Thursday, March 14, 2013

“အတိတ်လမ်းကို ပြန်လျှောက်ခြင်း”


by Soe Min (Notes) on Thursday, March 14, 2013 at 2:01pm
          ဒါနောက်ဆုံးပဲလို့ မှတ်မှတ်ရရ နှုတ်ဆက်ခဲ့ပြီးပေမယ့် မမျှော်လင့်ပဲ ပြန်ဆုံရတဲ့သူတွေ၊ ပြန်ရောက်ခဲ့ရတဲ့နေရာတွေဟာ စိတ်အစဉ်ကို အတိတ်ကာလတစ်ခုဆီ အရောက် ပြန်ခေါ်သွားလေ့ရှိပါတယ်။ ဒေါ်ပတ္တမြားခင်ရဲ့ “အတိတ်လမ်းကို ပြန်လျှောက်ခြင်း” ဆိုတဲ့ စကားထက် ပြည့်စုံအောင် ပြောစရာ စကား မရှိပါဘူး။ လူဆိုတာ သူ့တစ်သက် ကိုယ့်တစ်သက် မသေသေးသရွေ့တော့ တနေ့နေ့ တချိန်ချိန် တနေရာရာမှာ ပြန်လည်ဆုံတွေ့နိုင်ကြသေးသတဲ့။ နေရာဟောင်းကလေးတွေ ပြန်ရောက်သွားတဲ့အခါမှာလည်း လူစုံတက်စုံ မဟုတ်သော်ငြား သိဟောင်းကျွမ်းဟောင်းတွေ ပြန်တွေ့ရပြန်တာပဲ။ ဒီအခါမှာ အခုမျက်မြင် ကြုံတွေ့နေရတဲ့ အရာအားလုံးကို ဟိုးအတိတ်က ပုံရိပ်ကလေးတွေနဲ့ နှိုင်းယှဉ်ချိန်ထိုး ကြည့်ကြတာပေါ့။  ဆရာစိုင်းခမ်းလိတ်ရဲ့ နေရာဟာ မတည်ငြိမ်ခြင်း၊ အချိန်ဆိုတာ မတည်မြဲခြင်း၊ နိယာမအတိုင်း အရာရာပြောင်းလဲကုန်တာလည်း အံ့ချီးမကုန် ကြုံရပြန်တာပဲ။ ကိုယ့်စိတ်ထဲမှာ မှတ်ဥာဏ်ထဲမှာ စွဲကျန်နေသေးတဲ့ ပုံရိပ်ကလေးတွေကို တမ်းတမ်းတတ လိုက်ဖွေရှာရင်း အလွမ်းပြေသွားတာပေါ့။ အလွမ်းပြေ မန်းမြေ တ လိုက်တော့ ကမ်းခြေမှာ စမ်းရေစတွေနဲ့ ဖြန်းလေက တသုန်သုန်တဲ့။ ခုတစ်ခေါက်ရောက်တဲ့ အလွမ်းပြေခရီးမှာ မန်းမြေကဖိတ်ခေါ်လို့ မန္တလာဘွေ ရွှေဘုံရွှေနန်းဆီ ဦးတည်လိုက်တာ ဟိုရောက်လည်း ထောင်ကဲပေါက်ဖော်တွေ ခြေချင်းလိမ်နေမယ့်အတူတူတော့ မထူးပါဘူး။ ငါတို့လည်း သူတို့မြေအရောက်သွား ဖ၀ါးခြေတင် ခရီးနှင်လိုက်မဟဲ့ဆို မူဆယ်၊ လောက်ကိုင်အထိ ခြေစကြာဖြန့်လိုက်မိပါတယ်။
          ပထမဦးဆုံး လူလည်ခေါင် စကားဖောင်ဖောင်တက်ပြောရတဲ့ပွဲမှာ ရွှေမန်းဆီသို့ ဖြစ်သွားရတာကတော့ ကိုယ့်စာတွေဖတ်တဲ့သူအများစုဟာ မန္တလေး ဆေးကျောင်းဝန်းကျင်မှာ အရှိများတယ် လို့ ခံစားရလို့ပါ။ စင်္ကာပူက လူတွေလည်း တော်တော်များများ ရှိပါတယ်။ သူတို့ဆီရောက်တုန်းကတော့ ကိုယ့်မှာ ပြောစရာစကားမှ မရှိပဲနဲ့။ ကိုယ့်ကိုယ်ကိုယ် စာရေးဆရာကြီးပါ။ ပွဲတိုင်းကျော်ကြီးပါ လို့ လူပြောသူပြောခံချင်စိတ် တစ်စိုးတစ်စိမှ မရှိသော်ငြား စာရေးသူနဲ့ စာဖတ်သူ အပြန်အလှန် ဆွေးနွေးချင်တဲ့ စိတ်တော့ရှိတာ အမှန်ပါ။ “ဘယ်က ကလေကချေလဲ။ သူရေးတာတွေ ငါလည်း တစ်လုံးမှ မဖတ်ဖူးပါလား” လို့ မြို့မေတ္တာပို့တဲ့သူတွေကို တုန့်လှည်မေတ္တာ ဆိုစရာ မရှိပါဘူး။ ဒါပေသိ ကိုယ့်စာတွေဖတ်ပြီး ကိုယ့်အပေါ်စကားစမြည် ဆိုချင်သူများဆီကတော့ တလေးတစား နားထောင် မေးမြန်းချင်ပါတယ်။ နောက်ကိုဆက်ရေးစရာ အတွေးစကလေးတွေရသလို ဆင်ခြင်စရာ သင်ခန်းစာလေးတွေလည်း သတိပြုမိတာပေါ့။ မျက်နှာမြင် ချစ်ခင်ပါစေ၊ အသံကြား သနားပါစေ ဆိုတဲ့ ဆုတောင်းလိုပဲ တောက်တိုမယ်ရ စာတိုပေစကလေးတွေ လိုက်ဖတ်နေရင်းနဲ့လည်း ကိုယ့်ချင်းကိုယ့်ချင်း အပြန်အလှန် မေတ္တာ စေတနာ ထားလို့ အရသားပါကလား လို့ သိလိုက်ရပါတယ်။ တစ်ကြိမ်တစ်ခါမှ လူချင်းမမြင်မတွေ့ဖူးတဲ့ တစိမ်းပြင်ပြင်ကြီးတွေဆီက ရင်းနှီးနွေးထွေးမှုကို လှိုက်လှိုက်လှဲလှဲကြီး ခံစားခဲ့ရတယ်။ ကိုယ့်ဘက်က ပြန်ပေးဆပ်စရာရှိတာက သူရောကိုယ်ရော နှစ်ဦးနှစ်ဘက် အကျိုးရှိမယ့် ပီယ၀ါစာ ချစ်ဖွယ်သောစကားများကို မှတ်ဖွယ်မှတ်ရာ ဟာသကလေးများနှောလို့ ရင်းရင်းနှီးနှီး ပေါ့ပေါ့ပါးပါးကလေး စကားလက်ဆောင် ပေးရမှာပေါ့။ လမ်းတလျှောက်လုံး ကားပေါ်မှာ မအိပ်နိုင်ပဲ အတွေးနယ်ချဲ့ခဲ့မိတယ်။ စဉ်းစားထားတာတွေကတော့ များလွန်းလို့ ကိုယ့်ဘာသာတောင် ပြန်မမှတ်မိတော့ဘူး။ အချိန်ကလေးလည်း ဘောင်ဝင်အောင်၊ ပျင်းရိငြီးငွေ့ဖွယ် မဖြစ်ရအောင်၊ ဆိုလိုရင်း ရည်ရွယ်ချက်ကလေးလည်း တည့်တည့်မတ်မတ်ထိအောင် ဘယ်လိုပြောရပါ့မလဲ။ စိတ်ကူးနဲ့ ဖဲဆင်ရိုက်ရတာ တစ်ယောက်တည်း ကျားထိုးတဲ့သူလိုပဲ။ အတွေးတွေနဲ့ မိုးလင်းတဲ့ ပွဲပေါင်းများစွာ ဆက်ကာဆက်ကာနေရတဲ့ မေမြို့ညတွေ များလွန်းတယ်။ တကယ်ပြောတော့ ယက်သဲ့ကြား ငါးတင်၊ တင်တဲ့ငါး ကြောင်စား၊ စဉ်းစားထားသမျှတွေက ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ရော။
          လားရှိုးကိုရောက်တော့ မျှော်လင့်ထားတဲ့အချိန်ထက် အများကြီးစောနေတယ်။ ယုံတောင် မယုံနိုင်ဘူး။ လမ်းတွေက လွှတ်ကောင်းနေပါပေါ့လား။ ကားကြီးကလည်း အေးလိုက်တာ စိမ့်လို့ စောင်ခြုံမနွေးပေါင်။ အရင်ကဆို ရန်ကုန်-လားရှိုး တိုက်ရိုက်ကားတောင် မရှိသေးလို့ ကျွဲဆည်ကန်မှာ ရောင်နီလာအောင် ခြင်ရိုက်ရင်း ငုတ်တုတ်ထိုင်စောင့်ရတယ်လေ။ မန်းလေး-လားရှိုးတောင်မှ ဗင်ကားလေးတွေပဲ ရှိတာ။ လားရှိုးရောက်အောင် တစ်နေကုန်မောင်းရတယ်။ ခုတော့ လားရှိုးဝင်တာ ရှစ်နာရီမထိုးသေးဘူး။ အစက လားရှိုးမှာ ညအိပ်ဖို့ စီစဉ်ထားပေမယ့် တလက်စတည်း လောက်ကိုင်တက်ပြီး အဲဒီမှာညအိပ်ရင် ကောင်းမလားလို့ အဖော်စပ်တော့ ကိုယ်နဲ့အတူပါလာတဲ့ သွားဆရာဝန်ကလေးကလည်း ၀မ်းသာအားရပဲ။ သူလည်း လောက်ကိုင်မှာ လုပ်ခဲ့တာ သုံးနှစ်တောင် မဟုတ်လား။ နှစ်ယောက်သား ပင်ပန်းရကောင်းမှန်းတောင် မသိတော့ပါဘူး။ နောက်တစ်ခေါက် ရောက်ရဦးမယ်လို့ ဘယ်တုန်းကမှ တွေးမထားဘူးလေ။ သွားမယ်လေလို့ စိတ်ပိုင်းဖြတ်လိုက်ပြီးကတည်းက ပျော်နေတဲ့ခရီး။ လမ်းခုလတ် နားတီးရွာမှာ ထမင်းစားနားကတည်းက ကိုယ့်အိမ်ကိုယ့်ယာ ပြန်ရောက်သလို ခံစားရပြီ။ အတက်အဆင်း ကားသမားတွေကအစ ရင်းနှီးနေတဲ့ သည်မျက်နှာကြီးတွေလေ။ အသိအကျွမ်း ဘုန်းဘုန်းတို့ပါ ပြန်တွေ့ရပြီ။ မြင်လိုက်တွေ့လိုက်ရရင် သူလည်းဝမ်းသာ ကိုယ်လည်းဝမ်းသာ။ ကိုးကန့်နံ့လွှမ်းတဲ့ ရှမ်းဟင်းကလေးတွေ ပြန်စားရတာကိုက အရသာ။ နေရာဟောင်း လူဟောင်း လမ်းဟောင်းကလေးကို အရင်လိုပဲနော်။ အစက ဒါမရှိဘူး နဲ့ အစဖော်ရင်း ခရီးသွားကြတယ်။ အချိန်ကတော့ အရင်လို မကြာတော့ဘူး။ ကားလမ်းမကြီးတွေက ဖုန်တထောင်းထောင်းနဲ့ ချဲ့လို့ကောင်းနေတုန်း။ နောက်ဆို လောက်ကိုင်နဲ့လည်း ရွှတ်ကနဲ ဖြစ်တော့မယ်။ အခုတောင် အရင်က နှစ်ညအိပ်လာရတဲ့ခရီးကို နေ့တစ်ပါတ်မကူးခင် ရောက်လာပြီ။
          လောက်ကိုင်ကိုရောက်ရောက်ချင်း အရင်ဆုံးသွားကြည့်တာက ကိုယ်တွေထိုင်ခဲ့တဲ့ ဆေးခန်းကလေးဆီပါ။ အခုတော့ ပိုတောင် စည်ကားနေပြီ။ အဲဒီဆေးခန်းမှာထိုင်နေတဲ့ ဆရာဝန်ကလေးကလည်း ကိုယ်တွေလိုပဲ လောက်ကိုင်ကို တကျော့ပြန်ဝင်ခဲ့တဲ့ ခွဲစိတ်ဆရာဝန်ကလေးပါ။ သူ့ခမျာ ကိုယ်နဲ့တုန်းက လက်ထောက်ဆရာဝန်အဖြစ် ရောက်ခဲ့ပြီးသား။ အခု အထူးကုဖြစ်တော့လည်း သည်ကိုပဲ ထပ်ရောက်ရတယ်။ နှစ်ထပ်ရှိပေမယ့် မမှတ်မိသေးလို့ နေပါလိမ့်မယ်။ နောက်တစ်ခါ ဖျာလိပ်နဲ့သယ်ရင် “သစ်ကိုင်းမရှိတဲ့လမ်းကပဲ သယ်ကြ” လို့ ပြောတဲ့ မုဆိုးဖိုကလေးရဲ့ ပုံပြင်ကို သတိရမိသား။ ဘာပဲပြောပြော သိဟောင်းကျွမ်းဟောင်းတွေမို့ ၀မ်းသာအယ်လဲပါပဲ။ ဆေးရုံမှာတည်းဖို့ခေါ်ပေမယ့် လမ်းသလားချင်တာနဲ့ မြို့ထဲမှာပဲ တည်းဖြစ်ပါတယ်။ အထုပ်အပိုးချ၊ ရေမိုးချိုးပြီးတာနဲ့ ဆေးရုံကုန်းပေါ်ကို အရင် တန်းတက်တော့တာ။ ကင်းကိုက်သလို အော်ဟစ်နှုတ်ဆက်ကြတဲ့ ဆရာမတွေ အလုပ်သမားတွေနဲ့ ပြန်တွေ့ရတာလည်း ၀မ်းသာစရာပဲ။ ပြောင်းတဲ့သူတွေ ပြောင်းကုန်ပြီ။ ကျန်တဲ့သူတွေ ကျန်သေးတယ်။ အမြဲတစေ ရီဝေေ၀နဲ့ ရှိနေတဲ့ အလုပ်သမားကြီးနှစ်ယောက်ကိုလည်း ရှိမှရှိသေးရဲ့လား လို့ ပူပူပင်ပင် မေးရတယ်။ အရင်က စိတ်တိုစိတ်ဆိုးတဲ့သူတွေလည်း အခု အဲဒါတွေ မရှိတော့ဘူး။ အကုန်မေ့ပစ်လိုက်ပြီ။ ထူးထူးခြားခြား ဆေးရုံဝင်းထဲမှာ တည်ထားတဲ့ ဘုရားကလေးလည်း မုခ်ဦးအကြီးကြီးနဲ့ ဖြစ်နေပြီ။ ၀န်ထမ်းအိမ်ယာတွေက အသစ်ဖြစ်နေပြီ။ ဆရာဝန်အင်အားကတော့ ကိုယ်တွေတုန်းကလိုပဲ မရှိရှိတဲ့သူနဲ့ ဖြစ်အောင် ၀ိုင်းကြရတုန်း။
          ဟိုးတလောတုန်းက မငြိမ်မသက်တွေဖြစ်တော့ သူတို့တတွေ ဘယ်လိုများနေကြသတုန်းလို့ စိတ်ဝင်တစားမေးတော့ သူတို့ကလည်း သည်းထိပ်ရင်ဖိုဖြစ်အောင်ကို ၀ိုင်းဖြေကြပါတယ်။ အဲဒီချိန် ကိုယ်က ဘူတန်မှာ ရောက်နေပြီကိုး။ တိုင်းပြည်ပျက်တာ၊ စစ်မက်ဖြစ်ပွားတာဆိုတာ ဘယ်နေရာမှာဖြစ်ဖြစ် သိပ်တော့မကွာလှပါဘူး။ အသံတွေကြားနေရတယ်။ လူနာတွေ ရောက်ရောက်လာတယ်။ အိမ်မှာ ပြန်မအိပ်ရဘူး။ ဆေးရုံပေါ်မှာတင် မိသားစုလိုက် တက်အိပ်ကြရတယ်။ အိမ်တွေဖောက်တယ်။ ဆိုင်တွေဖောက်တယ်။ မီးတွေလောင်တယ်။ လူတွေသေတယ်။ လမ်းတွေပိတ်ကုန်တယ်။ ရှိတာလေးနဲ့ ခြိုးခြံစားသောက်ရတယ်။ စည်စည်ကားကားမြို့ကြီးက တစပြင်လို ခြောက်ကပ်သွားတယ်။ “ဘာမှမဖြစ်ပါဘူး။ အေးဆေးပါ အေးဆေးပါ။” လိုက်အော်တဲ့သူကအော်၊ စကားမဆုံးခင် ပစ်တဲ့သူကပစ်တယ်။ (ကိုယ့်ဟာကိုယ် ယုံချင်ရာ ယုံကြပေါ့။ ပြောတာတစ်ယောက် ပစ်တာတစ်ယောက်ပဲဥစ္စာ) အဲဒီလိုအခြေအနေမျိုးကို ဘယ်သူက လိုချင်မှာလဲ။ ဘယ်ဘက်ကနိုင်နိုင်၊ ဘယ်ဘက်ကရှုံးရှုံး၊ မြေစာပင်က အမြတ်ထွက်ရိုးထုံးစံမရှိတာကို “စစ်” လို့ ခေါ်တယ်လေ။ နိုင်ချင်တဲ့သူနိုင် နယ်မြေလေးအေးချမ်းသွားမှ ကိုယ့်ထမင်းကိုယ် အေးအေးချမ်းချမ်းစားရမယ်လို့ တွေးကုန်ကြမှာပဲ။
           ခုချိန်မှာ မငြိမ်းချမ်းတဲ့ ပြည်နယ်ပြည်မက တိုင်းရင်းသားတွေလည်း လောက်ကိုင်က ကိုးကန့်တွေလို ငြိမ်းငြိမ်းချမ်းချမ်းရှိသွားကြပါစေ လို့ ဆုတောင်းပေးရင် ဆဲတာထက် နာမယ့်သူတွေ အများကြီး ရှိပါတယ်။ ကိုယ်နဲ့ ကိုယ့်မိသားစု အသက်အိုးအိမ် စည်းစိမ်တွေ မပါတိုင်း “လှေခွက်ချည့်ကျန် အလံမလှဲကြနဲ့။ ဒူးမထောက် လက်မမြှောက်ကြနဲ့။ တိုက်ရဲတာ သေရဲတာ အာဇာနည်လို့ခေါ်တယ်။” အစရှိသည်ဖြင့် မြှောက်ပင့်လှုံဆော်ပေးလို့ ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင်တွေ အသေအပျောက်များရမယ့် စာမျိုးကိုတော့ မရေးနိုင်ပါဘူး။ ဇာတ်တူသားဆိုတာ ကိုယ်တိုင်စားမှ ပျက်တာမဟုတ်ဘူး။ ကိုယ့်လူမျိုးချင်း ထိုးကျွေးရင်လည်း ပျက်သဗျ။ ကြေးနီမကလို့ ရွှေထွက်တဲ့တောင်ကြီး တစ်တောင်လုံးကုန်သွားလည်း မနှမြောဘူး။ ကိုယ့်လူမျိုးတွေခေါင်းထဲက အသိဥာဏ်တွေ ထွက်မလာတော့မှာပဲ နှမြောတယ်။ ဘာပဲပြောပြော လောက်ကိုင်မြို့ကတော့ ခုလောလောဆယ်မှာ အေးအေးချမ်းချမ်း ရှိနေတာ အမှန်ပါ။ အရင်ကနဲ့မတူတာ ကိုးကန့်လက်နက်ကိုင်စစ်သားတွေက မြန်မာရဲဝတ်စုံကို မပြည့်မစုံဝတ်ထားကြတယ်။ ပေါ်ပေါ်ထင်ထင် လက်နက်မကိုင်တော့ဘူး။ ဥပဒေပြင်ပက စီးပွားရေးလုပ်ငန်းတွေက လူမြင်သူမြင် အထင်ကရ မဟုတ်တော့ဘူး။ သိသာသိစေ မမြင်စေနဲ့ ဖြစ်လာပြီ။ အခုပြန်စည်လာတယ်ဆိုတာ ဟိုတုန်းက အိပ်နေသလောက်ပဲ ရှိပါတယ်။ ဒါပေမယ့်လည်း ဆင်ပိန်ကျွဲပဲ ဆိုကြပါစို့။
         လာရင်းကိစ္စက နိုင်ငံရေးမပါသမို့ အလွမ်းပြေအောင် အသိအကျွမ်းအိမ်တွေ တစ်အိမ်တက်ဆင်း လိုက်နှုတ်ဆက်၊ ဈေးတန်းလမ်းလျှောက်၊ ခြေညောင်းအောင် မြို့ပတ်ကြပါတယ်။ မြို့အ၀င်မှာ လဲထားတဲ့ တရုတ်ငွေတွေက လောက်ကိုင်ကပြန်ထွက်လာတဲ့အထိ ကြေးပြားတစ်ပြားတောင် မပွန်းဘူး။ လည်လို့လည်း မကုန်၊ စားလို့လည်း မလျော့ခဲ့ဘူး။ ထမင်းစားဖိတ်တွေ ငြင်းရလွန်းလို့ စိတ်များတောင်ဆိုးကြတယ်။ ဟုတ်တယ်လေ။ ဘယ်သူတွေ ဘယ်လောက်ကျွေးကျွေး ထမင်းဆိုတာ တစ်နေ့ နှစ်နပ်ထက် ပိုစားလို့ ရမလား။ ဒါပေမယ့် အရသာက စားတဲ့ထမင်းမှာ မရှိပါဘူး။ ပြန်တွေ့တဲ့ မျက်နှာတွေမှာသာ ရှိတာ။ ၀မ်းသာအယ်လဲဆိုတာ အစစ်ပဲ။ ဒါတောင် လူကုန်အောင် လိုက်မတွေ့ရလို့ စိတ်မကောင်းဘူး။
          နောက်တစ်နေ့ မူဆယ်တက်တော့ လောက်ကိုင်လမ်းထက် အများကြီးသာတယ်။ ဆံပင်ဖုန်မကပ်ပဲ ရောက်တယ်။ အစအဆုံး ကတ္တရာလမ်း။ အသွားအလာလည်း သိပ်စည်တယ်။ ဟိုးတုန်းက နံမယ်ကြီးလှတဲ့ စစ်ဆေးရေးဂိတ်ကြီးတွေ သဘောလောက်ပဲ ကျန်တော့တယ်။ မူဆယ်ကလူတွေ တော်တော် ကျန်းမာကြမယ်ထင်ပါတယ်။ အိမ်ငါးလုံးလောက်လျှောက်ရင် ဆေးခန်းတစ်ခန်းရှိတယ်။ လောက်ကိုင်လို မဟုတ်ဘူး။ ဆရာဝန်တွေကလည်း မြဲသလား မမေးနဲ့။ ခြေထောက်အောက် အမြစ်ပေါက်နေပလားတောင် မသိဘူး။ ပြောင်းမိန့်ထွက်ရင်တောင် အထုပ်မသိမ်းဘူး။ စောင်ထုပ်ကြီးသယ်ပြီး ဆင်းသွားတာ။ ဂျမ်းဘုံတို့ လွှမ်းခြုံပလိုက်လို့ကတော့ လုံရုံတင်မဟုတ်ဘူး။ နွေးသွားရော။ (သာမာန်စောင်တော့ ဘယ်ဟုတ်ပါ့မလဲ)။ ဆေးမမီလည်း ဒွေးစီတို့က မပူပေါင်။ အစိုးရလခလေး ဘာမက်လောက်စရာရှိလဲ။ ထွက်စာတင်လိုက်ရုံပေါ့။ ကိုယ်က အဲသမှာ ခိုင်နေမှပဲဟာ။
          မူဆယ်ဟာ လောက်ကိုင်ထက်သာတာကတော့ ကိုယ်တို့မြန်မာတွေဘက်က သာတယ်။ ဟိုဘက်ရွှေလီထဲအထိ ဈေးဆိုင်တိုင်းမှာ မြန်မာစကားတတ်တဲ့သူရှိတယ်။ မြန်မာငွေလဲမယ့်သူ ရှိတယ်။ လောက်ကိုင်မှာ မြန်မာငွေပေးရင် ၀က်အူချောင်းကင်ရောင်းတဲ့သူတောင် မယူဘူး။ မန်းလေးကဆိုင်းဘုတ်တွေသာ မြန်မာလို မရေးတာ။ ရွှေလီမှာ ရှိသမျှဆိုင်းဘုတ် မြန်မာလို မပီကလာရေးထားတယ်။ ရှမ်းထမင်းဆိုင်တွေဆိုတာ ပေါမှပေါ။ ရွှေလီဂိတ်ကို ဖြတ်ပြီး နန်းတော်ပေါက်က ၀င်သွားတဲ့အခါ မျက်နှာကို ရှိန်းကနဲနေသွားအောင် ရှက်မိတယ်။ သူတို့နယ်စပ်မြို့ကလေးက လမ်းမကျယ်ကြီးတွေက ကိုယ့်ဆီနေပြည်တော်က တော်ဝင်လမ်းမကြီးတွေထက် သာတယ်။ ကျယ်ဝန်းညီညာ ဖြောင့်ဖြူးထိန်လင်း နေလိုက်ပုံများ။ လမ်းဘေးဝဲယာက ဆီအုန်းပင်အရှည်ကြီးတွေတောင် အရိပ်ရအောင် လှအောင် စီစီရီရီ စိုက်ထားတယ်။ ဘယ်အရာမှ ပစ္စလက္ခတ် မရှိဘူး။ ခြေလှမ်းကလေး ခွေးတပစ်စာထွက်လိုက်ရုံနဲ့ အဲသလောက်ကွာတာ မြင်ရလို့ရှက်မိတယ်။ ဥဒဟိုကမ္ဘာပတ်နေတဲ့ တို့ခေါင်းဆောင်တွေ ရှက်ကြဘူးလားမသိ။ (မြို့တော်ချင်း နှိုင်းနေတာ မဟုတ်ဘူးနော်) ရွှေလီအ၀င်ဝက ရပ်ကွက်ကြီးတစ်ခုလုံးဟာ ကျောက်စိမ်းမြို့တော်ကြီးလို့ ခေါ်ရလောက်အောင် လက်ရာဆန်း၊ အရောင်အသွေးဆန်းတွေနဲ့ ကျောက်စိမ်းရတနာတွေ ဇယ်တောက်ရုံမကဘူး။ အိမ်ဆောက်လို့တောင် ရအောင် တောင်ပုံယာပုံတွေ့ခဲ့တယ်။ အင်းလျားလိပ်က ကျောက်မြက်ပြပွဲတွေ တီဗီထဲ ကြည့်ဖူးတာ သူ့ဆယ်ပုံတစ်ပုံ မရှိဘူး။ ကိုယ့်တိုင်းပြည်ထဲမှာ ကျောက်စိမ်းဆိုတာ ကျန်သေးရဲ့လားတောင် မသိဘူး။ မပူပါနဲ့။ အဲဒီဈေးကွက်က သူတို့ပြည်ကြီးအတွက် မဟုတ်ပါဘူး။ ကိုယ့်ဆီကလူတွေ လာဝယ်ဖို့ ရောင်းတာ။ ထွက်သွားတုန်းက ကျောက်တုံးတွေကို တဘက်ကမ်းမှာတင် ရတနာအဖြစ် ကိုယ်တွေကပဲ ပြန်ဝယ်ရတာ။ အ၀င်နဲ့အထွက်မှာ ဈေးဘယ်လောက်ကွာသွားမလဲ စဉ်းစားကြည့်။   ဒါကြောင့် ရွှေထွက်ဖို့မလိုဘူး။ ဥာဏ်ထွက်ဖို့လိုတယ် လို့ ပြောတာ။ ကုန်ကြမ်းကျတော့ နှစ်ပဲတစ်ပြားနဲ့ဝယ်တယ်။ လုပ်အားခကို သည်ဘက်ကလူတွေကိုပဲ တစ်ပဲခြောက်ပြားနဲ့ ခိုင်းမယ်။ ကုန်ချောရတော့ သည်ဘက်ဈေးကွက်ကိုပဲ ထောင်သောင်းသိန်းသန်းတင်ရောင်းဦးမယ်။ ဘာလို့များ အဲလောက် အ နေကြပါလိမ့်နော်။
          ဒါကြောင့်လည်း မူဆယ်-မန်းလေး လမ်းမကြီးကို ချောနေအောင်၊ အထစ်အငေါ့မရှိအောင် ကမကထလုပ်ပြီး ခင်းပေးထားတာနေမယ်။ ရခိုင်က တောင်ပေါ်လမ်းတွေနဲ့ ကွာလိုက်ပုံများ မပြောပါနဲ့။ ဟိုက မင်းဘူး-အမ်း ကန့်လန့်ဖြတ်လမ်းတိုကလေးကို ခြောက်နာရီ မိုင်ကုန်မောင်းရတယ်။ ဒီမှာ မူဆယ်က မန္တလေးကို နေ့ချင်းရောက်တယ်။ ကားဆက် မပြတ်ဘူး။ အကွာအဝေးချင်း မြေပုံပေါ်မှာ ပြန်ကြည့်။ ဒါပေမယ့် ရခိုင်တွေအနေနဲ့ လမ်းမကောင်းတာကိုပဲ ကျေးဇူးတင်သင့်တယ်။ လမ်းကောင်းရင် အဲဒီလမ်းကလွဲလို့ ဘာတစ်ခုမှ ရခိုင်မှာ ကျန်မှာ မဟုတ်ဘူး။ အကုန် တရုတ်ရောက်ကုန်မှာ။ ဂက်စ်တွေက ပိုက်ဆံရမှာ၊ အသိမ်းခံရတဲ့ မြေရှင်တွေ လျှော်ကြေးရမှာပဲ တွက်ရင် စာရင်းချုပ်လိုက်တော့ ဘာမှ ကျန်လိမ့်မယ် မထင်။ ချဉ်သီးပင်အောက် ချဉ်သီးရှားတော့ ချဉ်သီးသည်တွေပဲ ငတ်မှာ။ သူဌေးက အကုန်သိမ်းပြီး မြတ်တော့လည်း သူ့အိပ်ထဲချည့်။ တရုတ်ကို ကြံဖန်ကြောက် ကြံဖန်ကျေးဇူးတင်ရမယ်ဆိုရင်ဖြင့် သူ့ကျေးဇူးနဲ့ အောင်မြေမြမန်းကို တစ်နေမ၀င်ခင် ရောက်သွားရတာပေါ့။
          မန်းရွှေမြို့က အိမ်ရှင်မိတ်ဆွေများကတော့ ပေါ့သေးသေးတစ်ယောက်မှ မပါပါဘူး။ အားလုံး အသီးသီး နံမယ်ကျော်တွေချည့်ပါပဲ။ မန္တလေးမှာက နံမည်မရှိရင် ထိုးမုန့် လက်ဘက်တောင် ရောင်းလို့ရတာမှ မဟုတ်ဘူးလေ။ လူမမြင်ဖူးပေမယ့်လို့ သိချင်ကျွမ်းချင်လို့ တကူးတက မိတ်ဖွဲ့ထားရတာပါ။ လူချင်းစိမ်းပေမယ့် စာချင်း ရင်းနှီးဖူးပြီးသား။ သူ့အကြောင်း ကိုယ့်အကြောင်း တီးမိခေါက်မိပြီးသားပါ။ သိဟောင်းကျွမ်းဟောင်းတွေနဲ့ ပြန်တွေ့ရတော့ ၀မ်းသာမိသလိုပဲ မိတ်သစ်ဆွေသစ်များနဲ့ ရင်းနှီးခွင့်ရတာလည်း မင်္ဂလာတစ်ပါးပေါ့။  မန္တလေးဟာ အခါခါ ရောက်ခဲ့ဖူးပေမယ့် ကိုယ်နဲ့တော့ မရင်းနှီးသေးလို့ ပထ၀ီတွေ ကျက်နေရတုန်းပါ။ အရင်တစ်ခေါက်တုန်းက အင်းဝ တံတားဦးကို ရောက်ခဲ့ပြီမို့ သည်တစ်ခါတော့ မင်းကွန်းကို လိုက်ပို့ပါတယ်။ ဘိုးတော်ကောင်းမှု တည်ထားပြုသည်ဆိုတဲ့ ပုထိုးတော်ကြီး၊ ခေါင်းလောင်းတော်ကြီး၊ ခြင်္သေ့ကြီးနှစ်ကောင် (ခုတော့ ဖင်ပြောင်ကြီးနှစ်စုံပဲ ကျန်တော့တယ်) နဲ့ ဦးပေါ်ဦးကို သတိရမိတယ်။ ခေါင်းလောင်းကြီးတွေကို သံဇကာခတ်ထားတော့ မနူဟာဘုရားထက်တောင် မွန်းကြပ်ပါတယ်။ လှောင်ခြိုင့်သေးသေးလေးထဲကို သာလိကာအကြီးကြီး ထည့်ထားသလိုပဲ။ စစ်ကိုင်းမင်းရဲ့ မြသိန်းတန်စေတီကိုတော့ မယ်နုအုတ်ကျောင်းနဲ့ တွဲကြည့်မိတာပေါ့။ အနားဝန်းကျင် ဘယ်နေရာကြည့်ကြည့် ကုန်းဘောင်ဆက်ရဲ့ ခြေရာလက်ရာတွေ တွေ့ရသလို ရန်ကင်းတောင်ပေါ်က နိပတ်တော် စေတီစုံဖူးရတော့ မင်းရှင်စောတို့ ပုဂံခေတ်ကတည်းက မန္တလေးဆိုတာ တောကြိုအုံကြားတော့ မဟုတ်ပဲကိုးလို့ သဘောပေါက်ရပြန်ရော။ အောင်ပင်လယ်လည်း သူ့လက်ရာပဲ။ ရွှေကျီးမြင်လည်း သူ့ကောင်းမှုပဲ။ ရတနာ့ဂူ၊ တောင်ပြုန်း၊ သခင်မတောင်ဘက်ကို မြင်တော့ မြန်မာတွေရဲ့ ရိုးရာအစွဲအလန်းတွေ မသေးတာလည်း အကဲခတ်မိတယ်ဗျ။ ဒါပေမယ့် မန္တလေးဘက်က ရှေးဟောင်းအနုပညာလက်ရာတွေကတော့ သဒ္ဒါကြည်လင် ပါရမီရှင်တွေရဲ့ အထပ်ထပ် မွန်းမံပြုပြင်မှု၊ အသစ်ပြန်လည်တည်ဆောက်မှုတွေကြောင့် ရှေးမူတွေ ပျက်ပျက် ကုန်ပါပြီ။ ဒီနေရာမှာလည်း ဥာဏ်နဲ့ယှဉ်တဲ့ ပြုပြင်ထိန်းသိမ်းမှု လိုပြန်တာပါပဲ။ နောက်ဆုံးတော့ ရိုးရာမပျက် ထိန်းသိမ်းထားတာဆိုလို့ မီးပျက်ပြီး ခြင်ကိုက်တာကလေးပဲ ရှိတော့တယ်။
        သည်လိုနဲ့ အများမျှော်လင့်တောင့်တနေတဲ့ (ကိုယ့်ကိုယ်ကိုယ်တော့ အဲသလိုပဲ အားပေးလိုက်ပါတယ်) နေ့ခင်းစကား အချိန်ကလေး ရောက်လာပါတယ်။ စိတ်ထဲရှိသမျှ ထင်တိုင်းကြဲလိုက်မဟဲ့ လို့ တွေးမထားသော်ငြားလည်း လာရကျိုးမနပ်ဖြစ်မှာစိုးတော့ တတ်သမျှမှတ်သမျှ ၀ါစါကမ္မာ ဖြည့်စွက်ကာနဲ့ လိုရင်းအရောက် ရုန်းရပါတယ်။ အားရလှတယ် မဟုတ်ပေမယ့် ကျေနပ်လောက်အောင်တော့ ကြိုးစားခဲ့ပါတယ်။ မန္တလေးပရိသတ်ရဲ့ ထူးခြားတဲ့အထာကလေးကိုလည်း သဘောပေါက်မိပါတယ်။ ဘယ်လိုပဲ ခေတ်တွေ စံနစ်တွေပြောင်းပြောင်း၊ မြန်မာဆန်တဲ့ နန်းဆန်ဆန် ဓလေ့လေးတွေကို ချစ်လည်းချစ်တယ်။ အရိုးလည်း စွဲနေသေးတယ်။ သူများထက် ကျော်ချင်ကွန့်ချင်တဲ့ မောင်ကျော်ကွန့်က သီချင်းတစ်ပုဒ်လောက် ဆိုပေးပါလို့ ပွဲတောင်းလာတဲ့အခါ ဒီခေတ်လူငယ်တွေ ဘယ်သူမှ မကြားဖူးလောက်ဘူး မကြိုက်လောက်ဘူးထင်တဲ့ ရှေးသီချင်းတစ်ပုဒ်ကို ခြေဆင်းပျိုးကြည့်ပါတယ်။ နန်းတော်ရှေ့ဆိုတဲ့ “ရွှေမိုးညို” ပါ။ ကိုယ်တောင် သီချင်းနုတ်စ်တွေ ရေးကာစက မကြားဖူးတဲ့သီချင်းဗျ။ ဒါပေမယ့် မန်းလေးသားတွေအတွက် ကိုယ်ထင်သလို စိမ်းမနေပါဘူး။ ကော်ဖီကော်နာနဲ့ ထိုင်းမယ်ဆိုင်၊ ပီကင်းဘဲကင်နဲ့ အီတာလျံခေါက်ဆွဲတွေ ရနိုင်ပေမယ့်လည်း ခိုတောင်မုန့်တီ၊ အထမ်းမြီးရှည်၊ ခနုံထုပ်၊ ထပ်တစ်ရာဆီခြောက်တွေလောက် မက်မက်စက်စက် မရှိကြဘူး။ ရော့ခ်၊ ပေါ့ပ်၊ ဟစ်ဟော့ အကုန်ကြိုက်ပေမယ့်လည်း သူတစ်ခါတလေ ပြောဖူးတယ် မြို့မရဲ့အတီး နားထောင်ချင်သတဲ့။ ဘားကုဒ်ကလပ်က မုတ္တမညောင်ညိုရိပ်မှာ တရုတ်မပေါင်တိုတစ်ကျိတ်လောက်နဲ့ တစ်မတ်စေ့ဖနောင့်နဲ့ပွတ်သလို ပွတ်နေပေမယ့် သင်္ကြန်ကျပြန်တော့ “စံတူမမီ လှကိုလှသည် ငွေဖလားလေးလည်း မနိုင့်တနိုင်ချီ” ဆို ယိမ်းနွဲ့ကာ တီးကွက်နဲ့အတူ ကတယ်။ မန္တလေးဆိုတာ အပြင်မှာ မြင်နေရတဲ့ ဆိုင်ခန်းကန္နား၊ လမ်းတံတားတွေမှာ မရှိတော့ဘူး။ မန်းသူမန်းသားတွေရဲ့ နှလုံးသားထဲမှာတော့ ကျန်သေးတယ်။ တော်တော်ကြီးကို ကျန်သေးတယ်။ ဘယ်လိုဖော်ထုတ် ထိန်းသိမ်းကြမလဲဆိုတာပဲ ပြောစရာရှိတယ်။

No comments: