Wednesday, March 13, 2013

လက်ပံတောင်းတောင်ကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်သဘောထားအမြင်

လက်ပံတောင်းတောင်ကိစ္စနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်လိုပါက မိမိကိုသာ ဦးတည်ပြုလုပ်စေလိုကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"ဆန္ဒပြချင်ရင် ကျွန်မကိုပဲပြပါ။ ရန်ကုန်က သက်ဆိုင်ရာအာဏာပိုင်တွေကို ခွင့်ပြုချက်တောင်းပါ။ ခွင့်ပြုချက်ရရင် ကျွန်မ အိမ်ရှေ့မှာ လာပြနိုင်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဆန္ဒပြလိုပါက ဥပဒေနှင့်အညီသာ ပြုလုပ်စေလိုပြီး ဥပဒေမဲ့ လုပ်ရပ်များကို မပြုလုပ်စေလိုကြောင်း ၎င်းကဆိုသည်။

"ဆန္ဒပြတာတွေကို ဥပဒေနဲ့အညီ ခွင့်တောင်းပြီး ပြစေချင်တယ်။ ဥပဒေနဲ့မညီဘဲပြရင် အရေးယူဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ကျွန်မအနေနဲ့ အကြံပြုထားတယ်"ဟု ပြောသည်။
လက်ပံတောင်းတောင် စီမံကိန်းအတွက် သိမ်းဆည်းခံထားရသော လယ်ယာမြေများအတွက် လျော်ကြေးငွေများကို ယခုခေတ်ကာလ ပေါက်ဈေးဖြင့် ဒေသခံများအား ရက်ပိုင်းအတွင်း ပေးအပ်သွားမည်ဟု မုံရွာမြို့တွင် ရောက်ရှိနေသော ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"လျှောက်လွှာတင်ပြီးလို့ အချက်အလက်မှန်ရင် တစ်ပတ်အတွင်း လျော်ကြေးတွေ ပေးရမယ်လို့ သက်ဆိုင်ရာတွေကို ကျွန်မ မှာထားတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယခုစီမံကိန်းကို ရပ်ဆိုင်းလိုက်ပါက နိုင်ငံနှင့် ဒေသခံများအတွက် အကျိုးမရှိနိုင်သည့်အပြင် နိုင်ငံတကာမှ မိမိတို့ နိုင်ငံအပေါ် စီးပွားရေးအရ ယုံကြည်၍ မရသော နိုင်ငံအဖြစ် ထင်မြင်သွားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"ဒါလုပ်လို့ လက်ပံတောင်းတောင် ပျောက်မလားလို့ မေးကြတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ပျောက်သွားမှာပဲ။ ဒါကိုလည်း ကျွန်မအနေနဲ့ နားလည်တယ်။ အားလုံးလိုချင်တဲ့အတိုင်းတော့ မဖြစ်နိုင်ပါဘူး"ဟု ကော်မရှင်ဥက္ကဋ္ဌကဆိုသည်။

ယခုလ ၁၅ ရက်မှ ၁၇ ရက်အထိ အကြံပြုချက်များကို အကောင်အထည်ဖော်မည့် ကော်မတီမှ အဖွဲ့ဝင်များက လက်ပံတောင်းတောင်ဒေသသို့ ကွင်းဆင်းလေ့လာမည်ဖြစ်သည်။
 

No comments: