မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
လူမျိုးသုဉ်း သတ်ဖြတ်နေသည် ဆိုသော စွပ်စွဲချက်များသည် အပုပ်ချ လှုံ့ဆော်မှုသာ ဖြစ်ကြောင်း ပြင်သစ်ရုပ်သံသို့ သမ္မတ ဦးသိန်းစိန် ပြောကြား
Saturday, July 20, 2013
ရိုဟင်ဂျာများကို လူမျိုးသုဉ်း သတ်ဖြတ်နေသည်ဟူသော စွပ်စွဲချက်သည်
မြန်မာအစိုးရအဖွဲ့ကို ''အပုပ်ချလှုံ့ဆော်မှု'' ၏ တစ်စိတ်တစ်ပိုင်း
ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ဇူလိုင် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံ၊ ပါရီမြို့သို့ သွားရောက်ခဲ့သော သမ္မတ ဦးသိန်းစိန်က
လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်များအတွက် အစိုးရအဖွဲ့တွင်
အပြစ်မရှိကြောင်း ပြင်သစ်ရုပ်သံ France 24 ကို ပြောကြားခဲ့သည်။
''ပြင်ပအဖွဲ့အစည်းတွေက သတင်းကို ပုံကြီးချဲ့၊ လုပ်ကြံနေကြတာပါ။
လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုတာ မရှိပါဘူး။ ဒါဟာ အစိုးရ အဖွဲ့ကို အပုပ်ချဖို့
လုပ်တာပါ။ ရခိုင်မှာ ဖြစ်ခဲ့တာက လူမျိုးသုဉ်း သတ်ဖြတ်မှု မဟုတ်ပါဘူး'' ဟု
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
မြန်မာအစိုးရသည်
ရိုဟင်ဂျာများကို လူမျိုးသုဉ်း သတ်ဖြတ်ရန် ဆောင်ရွက်နေကြောင်း Human Rights
Watch အဖွဲ့က ပြီးခဲ့သည့် ဧပြီလအတွင်းက စွပ်စွဲပြောကြားခဲ့သည်။
လူအမြောက်အမြား ရွှေ့ပြောင်းမှု၊ အစုအပြုံလိုက် မြှုပ်နှံထားမှု
အထောက်အထားများကို ကိုးကားကာ ယင်းအဖွဲ့က စွပ်စွဲပြောကြားခဲ့ခြင်း ဖြစ်သည်။
နယူးယောက် အခြေစိုက် HRW အဖွဲ့ကလည်း လူမှုရေး ခေါင်းဆောင်များနှင့်
ဗုဒ္ဓဘာသာ ဘုန်းကြီးများသည် အောက်တိုဘာလက ရခိုင်ပြည်နယ်တွင် အစိုးရ
လုံခြုံရေးတပ်ဖွဲ့များ ကျောထောက်နောက်ခံဖြင့် လူအုပ်များ စုစည်းကာ
အားပေးပြီး မွတ်စလင်များကို တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း
ပြောကြားခဲ့သည်။
ယမန်နှစ်က ဖြစ်ပွားခဲ့သော
ရခိုင်ပဋိပက္ခကြောင့် လူ ၂၀၀ ခန့် သေဆုံးခဲ့ပြီး လူ ၁၄၀၀၀၀ ခန့်အထိ
အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ မတ်လလည်း မြန်မာနိုင်ငံ အလယ်ပိုင်း
မိတ္ထီလာတွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များ ပဋိပက္ခကြောင့် ပြည်သူအချို့
သေဆုံးခဲ့သည်။
ဗြိတိန်နှင့် ပြင်သစ်သို့ သွားရောက်ခဲ့သော
သမ္မတဦးသိန်းစိန်က ယင်းပဋိပက္ခကို ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊
အာဏာပိုင်များသည် နောက်ထပ် အကြမ်းဖက်မှုများကို ကာကွယ်မှု
ဆောင်ရွက်ခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
''အစိုးရက ဒီလူမှုရေး
ပဋိပက္ဓကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အခြေအနေတွေက ပုံမှန် ပြန်ဖြစ်နေပါပြီ။
ကျွန်တော်တို့ အစိုးရက ဒီလူမျိုးရေး ပဋိက္ခရဲ့ အကြောင်းရင်းတွေကို
စုံစမ်းစစ်ဆေးဖို့ လွတ်လပ်တဲ့ ကော်မရှင် ဖွဲ့စည်းထားပါတယ်။ ဒီကော်မရှင်က
ထုတ်ပြန်ခဲ့တဲ့ ထောက်ခံတင်ပြချက် တွေကိုလည်း ကျွန်တော်တို့ အကောင်အထည်
ဖော်နေပါ တယ်'' ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
Eleven Media Group
No comments:
Post a Comment