....................................................................
(မှူးဇော်)
တရုတ်နိုင်ငံမှ ဒေသအာဏာပိုင် အရာရှိတစ်ဦး၏ အဆိုအရ ၁၉၄၇ ခုနှစ်
ပင်လုံစာချုပ်ကို KIA က ဆုပ်ကိုင်ထားခြင်းသည် ပကတိအခြေအနေမှန်နှင့်
လုံးဝကွဲလွဲနေကြောင်း သိရှိရသည် (၂၀၁၁ ခုနှစ် သြဂုတ်လတွင် ကူမင်း၌
တွေ့ဆုံမေးမြန်းခန်းမှ)။ နောက်ဆုံး အချက်မှာ အနောက်အုပ်စု နိုင်ငံများအပေါ်
အားကိုးအားထားပြုသော KIA အဖွဲ့အပေါ် ရှေးယခင်ကတည်းကပင် မယုံမကြည် သံသယ
ထားခဲ့ခြင်းပင်ဖြစ်သည်။ ကချင် အဖွဲ့အစည်းများသည် တစ်နှစ်တာ အတွင်း အကူအညီ
ရရှိစေရန် ဝါရှင်တန်သို့ ကိုယ်စားလှယ် အဖွဲ့များစွာ စေလွှတ်ခဲ့ပြီး
တရုတ်နယ်စပ်ဒေသ၌ အမေရိကန်များ ဝင်ရောက်လာစေနိုင်ရန် ဆောင်ရွက်ကာ
တရုတ်နိုင်ငံ အကြောက်ဆုံးသော ကိစ္စကို ဖန်တီးနေသည်ဟု တရုတ်နိုင်ငံက
ယူဆထားသည် (၂၀၁၁ ခုနှစ် နွေဦးတွင် တရုတ်နိုင်ငံဆိုင်ရာ
ကျွမ်းကျင်သူများနှင့် ပြောကြားချက်မှ)။
ကချင်အဖွဲ့အစည်းများနှင့်
သဘောတူညီချက်များ မရရှိခဲ့ သော်လည်း နေပြည်တော်နှင့် UWSA အကြား
စေ့စပ်ဆွေးနွေးမှုများမှာ အကျိုးရလဒ် အများအပြား ထွက်ပေါ်လာခဲ့သည်။ စက်တင်ဘာလ
အတွင်း၌ နေပြည်တော်နှင့် UWSA တို့သည် အပစ်အခတ်ရပ်စဲရေးနှင့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရေးအတွက် သဘော တူညီချက်များ
ရရှိခဲ့သည်။ အဆိုပါ သဘောတူညီချက် များသည် UWSA ၏ လက်နက်ကိုင်ဆောင်ထားမှု
အခြေအနေ၊ ဝတိုင်းရင်းသား များ၏ ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့်
စသည့်ကိစ္စရပ်များကို ဖြေရှင်းနိုင်ခြင်း မရှိသော်လည်း နှစ်ဦးနှစ်ဖက်
အပြန်အလှန် သဘောတူ လက်ခံနိုင်သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး
ကိစ္စရပ်များ ပါဝင်ပြီး ယင်းတို့မှာ တရုတ်နိုင်ငံဘက်မှ လိုလားနေသော
ကိစ္စရပ်များလည်းဖြစ်သည်။
၂-၂ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု
2.2 Economic Cooperation
မြန်မာအစိုးရသစ်သည် စီးပွားရေးနယ်ပယ်များကို ဖွင့်လှစ်ပေးလာခြင်းကြောင့်
တရုတ်စီးပွားရေး လုပ်ငန်းများအတွက် မြောက်မြားလှစွာသော အခွင့်အလမ်းများ
ထွက်ပေါ်လာမည်ဟု တရုတ်အစိုးရက ရှုမြင် ထားခဲ့သည်။ အာဏာလွှဲပြောင်းမှု
အတော်အသင့် ချောမွေ့တည်ငြိမ် ခဲ့ခြင်းကြောင့် အစိုးရသစ်၏ တရားဝင်မှုကို
ခိုင်မာစေခဲ့သည်။ နေပြည်တော် အစိုးရသစ်အနေဖြင့် အာဏာ လွှဲပြောင်း
ရယူပြီးချိန်တွင် လုံခြုံရေးဆိုင်ရာ ထိပ်တန်း စိုးရိမ်ပူပန်မှု များကို
ဖြေရှင်း ဆောင်ရွက်ပြီးသည်နှင့် ၄င်း၏ တရားဝင်မှုကို မြှင့်တင်ရန် အတွက်
ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေး ဆောင်ရွက်လာမည် ဟူ၍
တရုတ်အစိုးရက ယုံကြည်ထားခဲ့သည်။ ဤသည်မှာ အနောက်နိုင်ငံများ၏ စီးပွားရေး
ပိတ်ဆို့မှုများကို ကြုံတွေ့နေရသော မြန်မာနိုင်ငံ အနေဖြင့် အလေးပေး
ဆောင်ရွက်ရန် တရုတ်နိုင်ငံမှ ဆန္ဒရှိနေသော လမ်းကြောင်း ဖြစ်သည်။
သမ္မတဦးသိန်းစိန်အစိုးရ အာဏာလွှဲပြောင်းရယူမှု မတိုင်မီ မြန်မာနိုင်ငံရှိ
တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများမှာ သိသိသာသာ
တိုးတက်လာခဲ့သည်။ မြန်မာနိုင်ငံရှိ တရုတ်သံရုံး၏ အဆိုအရ ၂၀၁၀ ခုနှစ်အတွင်း
နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံအထိ
တိုးတက်လာရာ ၅၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်မားလာခဲ့သည်။ မြန်မာအစိုးရ ဘက်မှ
ထုတ်ပြန်သောစာရင်းများ အရ ၂၀၁၀ ခုနှစ် ဧပြီလမှ ၂၀၁၁ ခုနှစ် မတ်လအထိ ကြားကာလ
အတွင်း တရုတ်နိုင်ငံသည် အမေရိကန် ဒေါ်လာ ၇ ဒသမ ၇၅ ဘီလီယံ ရင်းနှီး
မြှုပ်နှံခဲ့ကြောင်း သိရှိရသည်။ ယင်းရင်းနှီးမြုပ်နှံမှု အများစုမှာ သဘာဝ
အရင်းအမြစ်နှင့် စွမ်းအင် ကဏ္ဍများတွင် အဓိက
ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည်။ (၂၀၁၁ ခုနှစ် ဆင်ဟွာသတင်းများအရ)
တရုတ်နိုင်ငံဘက်မှ စာရင်းဇယားများတွင် ၂၀၁၀ ခုနှစ်အတွင်း တရုတ်နိုင်ငံသည်
မြန်မာနိုင်ငံ၌ အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၃၂ ဘီလီယံ ရင်းနှီးမြှုပ်နှံ
ခဲ့ကြောင်း သိရှိရသည်။ စွမ်းအင် အသည်းအသန် လိုအပ်လျက်ရှိသော
တရုတ်နိုင်ငံအနောက် တောင်ဘက်ပိုင်း အတွက် အရေးကြီးသော
ရေအားလျှပ်စစ်ထောက်ပံ့ ဖြည့်ဆည်းပေးသူအဖြစ် မြန်မာနိုင်ငံကို အလေး
ထားခဲ့သည်။ မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၅၄
ရာခိုင်နှုန်းမှာ ရေအားလျှပ်စစ် ထုတ်လုပ်သည့် ဆည်စီမံကိန်းများ ဖြစ်နေသည်။
သမ္မတဦးသိန်းစိန် ဘေကျင်းသို့ အလည်အပတ် သွားရောက်ခဲ့သည့် ၂၀၁၀ ခုနှစ်
မေလအတွင်း ရေအားလျှပ်စစ် ဆည်စီမံကိန်းတစ်ခု၊ တရုတ် ဖွံ့ဖြိုးတိုးတက်ရေးဘဏ်
China Development Bank မှ မြန်မာနိုင်ငံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့
အမေရိကန် ဒေါ်လာ ၇၄၅ သန်း ထုတ်ချေးခြင်း အပါအဝင် စီးပွားရေးဆိုင်ရာ
သဘောတူညီချက် ကိုးခုကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြသည်။
၂-၃ စွမ်းအင်သယ်ယူပို့ဆောင်ရေးလမ်းကြောင်း
2.3 Energy Transportation Route
လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ ယူနန်ပြည်နယ်သို့ သွယ်တန်း သော
ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် မြန်မာနိုင်ငံရှိ
တရုတ်စီမံကိန်းများ အနက် အရေးအကြီးဆုံးသော စီမံကိန်းဖြစ်သည် ဟု
တရုတ်နိုင်ငံက လက်ခံထားသည် (၂၀၁၂ ခုနှစ် ဇန်နဝါရီလ အတွင်း
တရုတ်ကျွမ်းကျင်သူ များနှင့် တွေ့ဆုံမေးမြန်းချက် အရ)။
အာဖရိကမြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်း ဒေသများမှ ရေနံ
တင်ပို့မှုအားလုံးကို ဖြတ်သန်းနေရသည့် မလက္ကာ ရေလက်ကြားအား
မှီခိုအားထားနေရသည့် အခြေအနေကို ရှောင်လွှဲနိုင်မည်ဟု တရုတ်နိုင်ငံက
ပိုက်လိုင်း စီမံကိန်းအပေါ် မျှော်လင့် ထားခဲ့ကြသည်။
ပိုက်လိုင်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်
ဇွန်လနောက်ပိုင်း ပိုက်လိုင်း စီမံကိန်းသည် ချောချောမွေ့မွေ့ဖြင့် ပုံမှန်
တိုးတက်လာခဲ့သည်။ မြစ်ငယ်မြစ်နှင့် မဒေးကျွန်း တံတားထိုး ခြင်းကဲ့သို့သော
အရေးကြီး အစိတ်အပိုင်းအချို့မှာ ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင်
ပြီးစီးခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ယင်းပိုက်လိုင်းသည် မြောက်အာဖရိကနှင့်
အရှေ့အလယ်ပိုင်းမှ ရေနံတန်ချိန် ၂၂ သန်း၊ မြန်မာနိုင်ငံ
ကမ်းလွန်လုပ်ကွက်များမှ ဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံတို့ကို
တရုတ်နိုင်ငံသို့ တင်ပို့ပေးနိုင်မည်ဟု အကောင်းဘက်မှ ရှုမြင်ထားသည်(၂၀၁၀
ဆင်ဟွာနက်)။
မလက္ကာ ရေလက်ကြားအား စစ်ရေးအရ ပိတ်ဆို့ထားသည့်
အချိန်များတွင် ထိုကဲ့သို့ ပိုက်လိုင်းများကြောင့် တရုတ်နိုင်ငံ၏ မဟာဗျူဟာ
အားနည်းချက် ပပျောက်နိုင်ခြင်း မရှိဟု တရုတ်ကျွမ်းကျင်သူများက
မှန်းဆထားသော်လည်း ၂၀၁၃ ခုနှစ်၌ ပိုက်လိုင်းစီမံကိန်း ပြီးစီးသွား သည်နှင့်
မြန်မာနိုင်ငံနှင့် သာမက အရှေ့တောင်အာရှ နှင့်ရော တောင်အာရှနှင့်ပါ
ကုန်သွယ်မှုများ တောက်လျှောက် မြင့်မားလာမည် ဟု မျှော်လင့်ချက်များ
မြင့်မားစွာ ရှိထားကြသည်။ တစ်ချိန်တည်း မှာပင် ယူနန်အာဏာပိုင်များ အနေဖြင့်
ရေနံနှင့် ဓာတုလုပ်ငန်းများကို ၄င်းတို့ပြည်နယ်၌ ထားရှိ ထူထောင်ရန်
စဉ်းစားနေကြပြီး ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် ယူနန်ပြည်နယ်အား တရုတ်
အနောက်တောင်ပိုင်း ၏ စွမ်းအင်နှင့် ကုန်သွယ်မှု ဗဟိုချက်အဖြစ်
ရောက်ရှိလာစေမည် ဖြစ်သည် (၂၀၁၀ ပြည့်နှစ် တရုတ်ပြည်သူ့ နေ့စဉ်သတင်းစာ)။
၃။ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာလမ်းပြမြေပုံ
3. China’s Strategic Blueprint for Myanmar
၃-၁ တရုတ်နိုင်ငံ၏ မြန်မာမဟာဗျူဟာအမြင် တိုးတက်ပြောင်းလဲ လာခဲ့ပုံ
3.1 Evolution of China’s Strategic Perception of Myanmar
နှစ်နိုင်ငံအကြား သံတမန်အဆက်အသွယ် ထူထောင်ချိန် နောက်ပိုင်း တရုတ်နိုင်ငံ၏
မြန်မာနိုင်ငံအပေါ် ထားရှိသော မဟာဗျူဟာ ရှုမြင်ချက်မှာ မတူညီသော
အဆင့်များကို ဖြတ်သန်းလာခဲ့သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် အချိန်
အတော်များများတွင် အရေးပါ သော အခန်းကဏ္ဍ၌ တည်ရှိခဲ့သည်။ တရုတ်ပြည်သူ့
သမ္မတနိုင်ငံ PRC ဟူ၍ စတင်ထူထောင်ခဲ့သည့် ၁၉၄၉ ခုနှစ်မှာပင် ဘေကျင်း
အစိုးရနှင့် သံတမန်အဆက်အသွယ် စတင် ထူထောင်ခဲ့သည့် ပထမ ဦးဆုံးသော
ဆိုရှယ်လစ်မဟုတ်သည့် နိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်ပြီး တရုတ်နိုင်ငံအား
နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အထီးကျန် မဖြစ်စေရန် ကူညီဆောင်ရွက်ပေးခဲ့သော
ပထမဦးဆုံးသော တတိယကမ္ဘာ နိုင်ငံလည်းဖြစ်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မတိုင်မီ
နိုင်ငံရေး ဆက်ဆံမှု-ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးမှာ နှစ်နိုင်ငံ ဆက်ဆံရေး၏
မဏ္ဍိုင်ကြီး ဖြစ်ခဲ့သည်။ နိုင်ငံရေးအရ ဆက်ဆံမှုမှာ များစွာ ခိုင်မာ
ခဲ့သော်လည်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကဲ့သို့သော အခြားဆက်ဆံရေး
များမှာ နောက်ကျ ကျန်ရစ်ခဲ့သည်။ ဤကာလများ၌ တရုတ်နိုင်ငံ၏ နိုင်ငံရေး
မိတ်ဆွေတစ်ဦး အဖြစ်သာ မြန်မာနိုင်ငံကို တွေ့မြင်ရသည်။
၂၀၀၀
ပြည့်နှစ်တွင် တရုတ်နိုင်ငံမှ နှစ်နိုင်ငံဆက်ဆံရေး အတွက်
အရင်းအမြစ်အသစ်များ၊ ဈေးကွက်အသစ်များ စတင်ရှာဖွေ
ဆောင်ရွက်လာခဲ့ခြင်းကြောင့် နှစ်နိုင်ငံအကြား စီးပွားရေး
ပူးပေါင်းဆောင်ရွက်မှုမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
တရုတ်နိုင်ငံနှင့် နယ်နိမိတ် ထိစပ်လျက်ရှိခြင်း၊ ရေအားလျှပ်စစ်၊ တွင်းထွက်၊
သစ်၊ ကျောက်စိမ်း စသည့် သဘာဝ အရင်းအမြစ်များ ပေါများ ကြွယ်ဝခြင်း
စသည်တို့ကြောင့် မြန်မာနိုင်ငံသည် တရုတ်ရင်းနှီးမြှုပ်နှံမှု များနှင့်
စီးပွားရေး လုပ်ငန်းများ၏ ဦးတည်ရာ ဖြစ်လာခဲ့သည်။ ကနဦးတွင်
နယ်စပ်ကုန်သွယ်ရေး ကဏ္ဍက ဦးဆောင် ပေါ်ထွက်လာခဲ့ပြီး မကြာခင်မှာပင်
မြန်မာနိုင်ငံမှ စွမ်းအင်နှင့် တွင်းထွက်များ ရှာဖွေ ဆောင်ရွက်သော
တရုတ်နိုင်ငံပိုင် ကုမ္ပဏီကြီးများ၊ စီးပွားရေး လုပ်ငန်းကြီးများ
ကြီးစိုးလာခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌
အများဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏ
ဒုတိယအများဆုံး နိုင်ငံအဖြစ်သို့ ရောက်ရှိလာခဲ့သည်။ ဤကာလများ အတွင်း သဘာဝ
အရင်းအမြစ်များနှင့် ကုန်ကြမ်းများ ပံ့ပိုးထောက်ပံ့ပေးနေသော
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အထူး အရေးကြီးသော ကုန်သွယ်ဖက်နိုင်ငံ
ဖြစ်လာခဲ့သည်။
သို့ဖြစ်၍ အထက်ပါ ပြောင်းလဲတိုးတက်လာမှုများ အရ
တရုတ် နိုင်ငံ၏ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် (၁) နိုင်ငံရေးမိတ်ဖက်၊
(၂) စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တို့မှာ အဓိကအုတ်မြစ်နှစ်ခု အဖြစ်သာ
ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ မဟာဗျူဟာအရ အရေးပါမှုမှာ များများစားစား ပါဝင်မှု
မရှိခဲ့ကြောင်း တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံ နှင့် ပတ်သက်၍
တရုတ်နိုင်ငံမှ လေ့လာ သုံးသပ်သူများ၊ အရာရှိများက ပြောကြားကြရာတွင်
အိန္ဒိယသမုဒ္ဒရာသို့ သွားရောက်နိုင်သည့် ကော်ရစ်ဒါ တစ်ခုအနေဖြင့် သတ်မှတ်
ထားရှိခဲ့ကြောင်း တွေ့ရှိရ သော်လည်း ယင်းကော်ရစ်ဒါ၏ ရည်ရွယ်ချက်မှာလည်း
ကုန်သွယ်မှု နှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအဖြစ် အသုံးပြုရန်သာ
ဖြစ်နေသည်။
မြန်မာ-တရုတ် ဆက်ဆံရေးကို ပျက်ပြားစေနိုင်သည့်
အမေရိကန် ပြည်ထောင်စု၏ ကြိုးပမ်း အားထုတ်မှုများကို လေ့လာ
သုံးသပ်ကြရာတွင်လည်း ဝါရှင်တန်အစိုးရ၏ မဟာဗျူဟာ ရည်မှန်းချက်ကိုသာ
အလေးထားနေကြပြီး မြန်မာနိုင်ငံ၏ ကိုယ်ပိုင် မဟာဗျူဟာ တန်ဖိုးကို
ထည့်သွင်းတွက်ချက်မှု မရှိကြောင်း တွေ့ရှိရသည်။ ယေဘုယျအားဖြင့်
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် တရားဝင် (သို့မဟုတ်)
ခိုင်မာသော မဟာဗျူဟာ မြောက် ဆက်ဆံရေးတစ်ရပ် ထူထောင်နိုင်ရန် ထက်ထက်သန်သန်
ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ပေ။
ဆက်လက်ဖော်ပြပါမည်။
တရုတ်နိုင်ငံ၏ မြန်မာမဟာဗျူဟာ အချိန်အဆအလွဲ
No comments:
Post a Comment