ထိုအချိန်တွင် မြောက်ယီမင်ကဟုဆိုသည့် ကုလားတစ်ယောက် ရောက်လာသည်။ အသားဖြူဖြူ ကိုယ်လုံးကိုယ်ထည် ကြီးကြီး၊ ဆံပင်ကောက်ကောက်နှင့် အပ္ပဒူလာသည် စိမ်းဖန့်ဖန့်မျက်လုံးအရောင်ရှိခြင်းက သူ၏ထူးခြားမှု တစ်ခုဖြစ်သည်။ ထိုအချိန်က ကိုသောင်းထွန်းသည် အင်္ဂလိပ်စာကောင်းစွာမရေးနိုင်သေးပေ။ အပ္ပဒူလာက သူသည် မြောက်ယီမင်နိုင်ငံမှဖြစ်ကြောင်း ကျောင်းသားများ တော်လှန်ရေးလုပ်နေသည်ကို အားပေးရန်လာကြောင်း သူ့အနေနှင့်နိုင်ငံခြားဆက်သွယ်ရေးကို ကူညီပေးမည်ဖြစ်ကြောင်း ပြောပြီး ကိုသောင်းထွန်းနှင့် တွဲလုပ်သည်။ သံရုံးများသို့ စာရေးသားပေးပို့ရာ၌ အပ္ပဒူလာကရေးပြီး ကိုသောင်းထွန်းက လက်မှတ်ရေးထိုးပေးပို့သည်။ အပ္ပဒူလာက မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ သွားရောက်ရန်ပုံငွေရှာလျှင် ရနိုင်သည်ဆို၍ ကိုသောင်းထွန်းက အပ္ပဒူလာအား ABSDF ကိုယ်စားလှယ်ခန့်၍ စာရွက်စာတမ်းနှင့် ပေးလိုက်သည်။ အပ္ပဒူလာပျောက်သွားလိုက်ပြန်လာလိုက်နှင့် အလုပ်လုပ်နေသော်လည်း ငွေမည်မျှရလာသည် ကိုမူ မသိခဲ့ရ။
နောက်ပိုင်း ဘန်ကောက်သို့ ခေတ္တတက်ပြီး ပြန်လာမည်ဟုပြောပြီး ကိုသောင်းထွန်း တက်သွားသည်။ ဘန်ကောက် ရောက်ပြီး မကြာခင် အကြောင်းကြားလာသည်။ သူ ဘန်ကောက်တွင်နေတော့မည်၊ ဘန်ကောက်တွင် အလုပ်လုပ်မှ အဆင်ပြေမည်ဟုဆိုသဖြင့် သဘောတူလိုက်သည်။

အမေလိုက်လာခြင်း။ 
သားကိုအောင်းမေ့သဖြင့် အမေတယောက်တည်း မြဝတီလမ်းမှတဆင့် မဲဆောက်သို့ လိုက်လာသည်။ မိဘမေတ္တမည်မျှကြီးမားသည်ဆိုသည်ကိုထိုစဉ်ကတည်းကသိခဲ့သည်။ မော်လမြိုင်မှသင်္ကညီနောင် ထိုမှမြဝတီ၊ မြဝတီမှတဖက်ကမ်းသို့ကူးပြီး မဲဆောက်မယ်တော်ဘုန်းကြီးကျောင်းရောက်သည်။ သားအကြောင်းကို စုံစမ်းတော့ မည်သူမှ ကျွန်တော်နေသည့် နေရာကိုမသိဘဲ ဖြစ်နေသည့်အတွက် အမေတစ်ယောက် စိတ်ပျက်လက်ပျက် မဲဆောက်မြို့တွင် ကျွန်တော်လာလိုလာငြား လျှောက်ရှာသည်။ ထိုအချိန်တွင် ကျွန်တော်က လည်း ကိစ္စတစ်ခုနှင့် မာနယ်ပလောမှ ဆင်းလာပြီး မဲဆောက်မြို့ထဲမှ ဗိုလ်ကြီးစိုးမင်းတို့ အိမ်အသွား လမ်းတွင် အမေနှင့်မျက်နှာချင်းဆိုင် တိုးတော့သည်။ မိဘမေတ္တာကြီးမားသည့်အတွက်ဟု ယုံကြည်လိုက်သည်။ သားအမိနှစ်ယောက် ချိန်းမထားဘဲလမ်းတွင်မထင်မှတ်ဘဲတွေ့ရသည်။ အမေအား တွေ့တော့ အမေဟုခေါ်ပြီး ပြေးဖက်သည်၊ အမေကလည်းသားကို ဖက်ထားပြီး သားအမိနှစ်ယောက် တော်တော်နှင့်စကားမပြောနိုင်ကြ။ အမေ့ကိုယ်ကတသိမ့်သိမ့်ဖြစ်နေသည်။ အမေ ဝမ်းသာ ဝမ်းနည်း ဖြစ်နေကြောင်း သိသည့်အတွက် ထွေးပိုက် ထားမိသည်။ အမေသည် အရပ် ၅ပေ ခန့်သာရှိသည်။ ထို့ထက်မကျော်။ အရပ်ပုသလောက် လူကစိတ်မြန် လက်မြန်ရှိသည်။ ယောက်ျားရှပ်အင်္ကျီလက်တိုကို လက်ခေါက်ထားပြီး ဝတ်တတ်သည်။ အိမ်တွင် အဝေးပြေးကားများ ထောင်ထားသဖြင့် ကားသမားများမူးလာလျှင် သော်လည်းကောင်း၊ မဟုတ်တာ လုပ်လျှင်သော်လည်းကောင်း ယောက်ျား တစ်ယောက်လို ဆွဲထိုးတတ်သည်၊ လက်သီးကလည်းပြင်းသည့် အတွက် ဆရာကတော် လာသည်ဆိုလျှင် အားလုံးငြိမ်သည်။ စိတ်တိုသလောက် စေတနာထားပြီး ကားသမားများကို ကိုယ့်ဆွေမျိုးသားချင်းများကဲ့သို့ မညီးမညူ ချက်ပြုတ်ကျွေးမွေးပြီး ရင်းရင်းနှီးနှီး အဆင့်အတန်း မခွဲခြားဘဲ ဆက်ဆံသည်။ လက်ရေတပြင်စီး အတူစားသောက်ကြသည်။ အလုပ်ရှင် အလုပ်သမား ခွဲခြားမှုမရှိ။ ထို့ကြောင့် အဖေနှင့် အမေတို့ကို အလုပ်သမားများက လေးစားကြသည်၊ ချစ်ကြောက်ရိုသေကြသည်။

အမေက ကျွန်တော့မျက်နှာကို လက်နှစ်ဖက်နှင့်ကိုင်ပြီး သေသေချာချာကြည့်သည်။ “အထွန်းလူလေး” ဟု တစ်ချက်ပဲခေါ်သည်။ အဖေ၊ အမေနှင့် အိမ်နီးချင်းများက ကျွန်တော့်ကို ငယ်နာမည် အထွန်းဟုခေါ်ပြီး ကျွန်တော့အမ၊ မမစန်းကို အစန်းဟု ခေါ်ကြသည်။ အမေ့မျက်လုံးများတွင် မျက်ရည်တွေ ဝေ့နေသည်၊ သူမွေးကျွေးလာခဲ့သည့်သား သူမချစ်ဘဲနေပါ့မလား၊ အသက် ၆၀ ကျော်အရွယ် အဖွားအိုတစ်ယောက် သူ့သားတွေ့ဖို့တောတောင်အထပ်ထပ်ကျော်ပြီး ခရီးထွက်လာခဲ့တာ သူ့သားကို သူဘယ်လောက်ချစ်တယ် ဆိုတာ သက်သေပြချက်တွေပဲ မဟုတ်လား။
“အမေ။ ဘာလို့လိုက်လာတာလဲ။ အန္တရာယ်များတယ်၊ အမေအသက်ကြီးပြီ” ဟု ပြောတော့ “ငါမကြီးသေးပါဘူး သားနေမှကောင်းရဲ့လားလို့သိချင်တာနဲ့ထွက်လာခဲ့တာ။ မင်းနေမကောင်းရင်သုံးဖို့ ငါငွေယူလာခဲ့တယ်။ လူကြုံကိုစိတ်မချလို့” ဟုဆိုပြီး ဘတ်ငွေလဲထားသည့်အထဲက တစ်သောင်း ထုတ်ပေးသည်။ ကျွန်တော် မငြင်းဆန်ဘဲ ယူလိုက်သည်။ ကိုယ့်မိဘငွေဘဲလေ၊ ကိုယ့်မှာလဲ အိတ်ကပ်ထဲငွေက ဘတ် ၅၀၀ လောက်သာ ရှိသည်။ အမေနှင့်ဈေးလိုက်ဝယ်သည်။ သားလေးထက်ထက်အတွက် ပျောက်ကြား အင်္ကျီဘောင်းဘီတစ်စုံ၊ သမီးပိစိအတွက် ကလေးဝတ်ဂါဝန်လေးဝယ်ပြီးပေးလိုက်သည်။ ထိုစဉ် တင်မောင်ဆန်းတို့စခန်းမှ မီးမီးနှင့် တွေ့သဖြင့် အမေနှင့် မိတ်ဆက်ပေးသည်။ မီးမီးက အမေ့ကို သူအိမ်သို့ပေးရန် လိပ်စာနှင့် စာတစ်စောင် ပေးလိုက်သည်။
အမေက မယ်တော်ဘုန်းကြီးကျောင်းတွင် တည်းသည်။ နောက်တစ်နေ့တွင် အမေပြန်သွားသည်၊ အမေ့ကို လိုက်မပို့နိုင် အစည်းအဝေးရှိနေသည့်အတွက် သေ့ဘောဘိုးဖက်သို့ ခရီးထွက်ခဲ့ရခြင်းကြောင့်ဖြစ်သည်။ အမေ့ကို နှုတ်မဆက်နိုင်ဘဲ ခရီးထွက်ခဲ့ရ၍ စိတ်ထဲမှာဝမ်းနည်းသလို ခံစားရသည်။ တော်လှန်ရေး ကာလပဲလေ။ တစ်နေ့တော့ မိသားစု ပျော်ပျော်ပါးပါး ပြန်တွေ့ရမှာဘဲဟု မိမိကိုယ်ကို အားပေးရင်း စိတ်ဖြေရသည်။
သေ့ဘောဘိုးတွင် ဗိုလ်ချုပ်ရွှေဆိုင်းက တွေ့ပေးသဖြင့် ပြည်တွင်းမှ မင်းကိုနိုင်တို့လွှတ်လိုက်သော ယူဂျီ ဘိုင်ကြီး ခေါ် ကိုခင်မောင်ထွန်းနှင့်တွေ့ပြီး ပြည်တွင်းကိစ္စများကို ဆွေးနွေးဖြစ်သည်။ ဆွေးနွေးရင်း အမေ့ကို လွမ်းတာ ပျောက်သွားသည်။

အမေနှင့်ဒုတိယအကြိမ်တွေ့ခြင်း
အရေးပေါ်ညီလာခံလုပ်ပြီးနောက် တစ်လအကြာ မတ်လလောက်တွင် ကျွန်တော် နေမကောင်းကြောင်း အိပ်မက်မက်သဖြင့် စိတ်ထင့်ပြီး တကယ်နေမကောင်းဖြစ်နေသလားဟု ထပ်ရောက်လာပြန်သည်။ ဤတစ်ကြိမ်တွင်လည်း သားအမိနှစ်ယောက် ချိန်းမထားဘဲ လမ်းပေါ်တွင် ကျွန်တော်မြို့ဆင်းလာခိုက် တိုက်တိုက်ဆိုင်ဆိုင် ဒုတိယအကြိမ်မြောက် တွေ့ကြပြန်သည်။ ထူးဆန်းသလို တိုက်ဆိုင်မှုမှာ အံ့သြလောက်သည်။ မိဘမေတ္တာ ကြီးမားသည့်အတွက် ထိုအချိန်တွင် ကျွန်တော်အလိုလို ရောက်လာရသည်ဟု ယူဆမိသည်။ ဝမ်းသာ ဝမ်းနည်းဖြစ်သည်မှာ ပြောမပြနိုင်အောင်ပင်။ အမေက “သား။ အမေတို့ကို အမြဲစောင့်ကြည့်ခံနေရတယ်၊ အိမ်ရှေ့တိုက်ပေါက်ဝမှာ ထောက်လှန်းရေးက နှစ်ယောက်အမြဲထိုင်နေပြီး အိမ်ကိုလာတဲ့လူ ဘယ်သူမဆို ဘာကိစ္စနဲ့လာတာလဲ ဘယ်သူနဲ့တွေ့ဖို့လာတာလဲ၊ ထွန်းအောင်ကျော်က လွှတ်လိုက်လို့လား၊ ထွန်းအောင်ကျော်ကို သိသလား လို့မေးပြီး ပြန်ရင်လဲ ဘာတွေပြောခဲ့သလဲ ဘယ်သူက ဘာမှာလိုက်သလဲ က အစမေးလို့ အမေတို့အိမ်ကို အခုလူတွေ မလာရဲတော့ဘူး” ဟု အမေက ပြောပြသည်။ အမေပြောမှ ကျွန်တော်တို့အိမ် အထီးကျန်ဆန်နေရကြောင်း သိရသည်၊ ထောက်လှန်ရေးတွေ တယ်ညစ်ပတ်ပါလားဟု ဒေါသထွက်ရသည်။

No comments: