Tuesday, July 9, 2013

"ကိုမင်းကိုနိုင် ပြောသော 7 July အဓိဋ္ဌာန်"

မြန်မာပြည်က အွန်လိုင်းသုံးသမားတွေ လိုင်းမကောင်းလို့  ဗွီဒီယိုကို နားထောင်မရင် ဖတ်လို့ရအောင် စာကိုအချိန်ယူပြီး ရိုက်ထားပေးပါတယ်။

၁၉၆၂ 7 July လို့ခေါ်တဲ့ ကျောင်းသားလှုပ်ရှားမှုနဲ့ သွေးမြေကျခဲ့ရဲ့ မှတ်တမ်းဟာ  ကျနော်တို့ မမွေးခင်ကတည်းက ဖြစ်ခဲ့တာပါ။ ကျနော်တို့ လူမှန်းသိလာတတ်စ အရွယ်မှာဆိုရင် ဂျူလိုင် (၇) ရက်ဝန်းကျင်မှာ ရောက်လာတိုင်း ကိုယ်တိုင်ကိုယ်ကျ ဖြတ်သန်းခဲ့ကြတဲ့ ကျောင်းသားဟောင်းတွေရဲ့ တက်ခေါက်သံကို ကျနော်တို့ ကြားနေခဲ့ရတာပဲ။ အဲဒီမှာ ကိုယ်တိုင်ပေးဆပ်လိုက်ရတဲ့ မိသားစုတွေရဲ့ ငိုရှိုက်သံတွေကို ကျနော်တို့ ကြာုးနေရတာပဲ။ ကျနော်တို့ ကြီးပြင်းပြီးတော့ သိတတ်လာတဲ့အ၇ွယ်မှာတော့ အဲဒီအချိန်က အစိုးရက ဒါကို တတ်နိုင်သမျှ ဖုံးဖိပြီးတော့ ဖျောက်ဖျက်ဖို့ ကြိုးစားတာပါပဲ။ ဒါပေမဲ့ တကယ့်သမိုင်းဖြစ်ရပ်မှန်တွေက ဖျောက်ဖျက်လို့ မရပါဘူး။ ပြည်သူလူထုကြားထဲကို ဖြစ်ရပ်မှန်တွေကို ပြန်ပြောပြကြတာ လက်ဆက်ကမ်းကြတဲ့ နည်းနဲ့ ရောက်လာပါတယ်။ အဲဒီအချိန်မှာ ငယ်နုသေးပေမဲ့ ကျနော်တို့ရဲ့ နှလုံးသားထဲမှာ စောစောစည်းစည်း ဒါဏ်ရာတွေ ရခဲ့ပါတယ်။ ငါတို့ကျောင်းသားတွေ ဒီလို ရက်ရက်စက်စက် ဖြိုခွင်းခံခဲ့ရပါလားဆိုတာကို ကျနော်တို့ ခံစားတတ်လာတယ်။

ကျောင်းသားတွေဟာ အဲဒီအချိန်မှာ ကျောင်းဝင်းထဲမှာ လှည့်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာပါ။ ကျောင်းအပြင်တောင် ထွက်ခဲ့ကြတာ မဟုတ်ပါဘူး။ အဲဒါကို ကျနော်တို့ တက္ကသိုလ်ကျောင်းတံခါးကြီးကို ကျောင်းသူတွေက မင်းဒုံးလို သူတို့ရဲ့ လက်တံတွေကို ထည့်ပြီးတော့ ထိုးပိတ်လိုက်ပြီးတော့ ကားကို ၀င်ချင်ရင် ငါတို့ရဲ့ လက်တွေကို တိုက်ပြီးမှ ၀င်သွား၊ ကားနဲ့တိုက်ပြီးမှ ၀င်သွားဆိုပြီးတော့ ပိတ်ပြီးတော့ ခံခဲ့ကြတဲ့ အဖြစ်တွေကိုလည်း ကျနော်တို့ ပြန်ကြားရပါတယ်။ အဲဒီမှာ နောက်ဆုံးတော့ အဖြိုခွင်းခံလိုက်ရတဲ့အခါမှာ သမိုင်းဆိုင်ရာ အထွတ်အမြတ်ထားရမယ့် တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အဦကို ဖြိုချအခွဲခံလိုက်ရတာကို ကျနော်တို့ သိပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မိသားစုတွေရဲ့ ဂီတကို ဖေါ်ကျူးမယ့် စောင်းကြိုးတွေ တချောင်းပြီးတချောင်း ပြတ်ခဲ့တယ် ဆိုတာကို ကျနော်တို့ တွေ့ပါတယ်၊ ကျနော်တို့ မြင်ပါတယ်။ အိမ်ဂေဟာတွေရဲ့ ဆည်းလည်းတွေ အက်ကွဲခဲ့တာ ပျောက်ဆုံးခဲ့တာတွေကို ကျနော်တို့ ကြာုးရပါတယ်၊ ကျနော်တို့သိပါတယ်။ နောက်ပိုင်းမှာတော့ ဘုရားစဉ်ရှေ့က ကြမ်းပြင်မှာ အဲမှာ မိသားစုတွေရဲ့ မျက်ရည်တွေ အိုင်ထွန်းခဲ့ရတာတွေကို ကျနော်တို့ နားလည်လိုက်ရပါတယ်။ တိုင်းပြည်တခုအတွက်တော့ အနာဂတ်ပျိုးခင်းထဲက ပျိုးပင်လေးတွေ နင်းချေခံလိုက်ရတာပေါ့ဗျာ။ အဲဒါ 7 July ရဲ့ မြင်ကွင်းပါ။

ဖျက်ဆီးခံလိုက်ရတာဟာ ကျောင်းသားသမဂဂ္ဂဆိုတဲ့ အဆောက်ဦလို့ ရုပ်ဝတ္တုအားဖြင့် မြင်နိုင်ပါလိမ့်မယ်။ အဲဒီတော့ ရုပ်ဝတ္တုဖြစ်တဲ့ ကျောင်းသားသမဂ္ဂ အဆောက်ဦဟာ ဖြိုခွင်းခံလိုက်ရတာ ပြိုကျသွားတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီမှာ ရှိတဲ့ကျောင်းသားတွေရဲ့ စိတ်ဓာတ်အင်အား မမြင်နိုင်တဲ့ ဖမ်းဆုပ်ကိုင်ပြလို့ မရတဲ့စိတ်ဓာတ်အင်အားတွေကတော့ လက်ဆက်ကမ်းပြီး ဒီကနေ့ ကျနော်တို့ နှလုံးသားထဲအထိ၊ ကျနော်တို့ရဲ့ ရင်ထဲအထိ စွဲစွဲမြဲမြဲ ရှိနေတုန်ပါ။ သမိုင်းတန်ဖိုးအရ အင်မတန် အဖိုးတန်လှတဲ့ ကျောင်းသားသမဂဂ္ဂ အဆောက်ဦ ဒါဟာ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ အင်မတန် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါခဲ့တာပါ။ ဒါကို ဖြိုချဖျက်ဆီးပစ်လိုက်နိုင်ပေမဲ့ လက်ဆက်ကမ်း သယ်ဆောင်လာတဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဖေါ်ဆောင်လာတဲ့ ကျောင်းသားသမဂဂ္ဂ စိတ်ဓာတ်ကိုတော့ ဖျောက်ဖျက်လို့ ဒီနေ့အထိ မရနိုင်သေးပါဘူး။

 တိုင်းတပါးသား အစိုးရ လက်ထက်တုန်းကတောင်မှ ကျောင်းသားသမဂဂ္ဂ ကို တရားဝင် ခွင့်ပြုပြီးတော့ ကျောင်းသားသမဂဂ္ဂ အခွင့်အရေးတွေကို ပေးခဲ့ပါတယ်။ ကျောင်းအပ်ပြီးပြီ ဆိုတာနဲ့ ကျောင်းသားသမဂဂ္ဂကြေးကို တက္ကသိုလ်များ အုပ်ချူပ်ရေးကောင်စီကနြေ့ပီးတော့ ကောက်ပေးခဲ့တာပါ။ နောက် ကျောင်းသား သမဂဂ္ဂကို တရားဝင် ရပ်တည်ခွင့် ကျောင်းသား သမဂဂ္ဂ တရားဝင်စည်းရုံး လှုပ်ရှားခွင့်၊ အစိုးရကို ဝေဖန်ခွင့် ဒါအပြည့်အ၀ ပေးခဲ့ပါတယ်။ အဲဒီလို တိုင်းတပါးသား အစိုးရကတောင် ပေးနိုင်ခဲ့ရင် ကိုယ့်အမျိုးသားချင်း ဘာကြောင့် မပေးနိုင်ရမှာလဲ။ သူတို့လိုချင်တာက ကျောင်းသားတွေအတွက် ထိုက်တန်တဲ့ အခွင့်အရေးကို ပေးပါ၊ အဲလိုပေးပြီးရင် ပြည်သူလူထုအတွက်လည်း ထိုက်တန်တဲ့ အခွင့်အရေးကို ပေးပါ။ ပြည်သူလူထု အတွက် ဘယ်အခွင့်အရေးလဲ ဆိုတော့ ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ပါ။  ဒါ အကြပ်အတည်းပေါင်းစုံက ဖြေရှင်းဖို့၊ အကြပ်အတည်းပေါင်းစုံက ဖေါက်ထွက်နိုင်ဖို့အတွက် နည်းလမ်းကို ကျနော်တို့ အကြိမ်ကြိမ်အခါခါ ပြောနေရတာပါ။ ဒီကနေ့ အရေးကြီးဆုံးက ဒီအချက်ပါပဲဗျာ။

ဒီနေရာမှာ ကျနော်တို့ မပြောမဖြစ် ပြောရမှာကတော့ အဲဒီ 7 July အဲဒီတုန်းက ဒီမိုကရေစီ အစိုးရလက်ထဲက အာဏာသိမ်းပြီးလိုက်ခါစ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချူပ်ကြီးနေ၀င်းရဲ့ မိန့်ခွန်းမှာ အဲဒါကို စိန်ခေါ်ချက်လို့ ပြောရင်လည်း ရပါတယ်။ မြန်မာ့အသံထဲကနေပြီးတော့ အဲဒီ 7 July နဲ့ပတ်သက်ပြီးတော့ ထုတ်လွှင့်လိုက်တဲ့ သူ့ရဲ့မိန့်ခွန်းမှာ အင်မတန်မှ ဒေါသ၊ မာန၊ အတ္တတွေ ပြင်းထန်နေတဲ့ သူ့ရဲ့ မိန့်ခွန်းမှာ ကျောင်းသားတွေကို ဓါးဓါးချင်း လှံလှံချင်း ဆိုပြီးတော့ စိန်ခေါ်ခဲ့ပါတယ်။ အဲဒါ သူ့ရဲ့ ပထမဆုံး အဖွင့်မိန့်ခွန်းမှာ သူ့ရဲ့အာဏာသိမ်းပြီးပြီးချင်း အရင်ဆုံးပြောတဲ့ မိန့်ခွန်းအဖွင့်မိန့်ခွန်းမှာ အဲဒီလို ဓါးဓါးချင်း လှံလှံချင်းလို့ စိန်ခေါ်ခြင်းကို ခံခဲ့ရတဲ့ ကျောင်းသားတွေက လက်နက်မဲ့ကျောင်းသားတွေပါ။ စာအုပ်ကိုယ်စီ မင်တံကိုယ်စီနဲ့ပဲ ကျောင်းဝင်းထဲမှာ လှည့်နေကြတဲ့ ကျောင်းသားတွေပါ။ အဲဒီလို စတင်ပြီးတော့ အဖွင့်မှာ စိန်ခေါ်ခဲ့သလို နောက်ဆုံး သူမတတ်သာလွန်းလို့ ဆင်းရတော့မဲ့ အခြေအနေမျိုးမှာ ပြောတဲ့မိန့်ခွန်း ဒါဒီကနေ့ မျိုးဆက်သစ်တွေ အားလုံးသိပါတယ်။

 "စစ်တပ်ဆိုတာ မိုးပေါ်ထောင်ပြီး ချောက်တာမပါဘူး ပစ်ရင်တည့်တည့်ပစ်တယ်" ဆိုတဲ့ မိန့်ခွန်း၊ နောက်တခါ ဆူဆူပူပူ လုပ်ရင်ရင်တော့ မတတ်သာဘူးသာ မှတ်ပေတော့ ဆိုပြီးတော့  လက်ညိုးငေါက်ငေါက်နဲ့ ကြိမ်းမောင်းပြီးတော့ ဆင်းသွားတာပါ။ အဲဒါဟာ သူ့ရဲ့ နိဒါန်းနဲ့ နိဂုံး မိန့်ခွန်းနှစ်ခုပါ။ အဲဒီနောက်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ အားလုံး ကျနော်တို့ ပြည်သူတွေအသိဆုံးပါ။ ကျေကွဲစရာ နာကျည်းစရာ ဆိုးကျိုးသက်ရောက်ခဲ့တယ်ဆိုတာကိုပါ၊ အဲဒီသဘောမျိုး သက်ရောက်စေတာမျိုးကို မပြုမိဖို့ မကြံစည်မိဖို့ လိုပါတယ်။ အဲဒါဟာ ဘယ်ခေတ်မှာပဲ ဖြစ်ဖြစ် အုပ်ချုပ်ရေး အာဏာနဲ့ သက်ဆိုင်တဲ့သူတိုင်း ဆင်ချင်ကြဖို့ သတိပြုဖို့ လိုပါတယ်။ ဒီလိုမပြောသော်လည်း ပြောသကဲ့သို့ မကြံစည်ခဲ့သသော်လည်း ကြံစည်သကဲ့သို့ အဲဒီသဘောသက်ရောက်တဲ့ အပြုအမူတွေ မလုပ်မိဖို့ လိုပါတယ်။ အဲဒါက ကျနော်တို့ ပြည်သူလူထုကြီးကလည်း အဲဒီသဘောကို သတိပြုနေကြဖို့ လိုပါတယ်။ ဘယ်သူမဆို ဒီလိုပြောသလား၊ သို့တည်းမဟုတ် ဒီလို ပြုမူနေကြသလားဆိုတာကို သတိပြုနေဖို့လိုပါတယ်။ အဲဒီတော့ ကျနော်တို့ လိုချင်တယ်ဆိုတာက အပြစ်မဲ့တဲ့ ပြည်သူတွေ ကျောင်းသားတွေ၊ လက်နက်မရှိတဲ့ ကျောင်းသားတွေကို လက်နက်နဲ့ စိန်ခေါ်တဲ့စကားမျိုး၊ စိန်ခေါ်တဲ့ အပြုမူမျိုး၊ အကြမ်းဖက်ပြီးတော့ ဖြေရှင်းတဲ့ကိစ္စမျိုးကို မဖြစ်အောင်လို့ စနစ်သစ်တခုကို ကျနော်တို့ တည်ဆောက်ဖို့ ကြိုးစားနေတာပါ။ အဲဒါက ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတခုကို ကျနော်တို့ တည်ဆောက်ဖို့ ကြိုးစားနေတာပါ။ လူသားပီသပြီးတော့ ယဉ်ကျေးတဲ့ လူ့အဖွ့အစည်းတခုကို တည်ဆောက်ကြဖို့ ကျနော်တို့ ဒီကနေ့ တိုက်တွန်းနေရတာပါ။

ဆိုလိုတာကတော့ ကျနော်တို့တတွေ အကျဉ်းတောင်ထဲမှာဗျာ ၁၇ နှစ်နှစ်လောက်လည်း သီးခြား အကျဉ်းသားအနေနဲ့ သီးခြားတဦးတည်း နေခဲ့ရတယ်။ အဲဒီတော့လည်း ဒီနိုင်ငံရေးမှာ ပတ်သက်နေပြန်ပြီ၊ ပြောနေပြန်ပြီ ဆိုနေပြန်ပြီ လှုပ်ရှားနေပြန်ြ့ပီဆိုတော့ တချို့လည်း ကျနော်တို့ကို ဝေဖန်ကြတယ် မင်းတို့ မကြောက်ကြသေးဘူးလား၊ မလန့်ကြသေးဘူးလား ဘာဖြစ်လို့ ဒီလောက်မှ နစ်နာဆုံးရှုံးရတဲ့ဘ၀ကို အန္တရယ်ဖြစ်ရတဲ့ အလုပ်ကို ဘာလို့ဒီလောက် လုပ်နေကြသလဲဆိုတော့ ကျနော်တို့ ရှေ့လာမဲ့ ကျနော်တို့အနာဂတ်ကို ကျနော်တို့ ကြည့်တယ်လေ၊ ကျနော်တို့လို ကျောင်းသားတွေဟာ အကျဉ်းထောင်ထဲမှာ ဘ၀ကို မပေးလိုက်ရဖို့ နောက်တခါ ယဉ်ကျေးပြီးတော့ လူသားပီသတဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်ဖို့အတွက် ကျနော်တို့ ကြိုးစားရမှာပဲ။ ကျနော်တို့ လုပ်ကြရမှာပဲ၊ ဒါကကျနော်တို့ ပေးဆပ်ရသည်ဖြစ်စေ၊ မပေးဆပ်ရသည်ဖြစ်စေ လိုအပ်ရင်လည်း ထပ်ပေးဆပ်ဖို့ အသင့်ပါပဲ။

အဲဒီတော့ 7 July နေပြီးတော့ စခဲ့တယ် ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ မိန့်ခွန်း၊ ရက်စက်တဲ့ လုပ်ရပ်တွေနဲ့ စခဲ့တဲ့ 7 July ရဲ့နောက်ဆက်တွဲမှာ ဘာဖြစ်သလဲဆိုတော့ ကျနော်တို့ကျောင်းသားတွေဘက်က လက်လျှော့သွားသလား ကြောက်ဒူးတုန်သွားသလား၊ သွေးကြောင်သွားသလားလို့ မေးစရာ ရှိပါတယ်။ဆက်ပြီးတော့ ကြည့်လိုက်ပါ ဦးသန့်အရေးတော်ပုံတဲ့ မှိုင်းရာပြည့်အရေးတော်ပုံတဲ့ ကျနော်တို့ နောင်တော်တို့ရဲ့ ခွပ်ဒေါင်းအလံကို ကျနော်တို့ မျိုးဆက်တွေက လက်ဆက်ကမ်းပြီး သယ်ဆောင်ခဲ့တာပဲ။ အဲဒီတော့ ခေတ်အဆက်ဆက်က ကျနော်တို့ နောင်တော် ကျောင်းသားတွေရဲ့ ကောင်းမွေဖြစ်တဲ့ ပြည်သူတွေအတွက် စွန့်လွှတ် အနစ်နာခံမှု ပြည်သူတွေရှေ့က မားမားမတ်မတ် ရပ်တည်မှုတွေကို ကျနော်တို့ အတုယူပြီးတော့ ဆက်လက်ပြီးတော့ သစ္စာရှိရှိကြိုးပမ်းသွားကြမယ်လို့ ကျနော်တို့ ကျောင်းသားများ အားလုံးကိုယ်စား အဓိဋ္ဌာန်ပြုလိုက်ပါတယ်ဗျာ။

ကိုမင်းကိုနိုင်ပြောထားတဲ့ ဗွီဒီယိုထဲက အသံကို စာသားအဖြစ် ပြန်ရိုက်ထားခြင်း ဖြစ်ပါတယ်။

7 July မှာ ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများ ကောင်းရာသုဂတိ လားကြပါစေ

No comments: