Wednesday, July 17, 2013

သားသတ်သမား အပိုင်း (၁)

အခန်း (၄) သားသတ်သမား
အပိုင်း (၁)

မြန်မာပြည်တွင် ဝါဆိုလပြည့်နေ့ထက် မွန်မြတ်သော နေ့ကြီးရက်ကြီး မရှိချေ။
ထိုနေ့သည် ဇွန် သို့မဟုတ် ဇူလိုင်လအတွင်း ကျရောက်ပြီး ဗုဒ္ဓဘာသာဝင်တို့ သတင်းသီလ ဆောက်တည်သော ဝါဆိုလ၏ အစနေ့လည်းဖြစ်သည်။ ဤအချိန်သည် နိုင်ငံရှိ ထောင်သောင်းမကသော ဘုန်းတော်ကြီးများ သူတို့၏ကျောင်းများတွင် သတင်းသုံးနေထိုင်ကြကာ စာပေပရိယထ္ထိလေ့လာခြင်း၊ ကမ္မဋ္ဌာန်း ကျင့်ကြံခြင်းတို့ ပြုလုပ်သော အချိန်သမယလည်းဖြစ်ပေသည်။ ဗုဒ္ဓပဋ္ဋိသန္ဓေတည်သောနေ့၊ ဗုဒ္ဓလောကစည်းစိမ်ကို စွန့်လွှတ်ပြီး တောထွက်သောနေ့ သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရရှိပြီးနောက် ပထမတရားတော်ဖြစ်သော ဓမ္မစကြာ ပဝတ္တနာ-သုတ္တ(ပါ) သစ္စာတရား ချားရဟတ် စတင် လည်ပတ်စေခြင်း တရားကို ဟောကြားသောနေ့ စသည်တို့သည် ယင်းနေ့တွင် တပြိုင်တည်း ကျရောက်၍ ဗုဒ္ဓဘာသာဝင်တိုင်း အထိမ်းအမှတ်ပြုပျော်ရွှင်ကြသောနေ့ဖြစ်သည်။

နံနက်ပိုင်းတွင် ဘုန်းတော်ကြီးများအား ဆွမ်းကပ်ကာ ဝါဆိုသင်္ကန်းများကပ်လှူကြသည်။ ဘာသာရေး ကိုင်းရှိုင်းသော ဗုဒ္ဓဘာသာဝင်များမှာ ဥပုသ်သီလဆောက်တည်ကြသည်။ မွန်းလွဲပိုင်းတွင် လူတိုင်းလိုလို စေတီပုထိုးများသို့ စုဝေးရောက်ရှိလာကာ ဖယောင်းတိုင်များ ထွန်းညှိပူဇော်ခြင်း၊ ပန်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဗုဒ္ဓရုပ်ပွားတော်တို့အား အမွှေးနံသာ ပက်ဖြန်းခြင်းများ ပြုလုပ်ကြသည်။ ရန်ကုန်မြို့လယ်၏ မြောက်ဘက်အစပ် တောင်ကုန်းပေါ်တွင် တည်ရှိနေသော ရွှေတိဂုံစေတီတော်သည် ထောင်ပေါင်းများစွာသော ကိုးကွယ်သူတို့ကို ဆွဲဆောင်ရာဋ္ဌာနဖြစ်ပြီး အမြဲတစေ သန့်စင် တည်ငြိမ်လျက်ရှိသည်။

၁၉၈၈ခုနှစ်တွင် ထိုအခြေအနေမှာ ပြောင်းလဲ လာခဲ့သည်။ တိတ်ဆိတ်တည်ငြိမ်စွာ ဘုရားရှိခိုးအာရုံပြုနေသူများ အကြားတွင် အန္တရာယ်၏ရှေ့ပြေးတင်းမာမှုက ပေါ်လွင်နေသည်။

မုန်တိုင်းမကျမိလေးတွဲ့ပူအိုက်နေသော ပုံစံမျိုးဖြစ်သည်။ ရုတ်ခြည်းပင် လူငယ်အချို့သည် စေတီအနီးရှိ ရေတိုင်ကီများပေါ်တက်ပြီး မိန့်ခွန်းပြောကြားခြင်း အစိုးရဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်အော်ခြင်းတို့ကို စတင်ပြုလုပ်ကြတော့သည်။ ဟောပြောသူ ၄ယောက်အနက် ၁ဦးမှာ လုံချည်စိမ်းဝတ်ထား၍ အထက်တန်းကျောင်းသား မှန်းသိရသည်။ “ကျောင်းသားတွေ ပြည်သူတွေဟာ အဖိနှိပ်ခံနေကြရတယ်” ဟု လှုံ့ဆော်သူ လူငယ်များက ပြောဆိုကြသည်။ “ဦးနေဝင်းနဲ့ မဆလအစိုးရကို ဖြုတ်ချရေးအတွက် ပြည်သူတွေရဲ့ ထောက်ခံမှုကို ကျွန်တော်တို့လိုနေတယ်” ဘေးကြည့်ပရိတ်သတ်မှာ စုဝေးလာကာ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ကြသည်။ တစ်ချို့က လက်ခုပ်တီး၍ သြဘာပေးကြသည်။ တစ်ချို့က အော်ဟစ်အားပေးကြသည်။ အထက်အညာ တောင်ကြီးနှင့် ပြည်မြို့ တို့တွင်လည်း အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့သည်။

ယင်းအဓိကရုဏ်းများ မြို့ငယ်တစ်ခု ဖြစ်သော မြေထဲမြို့သို့ ပျံ့နှံ့ခဲ့ကာ ထိုမြို့တွင် ပုလိပ်များက အစိုးရအား ဆန့်ကျင် ဆန္ဒပြသူ အချို့ကို ပစ်သတ်ခဲ့ပြီး ညမထွက်ရ အမိန့်ကို ထုတ်ပြန်ခဲ့သည်။ သို့သော် ရန်ကုန်မြို့တွင် ဇွန်လဆန္ဒပြပွဲများ ပြီးသည့် အချိန်မှစ၍ လှုပ်ရှားမူများ သည် ငုတ်လျှိုး ပျောက်ကွယ်နေသည်။ ယခုအခါ နောက်တစ်ကြိမ် အတွက် အရှိန်ယူ လျက်ရှိ၏။


ဇူလိုင်လတွင် မဆလပါတီ အထူး ညီလာခံသည် အသွင်ထူးသော အချင်းအရာ တစ်ခုဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုညီလာခံသည် ပြည်သူများကို ကျုံးသွင်းနိုင်ရန်အတွက် မုန့်တစ်ဖက် တုတ်တစ်ဖက် ဖြစ်သော ဦးနေဝင်း၏ ပေါ်လစီကို အခြေခံ ကျကျဖေါ်ပြခဲ့သည်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ကတိပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် ဦးစိန်လွင်ကို သူ့အရိုက်အရာခံ အဖြစ်ခန့်ထားခဲ့ပြီး ပြည်သူများ ဆန္ဒပြလာလျင် “မှန်အောင်ပစ်တတ်သည်” ဟူ၍ ခြိမ်းခြောက်ခဲ့ပြန်သည်။ သို့သော် စီးပွားရေးပြောင်းလဲမှုများမှာ မည်မည်ရရ အကောင်အထည်ပေါ်မလာဘဲ တုတ်ကသာ ရိုက်ရန်တဝဲဝဲ ဖြစ်နေပေတော့သည်။

စိန်လွင်အား နိုင်ငံတော် သမ္မတအဖြစ် ခန့်အပ်သောအချိန်တွင် သူသည် မြန်မာပြည်၌ လူမုန်းအများဆုံးပုဂ္ဂိုလ်ဟု ယူဆနိုင်သည်။ သူ့ကို အဆိုးဆုံးသော ရွာလူမိုက်ဟု သဘောထားကြပြီး မော်လမြိုင်အနီးရှိ သူ၏ဇာတိ ကော့ကယင်ရွာ မူလတန်းကျောင်း၌ နှစ်အနည်းငယ်သာ စာသင်ခဲ့ဘူးသည်မှ လွဲ၍ လုံးဝပညာတတ်သူ မဟုတ်ဟု ဆိုရချေမည်။ သူသည် ဘီဒီအေတပ်သား အဖြစ် အသက်၁၉နှစ် အရွယ်တွင် ဝင်ရောက်အမှုထမ်းခဲ့ပြီး ဒုတိယကမ္ဘာစစ်အပြီး၌ ဗိုလ်နေဝင်း၏ ဗမာ့သေနတ်ကိုင် တပ်ရင်း ၄တွင် အရာခံဗိုလ် ဖြစ်လာခဲ့သည်။ ကရင်သူပုန် ခေါင်းဆောင် စောဘဦးကြီးအား သတ်ဖြတ်နိုင်ခဲ့သော တပ်စုတွင် ပါဝင်ခဲ့သောကြောင့် ဗိုလ်နေဝင်း လူယုံဖြစ်လာခဲ့၏။ ထို့ကြောင့် ၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကို ဝင်စီးပြီး ကျောင်းသားများအား ပစ်ခတ်သတ်ဖြတ်ခဲ့သော တပ်စွဲ၌ ဗိုလ်နေဝင်းက သူ့အား တပ်မှူးအဖြစ် တာဝန်ပေးခဲ့သည်။

၁၉၆၉-၇၀ ခုနှစ် ရှမ်းပြည်နယ် လားရှိုး မြို့၌ ဦးစိန်လွင် ဗျူဟာမှူးအဖြစ် တာဝန်ကျခဲ့စဉ်က ထိုဒေသရှိ ရှမ်းပြောက်ကျားများကို ရှင်းလင်းတိုက်ခိုက်ရာတွင် ရက်စက်ကြမ်းကြုတ်သော တပ်မှူးအဖြစ် နာမည်ကြီးခဲ့သည်။ ၁၉၇၀-၇၂ ခုနှစ်အတွင် မန္တလေးတိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေချိန်တွင် သူသည် အကြွင်းအကျန်ဖြစ်သော နိုင်ငံရေး အတိုက်အခံများ အထူးသဖြင့် စစ်မာန်ထက်သည့် ရဟန်းပျိုအဖွဲ့ကို ချေမှူန်းခဲ့သည်။

ထိုစဉ်က မြန်မာပြည် မြောက်ပိုင်းရှိ ဘုန်းကြီးကျောင်းများတွင် ရဟန်းပျိုများသည် အင်အားကြီးသော အတိုက်အခံများ ဖြစ်ကြသည်။ ၁၉၈၁ခု တွင် သူ့အား ရန်ကုန်သို့ ခေါ်ယူကာ နိုင်ငံတော်ကောင်စီဝင် အဖြစ် ခန့်အပ်ခဲ့ပြီး မဆလပါတီ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ရာထူးကို ၁၉၈၃ခုနှစ်တွင် ချီးမြှင့်ခဲ့ပြန်သည်။
ဦးနေဝင်းသည် အာဏာ တည်မြဲရေးအတွက် သူ့အပါးတွင် ရွေးချယ်ထားသော အသိဥာဏ်ခေါင်းပါးသည့် ခေါင်းတော်ညိတ် အထူးလူယုံတော် တပ်ဖွဲ့ကို ကိုယ်စားပြုသူမှာ ဦးစိန်လွင်ဖြစ်ကြောင်း ပြည်သူများက သိရှိကြသည်။ ဇူလိုင်လ အရေးပေါ် ညီလာခံ ပြီးသည့်နောက် ဦးစိန်လွင် သည် သမ္မတရာထူးနှင့် မဆလ ပါတီ၏ ဥက္ကဋ္ဌ ရာထူးများကို တပြိုင်တည်း ရရှိလာခြင်းမှာ တစ်မျိုးတစ်ဖုံသော အာဏာသိမ်းမှုကြောင့် ဖြစ်သည်ဟူသည့် အယူအဆကို အကင်းပါးသော မြန်မာပြည်သူများက ချက်ချင်းပင် ပယ်ချခဲ့ကြသည်။

ဦးနေဝင်းသည် အာဏာကြိုးကိုင်မှုကို လူသိရှင်ကြား စွန့်လွတ်ခဲ့ခြင်းမှာ နောက်ကွယ်မှ ကြိုးဆွဲပြီး ရုပ်သေးဆရာဖြစ်လာရန် အတွက်သာ ဖြစ်သည်ဟူသော သံသယဖြစ်နေမှုတို့ကို ဦးစိန်လွင် အား ရာထူးပေးအပ်လိုက်ခြင်းအားဖြင့် အတည်ပြုပေးလိုက်သည်။
ပြည်သူလူထု၏ မကျေနပ်မှု တို့သည် မုန်းတီးမှု အသွင်သို့ ပြောင်းလဲခဲ့သည်။ “ဒီလူဟာ မြန်မာပြည်ကို မအုပ်ချုပ်ရဖူး” ဟု ဇူလိုင်လကုန်နှင့် သြဂုတ်လဆန်းတို့တွင် မြန်မာပြည် တဝှမ်းလုံး၌ ဂယက်ရိုက်လျက်ရှိသည်။ အများပြည်သူ အော့နှလုံးနာ မုန်းတီးသော လုံထိန်းတို့၏ ဦးစီးချုပ်ဖြစ်သည့် ဦးစိန်လွင်မှာ မတ်လနှင့် ဇွန်လ ဆန္ဒပြပွဲများကို နှိမ်နင်းခဲ့သော သူ၏ကဏ္ဍကြောင့် သားသတ်သမားဘွဲ့ကို ရရှိခဲ့သည်။ သူ့ထံမှ သနားညှာတာမှုကို၎င်း၊ သူ့အနေနှင့် ပြည်သူတို့၏ခံစားချက်ကို လိုလိုလားလား နားထောင်မှုကိုသော်၎င်း မည်သူကမျှ မျှော်လင့်မထားကြပေ။

ဇူလိုင်လ ၃၀ရက် ဘန်ကောက်စံတော်ချိန် ၁၂:၂၈ နာရီတွင် စူရဝန်လမ်း ချန်းအစ္စရာတာဝါ ရှိ အေပီသတင်းဋ္ဌာနသို့ ကြေးနန်းတစ်ခု ဝင်ရောက်လာသည်။ “ဖေဖေ့ကို ခေါ်သွားကြပြီ၊ သူဟာ ရှင်တို့ သိချင်တာတွေကို ပြောပြနိုင်မှာ မဟုတ်တော့ဖူး” ဟူ၏

ရွှေတိဂုံရင်ပြင်ပေါ်တွင် ဆန္ဒပြဖြစ်ခဲ့ပြီးနောက်နေ့(ဇူလိုင်လ၂၉ရက်နေ့) ရှင်းလင်းရေး လုပ်ရာ၌ ပုလိပ်များက ရန်ကုန်ရှိ တစ်ဒါဇင်ခန့်သော အတိုက်အခံ ပုဂ္ဂိုလ်များကို ဖမ်းဆီးခဲ့ကြသည်။ အေပီသတင်းထောက် ဦးစိန်ဝင်းကို ဖမ်းဆီးပြီးနောက်တစ်နေ့တွင် သူ့သမီးက ကြေးနန်းဖြင့် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ထိုသတင်းထောက်ကို ဖမ်းဆီးခဲ့သည့် အပြင် ဦးအောင်ကြီးနှင့် တစ်ဒါဇင်ခန့်မျှသော သူ၏ လုပ်ဖော်ကိုင်ဖက်များကို ဖမ်းဆီးခဲ့ကြပြန်သည်။ ၎င်းတို့ထဲတွင် ဦးအောင်ကြီး၏ တူဖြစ်သူ ဇော်ဝင်းဦးလည်း ပါသည်။ ဇော်ဝင်းဦးသည် ဦးအောင်ကြီး၏ စာများ ရိုက်နှိပ်ဖြန့်ချီရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သူဖြစ်၏။ ထိုညတွင်ပင် ဖမ်းဆီးခံရပြီး အင်းစိန်ထောင်သို့ အပို့ခံခဲ့ရသော အခြားတစ်ဦးမှာ အငြိမ်းစား ဗိုလ်မှုးချုပ် ဦးအောင်ရွှေပင်ဖြစ်သည်။ သူသည် ၁၉၆၀ခုနှစ်တွင် သြစတြေးလျနိုင်ငံသို့ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်စေလွှတ်ခြင်း ခံခဲ့ရသူဖြစ်သည်။ ထိုကာလ (၁၉၆၁)မှာ နောက်နှစ်တွင် စစ်တပ်မှ အာဏာသိမ်းရေး အစီအစဉ်များကို ချမှတ်နေသော ကာလဖြစ်သည်။

၎င်းနှင့်အတူ အဖမ်းခံနေရသော သူများမှာ အငြိမ်းစားရေတပ်အရာရှိ ဦးချစ်ကိုကို၊ ဗိုလ်မှုးကြီးဟောင်း ဦးထွန်းရွှေနှင့် အိန္ဒိယပြည်ဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးဘရွှေတို့ဖြစ်ကြသည်။ အခြားအဖမ်းခံရသူ နှစ်ဦးမှာ တော်လှန်ရေး ကောင်စီဝင်ဟောင်း အငြိမ်းစား ဗိုလ်မှူးကြီးများ ဖြစ်ကြသော ဦးကြည်မောင်နှင့် ဦးခင်ညိုတို့ဖြစ်သည်။ ကျန်ပုဂ္ဂိုလ်များမှာလည်း စစ်အရာရှိဟောင်းများဖြစ်ပြီး ၁၉၆၀ခုနှစ်များတွင် ပွင့်လင်းသော စီးပွားရေးပေါ်လစီများကို ချမှတ်ကာ ရှေ့နေလိုက်ကြ၍ အဖြုတ်ခံခဲ့ရသူများ ဖြစ်ကြသည်။

ယခုအခါတွင် ဦးအောင်ကြီးသည် သူရေးခဲ့သော စာများနှင့် ဖားအံမှ တပ်မ၄၄ ကို ခေါ်ယူခဲ့ခြင်းအတွက် ဦးစိန်လွင်နှင့် ဗိုလ်ချုပ်ကြီးစောမောင်တို့အား ရှုတ်ချဝေဖန်မှုတို့၏ တန်ရာတန်ဘိုးကို ပေးဆပ်ရတော့သည်။ သို့သော် ဦးစိန်ဝင်းကို ဦးအောင်ကြီးနှင့်အတူ ဖမ်းဆီးခြင်းသတင်းမှာ အံ့သြစရာတစ်ခု ဖြစ်နေ၏။ သူ့ကို မြန်မာပြည်၏ အကောင်းဆုံး သတင်းစာဆရာ တစ်ဦးအဖြစ် လူသိများပြီး တစ်ချိန်က ဂုဏ်ထည်ဝါသော သတင်းစာ၏ အယ်ဒီတာလည်းဖြစ်သည်။ ထိုသတင်းစာကို ၁၉၆၂ခုနှစ်တွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ပြည်သူပိုင်သိမ်းခဲ့သည်။ မြန်မာပြည်တွင် လွတ်လပ်သော စာနယ်ဇင်းပေါ်ပေါက်ရေး ကြိုးပမ်းမှုအတွက် အပြည်ပြည်ဆိုင်ရာ သတင်းစာဆရာများ အဖွဲ.ချုပ်မှ သူ့အား လွတ်မြောက်ရေးရွှေကလောင်ဆုကို ချီးမြှင့်ပြီးနောက် ၂နှစ်အကြာ(၁၉၆၅-၆၈ခုနှစ်)တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၁၉၆၈ခုနှစ်တွင် ထောင်မှ လွတ်လာပြီး ၁နှစ် အကြာ၌ သူ့အား ရန်ကုန်မြို့ဆိုင်ရာ အေပီသတင်းထောက် လုပ်ပိုင်ခွင့်ပေးခဲ့သည်။

အံ့သြဖွယ်ကောင်းသည်မှာ သူ၏ လွတ်လပ်စွာ သတင်း ရေးသားပေးပို့မှုများကို အစိုးရက သည်းခံ ဗွေမယူခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် သူသည် မြန်မာပြည်၏ “ ဗိခ်တာလူးဝိစ်”သဖွယ် နေရာ ထမ်းဆောင်ခဲ့သည်။ သူရှိနေခြင်းနှင့် သူ၏ ရေးသားမှုများကို အစိုးရက အရေးမယူခြင်းမှာ မြန်မာပြည်သည် လက်ဝါးကြီးအုပ် အာဏာရှင်စနစ်ကို ကျင့်သုံးသည့်နိုင်ငံတစ်ခု ဖြစ်သည်ဟူသော တွေးမြင်ချက်ကို ဒွိဟဖြစ်စေခဲ့သည်။ သို့ဖြင့် နိုင်ငံတကာ ဇာတ်ခုံပေါ်တွင် ယင်းအစိုးရ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးရာ ရောက်ခဲ့သည်။ ယခုအခါတွင် ယင်း ဂုဏ်သိက္ခတို့ သည်လည်း ချုပ်ငြိမ်းသွားခဲ့ပြီ။ ဦးစိန်လွင်သည် အတိုက်အခံ ဟူသမျှကို အင်အားသုံး ခြေမှုန်းရန် အဓိဋ္ဌာန်ချထားပုံ ရပြီး မလိုလားအပ်သော ပုဂ္ဂိုလ်ဟူသမျှကို ရန်မူလာတော့သည်။

တိုက်ရိုက် ခြိမ်းခြောက် ပြီးသည့်နောက် မုန့်ပေး၍ ချော့လာပြန်သည်။ သြဂုတ်လ ၂၂ရက်နေ့တွင် တိုင်းပြည်သို့ ပြောကြားရာ၌ မဆလပါတီ၏ ဒေသ ပါတီ ယူနစ် များနှင့် အစိုးရ ရုံးများတွင် မူသေတရားသေ သမားများ ရှိနေကြောင်းဖြင့် ဦးစိန်လွင်က ပြစ်တင် ဝေဖန်ခဲ့သည်။ သူက ဆက်လက် ပြောကြားရာတွင် “အချို့နေရာတွေမှာ ချို့ယွင်းချက်တွေ ရှိနေရင် အဲ့ဒီချို့ယွင်းချက်တွေကို ဖေါ်ထုတ်ပြီး အထက်ကို အစီရင်ခံကြပါ။ လာဘ်ပေးလာဘ်ယူမှုတွေ၊ အလုပ်ကို တမင်တကာကြန့်ကြာစေတာတေ၊ွ အလျှံပယ် ဆုံးရှုံးပျက်စီးမှုတေ၊ွ အဂတိလိုက်စားမှုတွေဟာ တစ်ချို့ရုံးဋ္ဌာနတွေမှာ ဆိုးဆိုးဝါးဝါး ဖြစ်နေကြတယ်” ဟူ၍ ဖေါ်ပြခဲ့သည်။

ယင်းမိန့်ခွန်းပါ အချက်အလက်များကို တစ်နှစ်ခန့်စောသည့်အချိန်က လူမုန်းများသော ဦးစိန်လွင်မဟုတ်ပဲ အခြားတစ်ဦးတစ်ယောက်က ပြောခဲ့ပါမူ ယင်းစကားများကို လူထုက ကြိုဆိုကြပြီး ပွင့်လင်းသော မြန်မာပြည်၏ ခေတ်သစ် တစ်ခုကို ဖေါ်ထုတ်နိုင်ခဲ့ရန် အကြောင်းရှိပေလိမ့်မည်။ ယခု အချိန်တွင် နောက်ကျသွားခဲ့ပြီး။ ကျေးလက်ဒေသများတွင်ပါ အစိုးရကို ထင်ထင်ရှားရှား ဆန့်ကျင် လာခဲ့ကြသည်။ သြဂုတ် လဆန်းပိုင်းတွင် “ဦးစိန်လွင်ကို လူကြိုက်မများရခြင်းသည် မြန်မာပြည်၌ ပြဿနာများစွာ ဖြစ်ပေါ်စေလိမ့်မည်” ဟု ရန်ကုန်မှ အနောက်နိုင်ငံ သံတမန်တစ်ဦးက သူ၏ အစိုးရထံ အစီရင်ခံခဲ့လေသည်။


* * * * *

ဇွန်လအတွင်းက ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိပ်တိုက်ရင်ဆိုင်မှုများ နောက်တွင် ကျောင်းသားခေါင်းဆောင်တစ်ချို့သည် ရန်ကုန်မြို့နှင့် မြို့စွန် အလုပ်သမား ရပ်ကွက်ဖြစ်သော တောင်ဥက္ကလာပ ရှိ ဘုန်းကြီးကျောင်းများ၌ ပုန်းအောင်းခဲ့ကြသည်။ ရန်ကုန်မြို့တွင် မြို့နယ်တိုင်း ရပ်ကွက်တိုင်း၌ တိုင်ပင်မှုမရှိဘဲ ကိုယ့်အသိနှင့်ကိုယ် လူထုကော်မတီများ စတင်ဖွဲ့စည်း လာကြတော့သည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများသည် လမ်းများတွင် မသိမသာ စကြံင်္လျှောက်ကာ စစ်ကားများ ပုလိပ်အဖွဲ့များကို ကင်းထောက်ပေးခြင်းအားဖြင့် ရပ်ကွက်တွင်ပြုလုပ်သော အစည်းအဝေးများကို ကူညီလာကြသည်။ တပ်မ၂၂၏ ပထမတပ်ခွဲတစ်ခုကို မတ်လတွင် တပ်မအခြေစိုက်ရာ ကရင်ပြည်နယ် ဖားအံမြို့မှ ရန်ကုန်မြို့သို့ခေါ်ယူခဲ့သည်။ ထိုအချိန်မှ စ၍ ရန်ကုန်မြို့၌ အခြေစိုက် လာခဲ့သည်။ လက်ဘက်ရည်ဆိုင် များမှာလည်း ထုံးစံအတိုင်း စည်းဝေး တိုင်ပင်ရာဋ္ဌာနနှင့် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်ရာဋ္ဌာန ဖြစ်နေပေတော့သည်။

ညမထွက်ရ အမိန့်အောက်မှ စီးပွားရေးဒုက္ခနှင့် မတ်လနှင့် ဇွန်လများက ဖြစ်ပွားခဲ့သော ရက်စက်ကြမ်းကြုတ်မှု တို့ကြောင့် မကျေနပ်မှုများ နိုင်ငံနှင့် အဝှမ်း ပေါ်ပေါက်နေချိန်တွင် အသွင်မတူ စရိုက်ကွာသော လူနှစ်ဦးသည် ယင်းလှုပ်ရှားမှုများအပေါ် အရှိန်အဝါကြီးစိုးခဲ့သည်။ တစ်ဦးမှာ တယူသန်အာဏာရှင် အဖိုးအိုကြီး ဦးနေဝင်းကိုယ်တိုင် ဖြစ်ပြီး အခြားတစ်ဦးမှာဘီဘီစီ အရှေ့ဖျားဋ္ဌာနမှ အင်္ဂလိပ် လူငယ်သတင်းထောက် ခရစ်စတိုဖါ ဂါးနက် ဆိုသူဖြစ်လေသည်။
အစတွင် နည်းဗျူဟာ တစ်ရပ်အနေဖြင့် တစ်ပါတီသို့မဟုတ် ပါတီစုံစနစ်အပေါ် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရန် အကြံပြုပြီးနောက် ထိုအဆိုကို ပါတီညီလာခံအား ပယ်ချစေခြင်းအားဖြင့် ဦးနေဝင်းသည် မဆလပါတီ၏ သေတွင်းကို စတင်တူးခဲ့သည်။ ရန်ကုန်မြို့ရှိ အနောက်နိုင်ငံ သံတမန်တစ်ဦးက အောက်ပါအတိုင်း ဝေဖန်ခဲ့သည်။

“ဒီအချိန်ထိ ကျောင်းသားလှုပ်ရှားမှုနဲ့ လူထုရဲ့ ထောက်ခံမှုစေတနာကို ဘယ်သူကမှ ဂရုမစိုက်တာမျိုးမရှိဘူး။ အဓိကအားဖြင့် အစိုးရကို ဆန့်ကျင်ကြတာဖြစ်တယ်။ ရက်စက်ကြမ်းကြုတ်မှုကို ကန့်ကွက်ကြတာဖြစ်တယ်။ ဦးနေဝင်းရဲ့ ပေါ်လစီဖြစ်တဲ့ တရားဝင်ငွေစက္ကူအဖြစ်မှ ရပ်စဲမှု၊ကျောင်းသားတွေရဲ့ မျှော်လင့်ချက်ကင်းမဲ့မှု၊ အနာဂတ် ကင်းမဲ့မှုတွေကြောင့် မကျေမနပ် အုံကြွ ကြတာဖြစ်တယ်။ အဓိက ပစ်မှတ်မရှိဘူး။ နေဝင်းဟာ ဘာမှန်းညာမှန်း မသိဘဲနဲ့ ပါတီစုံစနစ်ကို အတည်ပြုပြီး အဓိကပစ်မှတ်ကို အာရုံစူးစိုက် လာအောင် ဖေါ်ထုတ်လိုက်သည်။

အဲဒီနောက် ကျောင်းသားတွေဟာ ဒီမိုကရေစီဆိုပြီး အော်လာကြတော့တာဘဲ”

“ဇူလိုင်လ ၂၃ရက်နေ့ ရေဒီယိုက ဦးနေဝင်းရဲ့ ပါတီစုံ စနစ်ကို အဆိုပြုတဲ့ မိန့်ခွန်းကြားရတယ်။ ဒီအချိန်ထိတော့ ပါတီစုံ စနစ်ဆိုတာဟာ မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုပဲ။ အခုတော့ လွတ်ငြိမ်းရေး၊ ဒီမိုကရေစီအရေး စတဲ့ အတွေး တွေဟာ အရိပ်အရောင် ထင်လာတယ်။ ဒါပေမဲ့ ပြည်သူ့ဆန္ဒ ခံယူပွဲမလုပ်ဖို့ ဆုံးဖြတ်တာကတော့ ကျွန်တော်တို့အပေါ် လှည့်စား အနိုင်ယူ လိုက်တာဖြစ်တယ်။ နောက်ပြီး ဦးစိန်လွင်ကို သမ္မတအဖြစ် ခန့်အပ်လိုက်တယ်။ ကျွန်တော့်ရဲ့ ၁၈နှစ်အရွယ် ညီမလေး(မဝင်းမော်ဦး) လည်း ရန်ကုန်မြို့က အခြားအထက်တန်းကျောင်းသူတွေလိုဘဲ လှုပ်ရှားမှုထဲ ပါလာတယ်။ လူတိုင်းက လှုပ်ရှားမှုကို ထောက်ခံကြတာဖြစ်ပေမဲ့ အငယ်ဆုံးတွေကတော့ အရဲဆုံးဘဲ”ဟု ကြည့်မြင်တိုင် အစိုးရ အထက်တန်းကျောင်းအမှတ် ၁ မှ အသက်နှစ်ဆယ်ရှိ ကျောင်းသား မောင်ကျော်သူက ပြောပြသည်။

မဆလပါတီ အရေးပေါ်ညီလာခံ မစမီ ဇူလိုင်လ ၂၂ရက်တွင် လည်ပတ်ခွင့်ဗီဇာဖြင့် ခရစ်စတိုဖါဂါးနက် ရန်ကုန်သို့ရောက်လာခဲ့သည်။ သူသည် ဘီဘီစီအရှေ့ဖျားဋ္ဌာနမှ အရေးပေါ်ညီလာခံကို စောင့်ကြည့်သတင်းပို့ရန် စေလွှတ်ချက်ဖြင့် ရောက်လာခဲ့သည်။ ရန်ကုန်မြစ်နံဘေးရှိ ခေတ်ဟောင်းကိုလိုနီ အဆောက်အဦး ဖြစ်သော စထရင်းဟိုတယ်တွင် အခြေစိုက်ကာ ပေးအပ်သော တာဝန်ကို ပိုမိုအောင်မြင်စွာ ထမ်းဆောင်ခဲ့သည်။ မြန်မာပြည်၏ သတင်းစာများမှာ သတင်းဟူ၍ မယ်မယ်ရရ မပါ။ ယုံကြည်စိတ်ချမှု လည်းမပြုနိုင်။ ထို့အပြင် ပြည်ပစာနယ်ဇင်းများမှ ထုတ်ဝေသော စာစောင် များကိုလည်း ရရှိရန် မဖြစ်နိုင်ပေ။ မြန်မာပြည်သူလူထု အနေနှင့် နိုင်ငံခြား အသံလွှင့်ဋ္ဌာန များကို အားထားကြရသည်။ အထူးသဖြင့် BBC မြန်မာပိုင်းအစီအစဉ်ကို နားထောင်ကြသည်။ VOAအမေရိကန်အသံနှင့်AIRအောလ်အိန္ဒိယရေဒီယို တို့ကိုလည်းနားထောင်ကြသည်။

သို့သော် ခရစ်တိုဖါဂါးနက် ရန်ကုန်သို့ရောက်လာသော အချိန်ထိ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်သည် ဗြိတိန်နိုင်ငံ သတင်းနှင့် မြန်မာသတင်း တို့ကို ရောထွေးအသံလွှင့်ခဲ့ပြီး ဝိဝါဒဖြစ်စရာ သတင်းများကို ရှောင်ရှားခဲ့သည်။ သတင်းဖတ်သူများမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြပြီး ၎င်းတို့ မိသားစုများ မြန်မာပြည်တွင် ရှိနေကြ သောကြောင့် ဖြစ်သည်။ ထိုအစဉ်အလာကို ခရစ်စတိုဖါဂါးနက် က လုံးဝပြောင်းလဲကာ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ကို လူကြိုက်များစေခဲ့သည်။ မြန်မာပြည်သူတို့အတွက် တစ်ခုတည်းသော သတင်းအမှန် ရနိုင်စရာလမ်းမြင်ခဲ့သည်။

“ကျွန်တော်ရောက်တဲ့အချိန်မှာ ဗမာပြည် အခြေအနေဟာ အင်မတန်မှ ခက်ထန်နေတယ်။ လူတွေဟာ အလွန်ဒေါသ ထွက်နေကြပြီး အခံအရပ်နိုင် ဖြစ်နေကြတယ်။ ပွဲမပြီးသေးဘူးဆိုတဲ့ ခံစားချက်တွေ ရှိနေကြတယ်။ တစ်ခုခုပေါက်ကွဲတော့မယ်ဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။ ဆိုးဆိုးဝါးဝါး ဖြစ်လာတော့မယ် ဆိုတာကိုလည်း ခံစားနေရတယ်။ ကျွန်တော် ကြားရတာ၊ မြင်ရတာတွေကြောင့် ကျွန်တော်အလွန်စိတ်ဓာတ်ကျခဲ့တယ်” ဟု ခရစ်စတိုဖါဂါးနက်က ပြန်ပြောပြသည်။

ခရစ်စတိုဖါဂါးနက်သည် ဒေသခံ အဆက်အသွယ်များမှ တစ်ဆင့် အတိုက်အခံများနှင့် အဆက်အသွယ်ရခဲ့သည်။ တစ်ညတွင် သူ့အား ဟိုတယ်ရှေ့မှ ကားတစ်စီးဖြင့် မြို့စွန်ဘက်ရှိ အိမ်ငယ် တစ်ခုစီသို့ ခေါ်သွားခဲ့သည်။ ထိုနေရာမှ နောက်ကားတစ်စီးပြောင်းကာလျှို့ဝှက်နေရာများသို့ ခေါ်သွားခဲ့ပြန်သည်။ ထို့နောက် တတိယအကြိမ် ကားပြောင်းစီးကာ မြို့ပြင် လုံခြုံစိတ်ချရသော အိမ်တစ်အိမ် သို့ရောက်လာခဲ့သည်။ ထိုအိမ်၌ အသံသွင်းယူခဲ့သော အမေးအဖြေသည် နောင်တွင် မြန်မာပြည်သူလူထုအား တုန်လှုပ်ခြောက်ခြားသွားစေခဲ့ပြီးအလွန်အမင်း ဒေါသထွက်စေခဲ့သည်။ ကျောင်းသားအချို့က ၎င်းတို့ အင်းစိန်ထောင်တွင် ညှဉ်းပန်းနှိပ်စက် အရိုက်ခံခဲ့ရပုံများနှင့် မိန်းခလေးတစ်ဦးက တည်ငြိမ်ပြတ်သားသော အသံဖြင့် အဖမ်းအဆီးခံရစဉ် သူမအားလုံထိန်းများ မုဒိန်းကျင့်ခဲ့ကြကြောင်းကို ရင်ဖွင့်ခဲ့သည်။

ခရစ်စတိုဖါဂါးနက်သည် အခြားအဆက်အသွယ်များ အကူအညီဖြင့် စစ်အရာရှိ တစ်ဦးနှင့်လည်း အမေးအဖြေပြုလုပ်ခဲ့သည်။ ထိုစစ်ဗိုလ်မှာ ထိုင်းနယ်စပ်ရှိ ကရင်စစ်မျက်နှာမှ ပြန်လာခါစ ဖြစ်သည်။ မြန်မာ့အသံနှင့် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတို့မှ ကြေညာလေ့ရှိသော ကြီးကျယ်သည့် အောင်ပွဲသတင်းများနှင့် ယင်း စစ်ဗိုလ်၏ ပြောပြချက်တို့မှာ ဆီနှင့်ရေ ကွာခြားလှသည်။ ထိုစစ်အရာရှိ၏ ပြောပြချက်အရ သူ၏ စစ်သားများသည် နယ်စပ်ဒေသတို့တွင် ငှက်ဖျားကြောင့်၎င်း တိုက်ပွဲတွင် ကျဆုံး၍၎င်း အတုံးအရုန်း သေဆုံးနေကြရသည်ဟုဆို၏။

“ကျွန်တော်တို့ဟာ ရန်သူ(တိုင်းရင်းသားသူပုန်များကိုများ)ကိုမလွဲမရှောင်သာမှ ရင်ဆိုင်တိုက်ခိုက်ကြတယ်။ ဆန်၊ ဆေးဝါးဆိုလို့ လုံလုံလောက်လောက် တစ်ခါမှ မရှိဘူး။ ကျွန်တော်တို့ အနေနဲ့ အသက်ရှင်ရေး အတွက် ရုန်းကန်နေကြရတာပါ။ တပ်ထဲမှာ စိတ်ဓာတ်ကျတာ ကလည်း အရမ်း ပါဘဲ”

ခရစ်စတိုဖါဂါးနက်က “ဒါတွေဟာ မြန်မာပြည်သူတွေ အတွက် မဆန်းပါဘူး။ လူတိုင်း သိနေကြတာဘဲ။ ဒါပေမဲ့ ဘီဘီစီ ကနေ မြန်မာတွေ ကိုယ်တိုင်က ပြန်ပြောပြနေတော့ တကယ့်ကို ထူးထူးခြားခြား ဖြစ်နေတာ။ ပြည်သူတွေ တိုင်းသိပြည်သိ ဖွင့်ပြောပြတာဟာ ဒါ ပထမဆုံးအကြိမ်ဘဲ။ အဲ့ဒါဟာ မြန်မာပြည်သူတွေရဲ့ စိတ်ဓါတ်ကို မြင့်မြင့်မားမား မြှင့်တင်ပေးလိုက်တယ်လို့ ကျွန်တော်ထင်တယ်” ဟု ပြန်ပြောပြသည်။

ခရစ်စတိုဖါဂါးနက်နှင့် အမေးအဖြေပြုလုပ်ခဲ့သော ကျောင်းသားတစ်ဦးမှာ ကွက်ကျော်မြင်တတ်ပြီး၎င်းတို့၏ ကျောင်းသားလှုပ်ရှားမှုကြီးက
နေ့ကြီးရက်ကြီးဖြစ်သော သြဂုတ်လ ၈ရက်(၈-၈-၈၈) နေ့တွင် တစ်ပြည်လုံးအထွေထွေသပိတ်မှောက်ကြရန် စီစဉ် တိုက်တွန်း ထားကြောင်းကို ကြေညာခဲ့သည်။ လူကြိုက်များသည့် လစဉ်ထုတ်ချယ်ရီမဂ္ဂဇင်းတွင်ကာတွန်းဆရာတစ်ဦး၏ လေဘာတီ(လွတ်မြောက်ရေးအမျိုးသမီးတစ်ဦး) က သံကြိုးကို ၈လေးလုံးပေါ်လွင်အောင် ဖြတ်တောက် နေသည့် ပုံအား ဖော်ပြခဲ့သည်။ ထိုသတင်းမှာ လေလှိုင်းမှ တစ်ဆင့် နိုင်ငံအဝှမ်းပျံ့နှံ့ခဲ့ပြီဖြစ်ရာဝမ်းပန်းတသာသြဘာသံတို့ဖြင့် မြူးမြူးကြွကြွ
ဖြစ်နေကြလေတော့သည်။ အစိုးရကို ဆန့်ကျင် ပုန်ကန်ကြစို့။


* * * * *

သြဂုတ်၁ရက်နေ့တွင် မြေအောက် ကျောင်းသား အဖွဲ့အစည်းဖြစ်သော ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ(ဗကသ)သည် အထွေထွေ သပိတ်ကြီးအတွက် လှုံ့ဆော်ရေးစာစောင်များကို စတင်ဖြန့်ဝေတော့သည်။ ထိုသဝဏ်လွှာများတွင် “မင်းကိုနိုင်” ဟု လက်မှတ်ထိုးထားသည်။ သတင်းစကားများအရ ထိုလက်မှတ်သည် ထိပ်သီးကျောင်းသားခေါင်းဆောင် ၆ဦးကော်မတီကို ကိုယ်စားပြုသည်ဟု ဆို၏။ ကျောင်းသားများသည် လက်ဘက်ရည်ဆိုင်များ ကားမှတ်တိုင်များတွင် ရုတ်တရက်ပေါ်လာကြပြီး စာရွက်စာတမ်းများ ဖြန့်ဝေကာ ချက်ချင်း လူအုပ်ကြား၌ ပျောက်ကွယ် သွားကြသည်။ တစ်ချို့ စာတမ်းများမှာ အုန်းခွံရောင် စက္ကူကြမ်းတွင် ရိုက်နှိပ်ထားပြီး တစ်ချို့မှာ လက်ရေးမူများဖြစ်ကြသည်။ သြဂုတ်လ ၂ရက်နေ့တွင် ဘုန်းတော်ကြီးများသည် ကျောင်းသားများနှင့် ရွှေတိဂုံဘုရားတွင် စုဝေးကြပြီး မဆလအစိုးရကို ဆန့်ကျင် သပိတ်မှောက် ကြရန် ပြင်းထန်စွာ ဟောပြောခဲ့ကြသည်။ ထိုအချိန်မှာ ဗြိတိသျှအုပ်ချုပ်ရေး ကျဆုံးမှုကို အစပျိုးခဲ့သော ၁၉၃၈ခုနှစ် (၁၃၀၀ပြည့်) အရေးတော်ပုံ၏ အနှစ် ၅၀မြောက် အထိမ်းအမှတ် ဖြစ်ကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လူသိရှင်ကြား ဖေါ်ထုတ်လာကြသည်။

ယင်းသို့ နိုင်ငံတစ်ဝှမ်းလုံး၌ ဖြစ်ပေါ်နေသော လူထုလှုပ်ရှားမှုအပေါ် အစိုးရ၏ တရားဝင်တုန့်ပြန်ချက်တို့တွင် ထုံးစံအတိုင်း အလိမ်အညာများနှင့် မမှန်သတင်းများသာပါရှိလေသည်။ ယင်းဝါဆိုလပြည့်နေ့ အဖြစ်အပျက်တို့ကို သြဂုတ်လ ၃ရက်နေ့ ထုတ် လုပ်သားပြည်သူ့နေ့စဉ် (အင်္ဂလိပ်)တွင် “ရွှေတိဂုံရင်ပြင်ပေါ်၌ ကျောင်းသားလူငယ်များ၏ ညစ်ညမ်းသော အပြုအမူ” ဟူသည့် ခေါင်းစီးအောက်တွင် ခေတ်ဟောင်း အင်္ဂလိပ်စာအသုံးအနှုန်းများဖြင့် ဤသို့ပရမ်းပတာ ရေးသားထားသည်။

“ထိုကျောင်းသားလူငယ်များသည် စာရွက်စာတမ်းများကို စေတီရင်ပြင်တွင် ကပ်ခြင်း၊ ရဟန်းသံဃာတော်များအား အစိုးရဆန့်ကျင်ရေးတရားဟောရန် တိုက်တွန်းခြင်း၊ နယ်လှည့်နိုင်ငံခြားသားများကို မမှန်သတင်းပေးခြင်း၊ ဓာတ်ပုံအရိုက်ခံခြင်း၊ ဘုရားကြည်ညိုရန် ရောက်ရှိလာကြသော လုပ်သားပြည်သူတို့အား ကိုယ်ထိလက်ရောက်စော်ကားခြင်းစသော အပြုအမူတို့ကို ဆက်လက်လုပ်ဆောင်နေကြသည်။ထို့အပြင် ယမန်နေ့ ညနေ ၅နာရီခန့်တွင် ၎င်းတို့သည် ရွှေတိဂုံစေတီပေါ်မှ ပစ္စယံအလှူငွေသေတ္တာကို ရိုက်ချိုးဖွင့်ယူပြီး အလှူငွေများကိုလည်း ယူဆောင်သွားကြသည်။ ယင်းမသမာသူများသည် လူအင်အား ၁၀၀၊ ၂၀၀ခန့် ဖြစ်လာသောအခါ စေတီရင်ပြင်တော် တဝိုက်တွင် ခွပ်ဒေါင်းအလံ တစ်ခုကို ကိုင်ဆောင်ပြီး စီတန်း အော်ဟစ် လှည့်လည် ကြသည်ကိုလည်း တွေ့မြင်ရသည်။ ယင်းကျောင်းသား လူငယ်များမှာ ဖျားယောင်း သွေးဆောင်လွယ်သော အရွယ်များ ဖြစ်ကြပြီး အဖျက်သမားတို့၏ ခိုင်းစေမှုကြောင့် ဤသို့ ပြုမူနေကြခြင်း ဖြစ်ကြောင်း၊ မလိုလားအပ်သော နှောက်ယှက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ထို့ကြောင့် မိဘဆရာများ အနေဖြင့် ၎င်းတို့၏ သားသမီး တပည့်တို့ကို လမ်းမှားသို့ မရောက်စေရန် ကြပ်ကြပ်မတ်မတ် ထိန်းကွပ်ပေးရန် လိုအပ်ကြောင်း”

“ကျွန်မတို့ ဒီလိုပေါက်ကရရေးထားတာတွေ ဖတ်ရတော့ ဒါတွေ တော်လောက်ပြီလို့ ပြောကြတယ်။ အဲဒီနေ့မှာဘဲ တက္ကသိုလ်နဲ့ အထက်တန်းကျောင်းသူကျောင်းသား တစ်သောင်းကျော်ဟာ မြို့တော်ခမ်းမအနားမှာ ရှိတဲ့ ဆူးလေဘုရားကို ချီတက်ခဲ့ကြတယ်။ ရန်ကုန်မြို့လယ်ကို ဆန္ဒပြပွဲတွေ ပြန့်သွားတာဟာ တကယ်တော့ ပုလိပ်တွေရဲ့ အမှားကြောင့်ဘဲ။ သူတို့က ရွှေတိဂုံဘုရားလို လမ်းပိတ်ဆို့လိုက်တော့ သွားစရာဆိုလို့ ဆူးလေဘုရားဘဲ ရှိတော့တယ်” ဟု ရန်ကုန်ဆေးကျောင်းသူတစ်ဦး ဖြစ်သူ အသက် ၂၃နှစ်ရှိ မဝါဝါက ပြောပြခဲ့သည်။

သြဂုတ်လ ၃ရက်နေ့ ဆန္ဒပြပွဲတွင် ချီတက်သူ တစ်သောင်းခန့်ရှိလာပြီး ထိုချိန်ထိ ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများအနက် အကြီးမားဆုံးဖြစ်သည်။ ထောက်ခံအားပေးမှုများ နေရာအနှံ့ပေါ်လာသည်။ လူများမှာ ပြူတင်းပေါက်များ ဝရမ်တာများမှ နေ၍ လက်ခုပ်တီး သြဘာပေးကြသည်။ ချီတက်သူများအား ဈေးဆိုင်များက မုန့်ပဲသရေစာနှင့် ဆေးလိပ်များကို ဝေငှကြသည်။ တစ်ချို့ဆိုလျှင် ဆန္ဒပြပွဲထဲသို့ ပါဝင်လာကြသည်။ တစ်ချို့မှာ မွန်းလွဲပိုင်း နေရှိန်အောက်တွင် ဆန္ဒပြသူများ သက်တောင့်သက်သာ ဖြစ်စေရန် လက်ကိုင်ပုဝါများ ရေများ ကမ်းပေးကြသည်။ လူတန်းရှည်ကြီးမှာ ပွဲလမ်းသဘင်သို့သွားသည့်နှယ် --၊ မြို့တော်ခန်းမ အနီးတဝိုက်တွင် တာဝန်ကျနေသော ပုလိပ်များ၊ စစ်သားများမှာ လမ်းမတလျှောက် သံချပ်ထိုး၍ ကခုန်မြူးတူးနေကြသော ဆန္ဒပြလူငယ်များကို အတားအဆီး မပြုကြချေ။

“ဘဲဥတစ်လုံး နှစ်ကျပ်ခွဲ စိန်လွင်ခေါင်းကိုခွဲ”

“ဆန်တစ်ပြည် ဆယ့်ခြောက်ကျပ် စိန်လွင်ခေါင်းကိုဖြတ်”

ကာရံညီသော သံချပ်ဖြစ်ပြီး အတိုင်အဖောက် ညီသည်သာမက အခြေခံ စားကုန်များ၏ ကုန်ဈေးနှုန်း တိုးတက်နေမှုကိုပါ ထိထိမိမိ ဖေါ်ပြထား၍ လူမုန်းများသော သားသတ်သမားစိန်လွင်ကိုလည်း ပြောင်လှောင်ထားကြသည်။ ပရိတ်သတ်မှာ အော်ဟစ်ကာ လက်ခုပ်တီး သြဘာပေးကြသည်။ ယခင်က ဆန်ဈေးတစ်ပြည်၉ကျပ် ရှိခဲ့ရာမှ ဇွန်လ ညမထွက်ရအမိန့်ထုတ်ပြီးနောက် ဇူလိုင်လတွင် ၁၂ကျပ် ဖြစ်လာခဲ့ပြီး ၁၆ကျပ်ထိ ဖြစ်လာခဲ့သည်။
“လူတွေဟာ အင်မတန်ကျေနပ်နေကြပြီး ဂုဏ်ယူနေကြတယ်။ ကျွန်မတို့ လူစုခွဲကြတော့ မနက်ဖြန် ဆူးလေဘုရားမှာ ထပ်ဆုံကြစို့လို့ အချင်းချင်းပြောကြတယ်” ဟု မဝါဝါက ပြောပြသည်။

ထိုညတွင် မြန်မာ့အသံမှ သတင်းဖတ်သူသည် ဦးစိန်လွင်နှင့် ဗိုလ်ချုပ်ကြီး စောမောင်တို့ အသီးသီး လက်မှတ်ရေးထိုးထားကြသော ကြေညာချက် နှစ်စောင်ကို ဖတ်ကြားခဲ့သည်။ ရန်ကုန်မြို့တွင် မာရှယ်လော(စစ်ဥပဒေ)ကို ကြေညာလိုက်သည်။ ယင်းသို့ ကယောင်ချောက်ချား လုပ်ကိုင်မှုမှာ ပြည်သူများ ကြောက်ရွံ့တုန်လှုပ်မှု မဖြစ်စေသည့်အပြင် ပိုမို ဒေါသထွက်စေခြင်းနှင့် အစိုးရအား ဆန့်ကျင်ရန် ပိုမိုခိုင်မာသော ဆုံးဖြတ်ချက်ကိုသာ ဖြစ်ပေါ်စေခဲ့သည်။

နောက်ပိုင်းရက်များတွင် ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားခဲ့သော်လည်း ၃ရက်နေ့က ကဲ့သို့ လူမများခဲ့ချေ။ အထွေထွေသပိတ်ကြီး ဆင်နွဲရန် ပြင်ဆင်နေချိန် မီးတောက်မငြိမ်းပဲ လောင်ကျွမ်းနေစေရန် မီးထိုးထားခြင်းဖြစ်ဟန်တူသည်။ မြို့အတွင်း နေရာအနှံ့တွင် အစည်းအဝေးပွဲများ ကျင်းပကြသည်။ ရန်ကင်းမြို့နယ်တွင် လူရွှင်တော်-ဇာဂနာ ဟု လူသိများသော အသက် ၂၉နှစ်ရှိ သွားဆရာဝန် ကိုသူရသည် တစ်ပါတီစနစ်နှင့် အုပ်ချုပ်သူ လူတန်းစားတို့ကို သရော်ထားသော ထိမိလှသည့် ပျက်လုံးများဖြင့် လူထုအားဖျော်ဖြေခဲ့သည်။

အစိုးရဆန့်ကျင်လှုပ်ရှားမှုများသည် မြန်မာပြည်အထက်ပိုင်းသို့ ပြန့်နှံ့လာခဲ့သည်။ ပဲခူး၊ သနပ်ပင်နှင့် ရေနံချောင်းမြို့များတွင် သြဂုတ်လ ၆ရက် နေ့ လူထုအုံကြွမှုများကြောင့် ပုလိပ်တို့က ဆန္ဒပြသူများကို ပစ်ခတ်ခဲ့ပြီး ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့သည်။ သို့သော် ထိုအမိန့်သည် ပြည့်ကြပ်နေသော ရထား၊ ဘတ်စ်ကား၊ လော်ရီကား၊ ကိုယ်ပိုင်ကားများဖြင့် ရန်ကုန်မြို့သို့ ထွက်လာခဲ့သော လူထုကြီးကို မဟန့်တားနိုင်ခဲ့ပေ။
ထောင်နှင့် ချီသော အုပ်စုများသည် တစ်သုတ်ပြီးတစ်သုတ် မြန်မာနိုင်ငံတော် အလံဟောင်းနှင့်ခွပ်ဒေါင်းအလံကိုလွင့်ထူကာ ကြွေးကြော်သံများ အော်ဟစ်၍ မြို့တွင်းသို့ဝင်ရောက်လာကြသည်။ ၎င်းတို့သည် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ဆေးရုံကြီးအပြင်ဘက်နှင့် ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံတို့တွင် စခန်းချကြသည်။

တစ်နိုင်ငံလုံး ၈-၈-၈၈ နေ့ အတွက် အားဖြည့် နေကြသည်။ ဇူလိုင်လ ၂၉ရက်တွင် ခရစ်စတိုဖါဂါးနက်မှာ သူ၏ ၇ရက် ဗီဇာ ကုန်ဆုံးသောကြောင့် မြန်မာပြည်မှ ထွက်ခွာခဲ့သည်။ သို့သော် ဘင်္ဂလားဒေရှ့်နိုင်ငံ ဒက္ကာမြို့မှ နေ၍ သတင်းများ ဆက်လက် ပို့နေခဲ့သည်။ အခြား သတင်းစာဆရာများစွာ မှာလည်း ဘန်ကောက်မြို့သို့ရောက်ရှိလာပြီး ကမ္ဘာလှည့်ခရီးသည် ဟန်ဆောင်ကာ မြန်မာသံရုံးမှ ဗီဇာယူ၍ တစ်ပတ် သုံးကြိမ်ရှိသော ထိုင်းနိုင်ငံတကာလေကြောင်းဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာကြသည်။

ခြင်ပေါပြီး ဟောင်းနွမ်းသော စထရမ်းဟော်တယ်၏ အခန်းများမှာလည်း ပြည့်သွားခဲ့သည်။ ဗြိတိသျှကို ထွက်သွားခဲ့သည်မှ နှစ်ပေါင်း ၄၀ကျော် ခဲ့ပြီဖြစ်သော်လည်း ဟော်တယ်၌ အုတ်ကို နံနက်စာ အဖြစ်နှင့် သခွားသီး ညှပ် ပေါင်မုန့်ကို နေ့လည် လက်ဘက်ရည် သောက်ချိန်တွင် ယနေ့တိုင် ကျွေးလျက် ရှိသည်။ ယခင်က အလုပ် မများသော ဟော်တယ် အမှုထမ်းများမှာ ယခုအခါ အသွင်ထူးသော ကမ္ဘာလှည့် ခရီးသည်များအတွက် အမှုထမ်းရင်း အလုပ်ရှုပ်နေကြသည်။ ခရီးသည် အားလုံးမှာ မှတ်စုစာအုပ်၊ ကင်မရာ၊ အိတ်ဆောင၊် တိတ်ရီကော်ဒါများကို သယ်ဆောင်လာ ကြသည်။ ၎င်းတို့သည် ဟိုတယ်ရှိ တယ်လီဖုံးနှင့် ကြေးနန်းကို အလုအယက် သုံးကာ ဝင်ရောက်ရန် ခက်ခဲလှသော မြန်မာပြည်သို့ အမှန်တကယ် ရောက်ရှိလာကြပြီး ဖြစ်ကြောင်း ၎င်းတို့၏ အယ်ဒီတာထံသို့ သတင်းပို့ ကြသည်။ လူတိုင်းမှာ အထွေထွေ သပိတ်ကြီးကို မျှော်လင့် စောင့်စား နေကြသည်။


* * * * *

ဘန်ကောက်မြို့နေ ဗုဒ္ဓစာပေလေ့လာသူ ပီတာကောနားဒ် (Peter Conard)မှာ စထရင်း ဟော်တယ်ရှိ သတင်းစာ ဆရာအုပ်စုမှ မဟုတ်သော်လည်း ထို အချိန်တွင် ရန်ကုန်မြို့၌ ရှိနေခဲ့သည်။ သူသည် ပို၍ မြို့လယ် ကျသော ဆူးလေဘုရားလမ်းမှ ဂုဏ်ရုပ်ရှင်ရုံ အနီးရှိ ဒဂုံ ဟိုတယ်တွင် နေထိုင်ခဲ့သည်။
“၉ နာရီမထိုးခင်လောက်မှာ ကျွန်တော့် ဟိုတယ်ခန်း ဝရမ်ဒါမှာ ရပ်နေတယ်။

ကျွန်တော်တွေ့လိုက်ရတာက မျက်နှာဖုံး စွပ်ထားတဲ့ လူငယ်တစ်ချို့ စက်ဘီး ကိုယ်စီနှင့် လူသူမရှိတဲ့ လမ်းမကြီး ပေါ် ဖြတ်သွားပြီး ပါးစပ်က မြန်မာလို တစ်ခုခု အော်သွားတယ်။ ဆန္ဒပြသူတွေ ချီတက်လာကြတော့မယ်လို့ အော်သွားတာဖြစ်မယ်။ အဲဒီနောက် မကြာခင် ကျောင်းသားတစ်ချို့ ရောက်လာကြပြီး စစ်သားတွေလို ဘေးနှစ်ဘက်ကနေ လက်ချင်းချိတ် ကာထားကြတယ်။ တစ်ချို့ ကျွန်တော့်ကို ပြောတာကတော့ စစ်သားတွေကို အကြမ်းဖက်မှာ စိုးလို့ ကျောင်းသားတွေက ကာကွယ်ပေးထားကြတာလို့ ပြောတယ်။ ပြီးတော့ ပထမအသုတ် ချီတက်သူတွေ ရောက်လာကြတယ်။ များပြားလှတဲ့ လူအုပ်ကြီးဟာ အလံတွေ၊ နဖူးစီး စာတန်းတွေကို လွင့်ထူရင်း ဆူးလေ ဘုရားလမ်းမှာ ရှိတဲ့ မီးရထားကုန်းကျော်တံတားကို ဖြတ်ပြီး မြို့လယ်ဘက်ကို ဦးတည်လာတာ တွေ့ရတယ်။ ထောင်ချီတဲ့ အဲဒီလူအုပ်ကြီး ဟာ လက်သီး လက်မောင်းတန်းပြီးအစိုးရဆန့်ကျင်ရေး ကြွေးကြော်သံတွေကို အော်ဟစ်လာ
ကြတယ်။ ပြည်သူတွေဟာ အိမ်ထဲကနေ ထွက်လာကြပြီး ဆန္ဒပြသူတွေကို သြဘာပေးကြတယ်။”

ချက်ချင်းပင် ချီတက်သူများ အဖက်ဖက်မှ ပေါ်ထွက်လာခဲ့သည်။ သူတို့သည် မြို့တော် ခန်းမနှင့် အနီးရှိ ဗန္ဓုလ ပန်းခြံသို့ ဦးတည်နေကြသည်။ ထိုအထဲတွင် လူကြီး လူငယ်၊ မိန်းမ၊ ကလေး အရွယ်စုံ ပါဝင်ကြပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ အပြင် အိန္ဒိယ၊ တရုတ်လူမျိုးတို့လည်း ပါဝင်ကြသည်။ သူတို့သည် အလံများ၊ နဖူးစီးစာတန်းများနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကိုလည်း ကိုင်ဆောင်လာကြသည်။ထိုအုပ်စုထဲတွင် ထူးထူးခြားခြား တွေ့မြင်လိုက်ရသည်မှာ စည်းကမ်းတကျ ချီတက်လာနေကြသော ဘုန်းတော်ကြီးများပင် ဖြစ်သည်။ သပိတ်များကို မှောက်၍ ကိုင်ဆောင်ထားကြပြီး ပြည်လုံးကျွတ် သပိတ်မှောက်ခြင်းကို ဖော်ပြနေသည်။

နာရီပိုင်းအတွင်း မြို့လယ်တစ်ခုလုံး ထောင်သောင်းမကသော ပြည်သူများနှင့် ပြည့်သွားခဲ့သည်။ ပတ်ဝန်းကျင်ရှိ အိမ်များမှ အိမ်ခေါင်မိုးပေါ်သို့ပင် တက်၍ကြည့်ရှု ကြသည်။ မြို့တော်ခန်းမ ရှေ့တွင် ဖြစ်သလို ဆောက်ထားသော စင်မြင့် ၁၀ခုပေါ်သို့ တစ်ဦးပြီး တစ်ဦး တက်ကာ အစိုးရကို ရှုတ်ချ ပြောဆိုခဲ့ကြသည်။ ထိုနေ့မှာ သာယာသောနေ့ ဖြစ်သည်။

“ ဒီမိုကရေစီ ချက်ချင်းပေး”
“မဆလ အစိုးရ ကျဆုံးပါစေ”
“စိန်လွင် အလိုမရှိ”
“ဦးအောင်ကြီး နှင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေး”

စသည့် ကြွေးကြော်သံများကို ထောင်သောင်းမကသော ဆန္ဒပြသူများက သံပြိုင်ဟစ်အောင် နေကြသည်။ လမ်းဘေး ဆိုင်များ ကလည်း ဆန္ဒပြသူများအား ဆေးလိပ်၊ သကြားလုံး ပေါင်မုန့်များကို ပေးကြသည်။ လူတစ်ချို့မှာ ငွေစက္ကူ အထပ်လိုက် ကိုင်ထားကြပြီး စည်းရုံးရေးမှူးဟု ထင်ရသူ လက်ထဲသို့ ထိုးပေးကြသည်။ နိုင်ငံခြား သတင်းထောက်များက ဓာတ်ပုံ ရိုက်ရန် ပြင်လိုက်တိုင်း ပရိတ်သတ်၏ လက်ခုပ်သြဘာပေးခြင်းကို ခံရသည်။

ဆန္ဒပြသူများက အင်္ဂလိပ်ပိုစတာ ကပ်ပြားများကို အလိုက်သင့် လှည့်ပေးပြီး အင်္ဂလိပ်လို အော်ဟစ် ကြွေးကြော်ကြသည်။ “ မြန်မာပြည်သူတွေဟာ ရက်စက် ကြမ်းကြုတ်တဲ့ အုပ်ချုပ်သူတွေကို ဆန့်ကျင် တိုက်ခိုက်နေပြီ ဆိုတာ ကမ္ဘာကို အသိပေးကြပါ။ ဒီမိုကရေစီဟာ ကျွန်တော်တို့ရဲ့ လိုလားချက်ဖြစ်တယ်။ နိုင်ငံခြား သတင်းစာဆရာများကို ကြိုဆိုပါတယ်။” နိုင်ငံခြား သတင်းထောက် အတော်များများမှာ “ ခင်ဗျား ခရစ်စတိုဖာဂါးနက်လား”ဟု အမေးခံကြရသည်။
ကိုလင်းမှာ ထိုနေ့တွင် ဆန္ဒပြခဲ့သည့် သိန်းချီ သော လူထုထဲမှ တစ်ဦးဖြစ်သည်။

“ဒီဆန္ဒပြသူတွေထဲမှာ ဗဟို အဖွဲ့အစည်းဆိုတာ မရှိခဲ့ဖူး။ ကျွန်တော်တို့ သဘောသူညီချက် ဆိုလို့ အခြေခံအကြောင်းအချက် တစ်ချို့ဘဲ ရှိတယ်။ အဓိက အချက်က ချီတက်တဲ့ စစ်ကြောင်းတိုင်းဟာ မြို့တော်ခန်းမရှေ့ မှာ ဆုံကြမယ် ဆိုတာပဲ ဖြစ်တယ်။ ၇ရက်နေ့ညက ကျွန်တော်တို့ ရန်ကင်း လက်ဘက်ရည်ဆိုင် တစ်ခုမှာ ဆုံတွေ့ကြပြီး အစီအစဉ်တွေ ချခဲ့ကြတယ်။ အဲလို အစည်းအဝေးမျိုး ရန်ကုန်မြို့နယ်တိုင်းလိုလိုမှာ လုပ်ကြတယ်။”




မူရင်း-ဘာတီးလင့်တနာ Bertil Lintner- "Outrage Burma struggle for Democracy" first Burmese edition published in the UK in 1990 by Peacock press, Edinburgh. Scotland စာအုပ်ကို စံဝင်းမောင် နှင့် မင်းမျိုးနိုင် တို့ ဘာသာပြန်ထားသော “ဒေါမာန်ဟုန်- ဗမာပြည် ဒီမိုကရေစီတိုက်ပွဲ” အခန်း(၄) “သားသတ်သမား” ကို မူရင်းအတိုင်း မျှဝေပါသည်။

သားသတ်သမား - အပိုင်း (၂) အား ဆက်လက် ဖတ်ရှုပါရန်။
လေးစားစွာဖြင့်
Kyaw Naing
July/18/2013

No comments: